DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် အမျိုးသား ၃ ယောက်မှာ ၁ ယောက်နှုန်း စီးကရက်သောက်သုံးနေ
DVB
·
March 24, 2017
မြန်မာနိုင်ငံတွင် အမျိုးသား ၃ ယောက်မှာ ၁ ယောက်နှုန်း စီးကရက်သောက်သုံးနေ
Donate to DVB

မြန်မာနိုင်ငံမှာ အမျိုးသား ၃ ယောက်မှာ  ၁ ယောက်၊  အမျိုးသမီး ၁၀၀ မှာ  ၂ ယောက်နှုန်းလောက်နဲ့ စီးကရက်သောက်သုံးကြတယ်လို့  အမေရိကန်နဲ့ မြန်မာပူးပေါင်းပြီး ထုတ်ပြန်တဲ့  ကျန်းမာရေး သုသေတန စစ်တမ်းမှာ ဖော်ပြပါတယ်။

မြန်မာကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) တို့ မတ် ၂၃ ရက်က  ပူးပေါင်းထုတ်ပြန်တဲ့ အားလုံးလွှမ်းခြုံတဲ့ နိုင်ငံတော် အဆင့်ကျန်းမာရေး စစ်တမ်းမှာ ဖော်ပြထားတာပါ။

စစ်တမ်းအရ အသက် ၁၅ နှစ်ကနေ ၄၉ နှစ်အကြား အမျိုးသမီးအများစုဟာ ဆေးလိပ်မသောက်ကြဘဲ ၂ ရာခိုင်နှုန်းလောက်သာ  စီးကရက်၊ ဆေးပေါ့လိပ်နဲ့ ဆေးတံသောက်ကြတယ်၊ အမျိုးသား ၃၂ ရာခိုင်နှုန်းကတော့  စီးကရက်သောက်ပြီး၊ ၁၄ ရာခိုင်နှုန်း ကတော့ ဆေးပြင်းလိပ်နဲ့ဆေးတံသောက်ကြတယ်လို့ဆိုပါတယ်။

တွေ့ဆုံမေးမြန်းချက်တွေအရ စီးကရက်သောက်တဲ့ အမျိုးသား ၆ ယောက်မှာ ၁ ယောက်က တရက်မှာ စီးကရက် ၁၀ လိပ်ကနေ အထက်သောက်သုံးကြတယ်လို့ ဆိုပါတယ်။

အမျိုးသားတွေထဲမှာ အသက် ၂၀ ကနေ ၂၉ နှစ်အကြား လူငယ်လူရွယ်တွေဟာ စီးကရက် အသောက်များတာတွေ့ရပြီး အသက်ကြီးပိုင်းဖြစ်တဲ့  အသက် ၄၀ကနေ ၄၉နှစ်အကြား အမျိုးသားတွေကတော့  ဆေးပေါ့လိပ်နဲ့ ဆေးတံအသောက်များတယ်လို့ ဆိုပါတယ်။

ကျေးလက်က အမျိုးသမီးတွေဟာ မြို့ပြက အမျိုးသမီးတွေထက် ဆေးလိပ်ပိုသောက်ကြပြီး မြို့ပြက အမျိုးသားတွေကတော့  ကျေးလက်က အမျိုးသားတွေထက် စီးကရက်ပိုသောက်ကြတယ်လို့  စစ်တမ်းကဆိုပါတယ်။

စီးကရက်သောက်တဲ့ အမျိုးသမီးသမီးတွေထဲမှာတော့  ကရင်ပြည်နယ်က ၁၀ အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်ကတော့ ဆေးပေါ့လိပ်နဲ့ ဆေးတံသောက်တဲ့ အမျိုးသမီးအရေအတွက် အများဆုံးဖြစ်ပါတယ်။ ချင်းပြည်နယ်က အမျိုးသမီးတွေကတော့ တခြားဆေးရွက်ကြီးထွက်ကုန်တွေ အသုံးပြုတာ အများဆုံးလို့ဆိုပါတယ်။

