
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်ကျေးရွာတွေအနီး ဒေသခံတွေက ကျောက်သည်ကားအစီး ၁၀၀ ကျော်ကို တားမြစ်ထားလို့ လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၆၀ခန့်နဲ့ ဒေသခံတွေ အခြေအနေတင်းမာနေပါတယ်။
မတ်လ ၂၄ ရက် မနက် ၁၀ နာရီအချိန်က စပြီး ဒေသခံတောင်သူ ၁၀၀ ခန့်က ကျောက်သယ်ကား တွေကို စတင်တားမြစ်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့ က မိုးကြိုးပြင်မြောက်ရွာက ညောင်ပင်ကြီးကိုဈေးဝယ်သွားတဲ့ အသက် ၁၈နှစ်အရွယ် မရီရီမွန် နှင့် ကျောက်သယ်ကားတစ်စီး မတော်တဆချိတ်မိလို့ ဒေသခံတွေက ကျောက်ထုတ်ကားတွေကို စတင်တားမြစ်ခဲ့တာပါ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံတွေက ကျောက်သယ်ကားတွေရပ်ဆိုင်းပေးဖို့ သက်ဆိုင်ရာကို လက်မှတ်ထိုး တောင်းဆိုခဲ့ပါသေးတယ်။ အခုလို ကျောက်သည်ကားတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ပိတ်ဆို့တားဆီးတာတွေနဲ့ပတ်သက်ပြီး အများပြည်သူခရီးသွားလာမှုကို အနှောင့်အယှက် ဖြစ်စေ တယ်။
တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေတယ်ဆိုပြီး ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မတ်လ ၂၂ ရက်နေ့ ရက်စွဲနဲ့ တားမြစ်မိန့်တခုကို ထုတ်ပြန်ခဲ့ ပါသေးတယ်။
တားမြစ်မိန့်ကို မလိုက်နာရင် လုံခြုံရေးအင်အားဖြင့် ဖမ်းဆီးအရေးယူသွားမယ်လို့ တားမြစ်မိန့်မှာ ထည့်သွင်းဖော်ပြထားပါတယ်။ လက်ရှိမှာတော့ လုံထိန်းကား ၂စီး ရဲတပ်ဖွဲ့ဝင် ၆၀ခန့် အဆင်သင့် နေရာယူထားဆယ်လို့ သိရပါတယ်။
သတင်း-အောင်ကိုလတ်၊ ဓာတ်ပုံ-ဖိုးဇော်











