ဓားထိုးခံရပြီး သေလုမြောပါးဖြစ်နေတဲ့ ဟင်နရီနိုဝက်ကို လက်ထိပ်ခတ်တာနဲ့ ပတ်သက်လို့ ဆောက်သမ်တန်မှာ လူရာပေါင်းများစွာ ဆန္ဒပြခဲ့ကြပါတယ်။
ဟင်နရီနိုဝက်ဆိုတဲ့ ကျောင်းသားဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဆောက်သမ်တန်မြို့မှာ ဓားထိုးခံရပြီး သေဆုံးခဲ့တာပါ။ သူ့ကိုသတ်ခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် ဆစ်ခ်လူမျိုး ဗစ်ရမ်ကလည်း ဇွန် ၁ ရက်က ထောင်ဒဏ်တသက် စီရင်ချက် ချမှတ်ခံခဲ့ရပါတယ်။
အခင်းဖြစ်ပွားတဲ့အချိန် ရဲတွေရောက်လာပေမဲ့ ဗစ်ရမ်က လူမျိုးရေးခွဲခြားလို့ ဓားနဲ့ထိုးခဲ့တယ်လို့ လိမ်လည်ပြောဆိုခဲ့တာပါ။
ရဲတပ်ဖွဲ့ကလည်း ဓားထိုးခံရလို့ သေလုမြောပါးလူငယ်ရဲ့ အသက်ရှူလို့မရတော့ဘူးလို့ ပြောဆိုတာကို မျက်ကွယ်ပြုပြီး လက်ထိပ်ခတ်ခဲ့တာပါ။
ရဲတပ်ဖွဲ့ရဲ့ ခန္ဓာကိုယ်မှာ တပ်ဆင်ထားတဲ့ ကင်မရာက အသံဖိုင်တွေ ထွက်ပေါ်လာပြီးတဲ့နောက်မှာ ရဲတပ်ဖွဲ့ကို ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် စတာမာ ကလည်း ရဲတပ်ဖွဲ့အပေါ် မေးခွန်းထုတ်စရာတွေ ရှိလာပြီလို့ မှတ်ချက်ပေးထားပါတယ်။
ဆန္ဒပြပွဲကို ဆောက်သမ်တန်မြို့ရှိ ဗဟိုရဲတပ်ဖွဲ့စခန်းရှေ့မှာ စတင်ခဲ့တာဖြစ်ပြီး အခင်းဖြစ်ပွားရာ နေရာကို ချီတက်ခဲ့ကြတာပါ။ အဲဒီမှာ ရဲတပ်ဖွဲ့နဲ့ ထိတွေ့မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
ဆန္ဒပြသူတွေက အုတ်ခဲတွေ၊ အမှိုက်ပုံး အပါအဝင် တခြားအရာဝတ္ထုတွေနဲ့လည်း ပစ်ပေါက်ခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့ကလည်း ငရုတ်ကောင်းစပရေးတွေ၊ ဒိုင်းတွေ သုံးခဲ့ကြပါတယ်။
“ငါအသက်ရှုလို့မရတော့ဘူး” ဆိုတဲ့ သံပြိုင်ကြွေးကြော်သံတွေနဲ့ ဆန္ဒပြသူ ရာပေါင်းများစွာက ဆန္ဒပြခဲ့ကြတာပါ။
အဲဒီအထဲမှာ လူဝင်မှုကြီးကြပ်ရေးဆန့်ကျင်မှု တက်ကြွလှုပ်ရှားသူ တွမ်မီရော်ဘင်ဆန်လည်း ပါဝင်ပါတယ်။
Source: Reuters