တနင်္သာရီတိုင်းက အမျိုးသားတွေဟာ စီးကရက်သောက်တာ အများဆုံးဖြစ်ပြီး ကရင်နဲ့ ရခိုင်ပြည်နယ်တွေက သူ့နောက်ကလိုက်ပါတယ်။ ဆေးပေါ့လိပ်သောက်တဲ့ အမျိုးသားတွေကတော့ ပဲခူးတိုင်းမှာ အများဆုံးဖြစ်ပါတယ်။

အမျိုးသမီးတွေဟာ ပညာတတ်ပြီး ချမ်းသာလာတာနဲ့အမျှ ကွမ်းစား၊ ဆေးလိပ်သောက်တာ လျော့နည်းကျဆင်းသွားတယ်လို့ စစ်တမ်းအရ သိရပါတယ်။

အမျိုးသားတွေကြားမှာတော့ ပညာပိုတတ်လာရင် ဆေးလိပ်သောက်တာ နည်းသွားပေမယ့် ပိုချမ်းသာလာရုံနဲ့ ဆေးလိပ်သောက်တာလျော့မသွားပဲ ကွမ်းအစားနည်းပါးသွားတယ်လို့ ဆိုပါတယ်။

ကွမ်းစားတာနဲ့ ပတ်သက်လို့တော့ မြန်မာနိုင်ငံမှာ အသက် ၁၅ နှစ်ကနေ ၄၉ နှစ်အကြား အမျိုးသား ၅၉ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၁၈ ရာခိုင်နှုန်းဟာ ကွမ်းစားကြတယ်၊ အမျိုးသမီး ၅ ယောက်မှာ ၁ ယောက်၊ အမျိုးသား ၅ ယောက်မှာ ၂ ယောက်ဟာ တရက်ကို ကွမ်းယာ ၁၀ ယာနဲ့ ၁၀ ယာအထက် စားကြတယ်လို့ လေ့လာချက်အရသိရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက ၂၀၁၅ ဒီဇင်ဘာလမှ ၂၀၁၆ ဇူလိုင်လအတွင်းမှာ မြန်မာပြည်အနှံ့က အသက် ၁၅ နှစ်ကနေ ၄၉ နှစ်အကြား အမျိုးသမီး ၁၂၈၈၅ ဦး နဲ့ အမျိုးသား ၄၇၃၇ တို့ကို တွေ့ဆုံမေးမြန်းထားတဲ့ စစ်တမ်းကောက်ယူထားတဲ့ ရလဒ်ဖြစ်ပါတယ်။

ဒီစစ်တမ်းဟာ မြန်မာနိုင်ငံရဲ့ လူနေမှုဘ၀နဲ့ ကျန်းမာရေးဆိုင်ရာ အခြေခံ အချက်အလက်တွေကို ပထမဆုံးအကြိမ်အဖြစ် ထုတ်ပြန်လိုက်တာဖြစ်ပြီး စစ်တမ်းကောက်ယူရာမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လူပေါင်း ၁၇၀၀၀ ကျော်ပါဝင် ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

အားလုံးခြုံငုံပါဝင်တဲ့ စစ်တမ်းဖြစ်ဖို့ ပဋိပက္ခဒေသတွေအပါအ၀င် တိုင်းရင်းသားဒေသတွေနဲ့ နိုင်ငံတ၀န်း ရောက်ရှိဖို့ ခက်ခဲ့တဲ့နေရာတွေကို  သွားရောက်ကောက်ခံခဲ့တာဖြစ်တယ်၊ မြန်မာနိုင်ငံအနေနဲ့ ကလေးငယ်တွေ သေဆုံးမှုနှုန်းကို လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်းမှာ တ၀က်လျော့ ချနိုင်ခဲ့ပြီဖြစ်တယ်လို့ စစ်တမ်းနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013