
လှိုင်သာယာမြို့နယ်မှာ မဲစာရင်းသက်သေခံလက်မှတ်တွေ မသမာနည်းနဲ့ ထုတ်ယူမှုတွေ ရှိနေတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းက ပြောပါတယ်။ ပေးပို့ထားပါတယ်။
မဲပေးရာမှာ အခက်အခဲမဖြစ်စေဖို့ မဲစလစ်ခေါ် မဲစာရင်းသက်သေခံကတ်ပြားတွေကို ရပ်ကွက်ကော်မရှင်ရုံးတွေမှာ မသမာနည်းတွေနဲ့ ထုတ်ယူမှုတွေ ရှိနေတယ်လို့ လှိုင်သာယာမြို့နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမင်းက ပြောပါတယ်။
လူဦးရေထူထပ်ပြီး အခြေခံလူတန်းစား အများစုနေထိုင်တဲ့ လှိုင်သာယာမြို့နယ်မှာ မဲပေးပိုင်ခွင့်ရှိသူ လူဦးရေ ၃ သိန်း ၇ သောင်းကျော်ရှိပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမင်းက “အဲဒီလို မဲစနစ်တွေ ထုတ်ပေးတဲ့ နေရာမှာ ကော်မရှင်တွေအနေနဲ့ မဲပေးပိုင်ခွင့်ရှိတဲ့လူ၊ မဲပါတဲ့လူ ဟုတ်ရဲ့လားဆိုတာ စိစစ်ဖို့လိုပါတယ်။ အဲဒီလို မစိစစ်ဘဲနဲ့ မဲပိုင်ရှင်မဟုတ်တဲ့သူကို ထုတ်ပေးတာကို တွေ့ရပါတယ်။ အဲဒီလိုထုတ်ပေးတဲ့ အခါမှာလည်း ၁၉ ရပ်ကွက်မှာ ဒေးအေးအေးမော်က မတ် ၁၉ ရက်နေ့မှာပဲ သူ့မိသားစု မဲစာရင်းကို ထုတ်ပါတယ်။ နောက်တခါ မလဲ့လဲ့လွင်ပါ ၃ ဦးရဲ့ အမည်စာရင်း မဲစလစ်ကိုလည်း သူကထုတ်ပါတယ်။ သူထုတ်တဲ့အခါမှာ ကိုယ်စားထုတ်တာမဟုတ်ဘဲနဲ့ မလဲ့လဲ့လွင်ရဲ့ အမည်လက်မှတ်ကို အလွဲသုံးစားလုပ်ပါတယ်။ မလဲ့လဲ့လွင်ဆိုတဲ့ လက်မှတ်ကို အတုထိုးပြီးတော့ ထုတ်တာဟာ မဲစလစ်ကို လိမ်လည်ပြီး လာရောက်ထုတ်ယူတာပါ။ မရိုးသားတဲ့ သဘောသက်ရောက်ပါတယ်” လို့ ပြောပါတယ်။
အခုလို မသမာနည်းနဲ့ မဲစာရင်းသက်သေခံလက်မှတ်တွေ ထုတ်ယူနေတာနဲ့ပတ်သက်ပြီး မြို့နယ်ကော်မရှင်ရုံးက စစ်ဆေးကာ ခရိုင်ကော်မရှင်ရုံးထံ တင်ပြထားတယ်လို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ လှိုင်သာယာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းစိုးက “ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်တွေဟာ သူ့ရဲ့ အိမ်ထောင်စု၊ ဒီလူဟာ ရွေးကောက်မဲ ပုံစံစလစ် ထုတ်ပေးမယ့် အိမ်ထောင်စုဝင်လို့ ယူဆပြီးတော့ သဘောရိုးနဲ့ ပေးလိုက်တာဖြစ်သလို ဟိုဘက်က ထုတ်တဲ့ လူကလည်း ကူညီလိုချင်တဲ့ ဆန္ဒနဲ့ ပြောလာတဲ့ အနေအထားဖြစ်တာကြောင့် ချက်ချင်းပဲ ခရိုင်ကိုဆက်ပြီး တင်ပေးလိုက်ပါတယ်” လို့ ပြောပါတယ်။
၂၀၁၇ ဧပြီ ၁ ရက် ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းမှာ လစ်လပ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄ နေရာ၊ လစ်လပ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁ နေရာရှိရာ ပါတီ ၁၁ ခု၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၆ ဦး၊ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၃၃ ဦး ယှဉ်ပြိုင်မှာပါ။
ရန်ကုန်တိုင်းရှိ လစ်လပ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွေမှာ ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း၊ ကော့မှူး၊ လှိုင်သာယာတို့ဖြစ်ပြီး လစ်လပ်အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၆) မှာ ကမာ ရွတ်၊ ကြည့်မြင်တိုင်၊ ဆိပ်ကမ်း လသာ၊ လမ်းမတော်၊ လှိုင်၊ အလုံ စတဲ့ မြို့နယ်တွေ ပါဝင်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းအတွင်း မဲပေးခွင့်ရှိသူ စုစုပေါင်း ဆယ်သိန်းကျော်ရှိ ပါတယ်။











