
မြန်မာနိုင်ငံတွင်းမှ စစ်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည် ၇ သောင်းနီးပါးကို နေရပ်ပြန်ဖို့ ထိုင်းအစိုးရက ပန်ကြား တောင်းဆိုသွားမယ်လို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်မှာ မတ်လ ၂၄ ရက်နေ့က ဖော်ပြပါတယ်။
ဒါပေမယ့် သူတို့တွေထဲက မိမိနေရပ်ကို ပြန်လိုသူတွေကိုသာ ဆိုလိုတာဖြစ်ပြီး နေရပ်ပြန်ဖို့ အဆင်သင့်ဖြစ်နေသူတွေကို တဖြည်းဖြည်းပြန်ပို့သွားမယ်လို့ ထိုင်း တပ်မ ၃ ဒုတိယဗိုလ်ချုပ်ကြီး ဗီဆက်ခ် ဆီရိ ဘန်ဆော့ပ်က ပြောပါတယ်။
လက်ရှိပြုလုပ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေး ပွဲတွေဟာလည်း အောင်မြင်ဖို့ အလားအလာတွေရှိနေပြီး မြန်မာအစိုးရဘက်ကလည်း ဒီဒုက္ခသည်တွေအတွက် နေထိုင်ဖို့ နေရာတွေ ပြင်ဆင်ထားပြီးဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဒီအစီအစဉ်ကို ကုလသမဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)နဲ့ ထိုင်းနိုင်ငံအစိုးရတို့ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး နေရပ်ပြန်မယ့် ဒုက္ခသည်တွေရဲ့ လုံခြုံရေးကို အလေးထားဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
လက်ရှိ ထိုင်းနိုင်ငံ ဒုက္ခသည်စခန်း ၇ ခုမှာ မြန်မာဒုက္ခသည်ပေါင်း ၆၉၁၂၈ ယောက်ရှိနေတာဖြစ်ပြီး သူတို့ကို ထိုင်းတပ်မ ၃ ရဲ့ ကွပ်ကဲမှုအောက်မှာ ထားရှိတာပါ။











