DVB Logo
Home
မြန်မာသတင်း
ဧကရှစ်ထောင်ကျော်အတွက် စိုက်ပျိုးရေးပညာပေးဝန်ထမ်းတဦးသာခန့်ထားနိုင်
DVB
·
March 23, 2017
ဧကရှစ်ထောင်ကျော်အတွက် စိုက်ပျိုးရေးပညာပေးဝန်ထမ်းတဦးသာခန့်ထားနိုင်
Donate to DVB

မြန်မာတပြည်လုံးမှာ စိုက်ပျိုးဧကပေါင်း ၂၉သန်းကျော်ရှိတဲ့ အနက် စိုက်ပျိုးမြေဧက ၈ထောင်ကျော်မှာ စိုက်ပျိုးရေး ပညာပေးဝန်ထမ်း တစ်ဦးနှုန်းနဲ့သာ ခန့်အပ်ထားနိုင်တယ်လို့ စိုက်ပျိုးရေးဦးစီးဌာန၊ မူဝါဒနှင့် ၀န်ထမ်းရေးရာဌာန  ညွှန်ကြားရေးမှူး  ဒေါ်ခင်စန်းမြင့်က ဒီဗွီဘီကိုပြောပါတယ်။

“၀န်ထမ်းအင်အားနည်းတော့ စိုက်ပျိုးရေး ပညာပေးလုပ်ငန်းတွေမှာ နည်းနည်းနဲ့ ကျဲကျဲဝိုင်းနေရ ပါတယ်။ သီးခြားဖွဲ့စည်းပုံတိုးဖို့မရှိပါဘူး။ အခုလောလောဆယ် ဖွဲ့စည်းပုံအတွင်းခွင့်ပြုတဲ့ထဲက ခန့်အပ်ထားတာ ဖြစ်ပါတယ် ”

ဌာနဖွဲ့စည်းပုံအရ အစိုးရက စိုက်ပျိုးမြေဧက ၄ aထာင်ကျော်မှာ စိုက်ပျိုးရေး ပညာပေးဝန်ထမ်း  ၁ဦး ကို ခန့်ထားရမယ့် ပမာဏဖြစ်တဲ့ ၀န်ထမ်း ၈ ထောင်လောက်ကို ခန့်အပ်ဖို့ လျာထားပေမယ့် ၃၂၀၀ဦး သာခန့်ထားနိုင်ပြီး နေ့စားဝန်ထမ်းအဖြစ် ဦးရေ  ၂၀၀ ကျော် ခန့်အပ်ထားတယ်လို့လည်း ပြောပါတယ်။

မြန်မာတောင်သူအများစုဟာ  မြေ၊ မျိုး၊ ပိုး၊ ရောဂါ၊ ရာသီဥတု၊ စတဲ့ စိုက်ခင်း စီမံခန့်ခွဲနိုင်မှုအပိုင်း အားနည်းနေပြီး ခေတ်မီ နည်းပညာ အကူအညီတွေလိုအပ်နေတာဖြစ်ပါတယ်။

တောင်ကြီးမြို့မှာ ထောပတ်စိုက်ပျိုးရေးလုပ်နေတဲ့ ကိုကျော်စိုးမင်းက “ရရင်တော့ ပိုကောင်းတာပေါ့၊ ခုမှစတဲ့သူတွေအတွက် လိုအပ်ပါတယ်။ အဓိကကမျိုးပြဿာနာပါ၊ အဲဒါကို လုပ်ပေးနိုင်ရင်  တော်တော်လေးကျေနပ်မိမှာပါ။ မျိုးသန့်ပြီး ဒေသမျိုးကို သေချာခွဲခြားစိတ်ဖြာပေး စေချင်တာ ဒေသမျိုးလည်း ကောင်းတာတွေရှိတယ်”လို့ ပြောပါတယ်။

တောင်သူလယ်သမားတွေက  နည်းပညာတွေရရှိပြီး  အခက်အခဲတွေကို ဖြေရှင်းပေးနိုင်အောင် အစိုးရ၀န်ကြီးဌာနအနေနဲ့  စိုက်ပျိုးရေးပညာပေးဝန်ထမ်းတွေကို  ကျေးရွာတိုင်းမှာခန့်ထားဖို့ လိုတယ်လို့  စိုက်ပျိုးရေး ပညာရှင် ဦးစိုင်းဘဥာဏ်က ဒီဗွီဘီကိုပြောပါတယ်။

“တောင်သူတွေ မှာ နီးစပ်ရာကြားဖူးနားဝတွေနဲ့ လုပ်ရင်းနဲ့ စိုက်ပျိုးရေးက သဘာဝနည်းတွေ မသုံးတော့ဘဲနဲ့ ဓာတ်မြေသြဇာတွေ အဓိကသုံးလာတယ်။ ပြောရရင်တော့ သူတို့ကို ပညာပေးဖို့လို အပ်တာပေါ့နော်၊ သူတို့က အလွယ်လိုက်တဲ့အခါကျတော့ အခုဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးတွေက သိတဲ့အတိုင်းပဲ ကြော်ငြာတွေမှာလည်းပဲ ဘယ်ရောဂါဖြစ်လိုက်ရင် ဒါဖျန်းလိုက်ရင် ဘယ်လိုဖြစ်သွားမယ်ဆိုတာဒါတွေကို တောင်သူတွေက ကြားလိုက်တဲ့အခါကျတော့ ဒါတွေကို အလွယ်လိုက်လုပ်နေတယ်။ နယ်တွေမှာလည်း လိုက်ဆင်းမေးဖူးတယ်။ ခင်ဗျားတို့ ဒါတွေ ဘာလို့သုံးလဲဆိုတော့ မသိဘူး။ ကောင်းတယ်ဆိုလို့သုံးတယ်။ ဒီလိုပဲပြော ကြတယ်။ ဆိုတော့ သူတို့မှာ သိပ်ပြီး သေချာ ဂဃနဏ ရှင်းပြမယ့်သူမရှိဘူး။”

စိုက်ပျိုးရေး ပညာပေးဝန်ထမ်းနည်းပါးမှုက စိုက်ပျိုးရေးထွက်ကုန်တွေရဲ့ အထွက်နှုန်းနဲ့ အရည်အသွေးထိခိုက်နိုင်ပြီး  လယ်ယာဘေးထွက်ပစ္စည်းတွေကို သဘာဝမြေဆီနဲ့ စိုက်ပျိုးရေး သုံးဆေးတွေအဖြစ် အသုံးမပြုတတ်ပဲ စိုက်ပျိုးရေးသွင်းအားစုတွေ ၀ယ်ယူသုံးစွဲရလို့ တစ်ဧက ကုန်ကျစရိတ်မြင့်တက်လာနိုင်တဲ့ အကျိုးဆက် ဖြစ်နိုင်တဲ့အကြောင်း စိုက်ပျိုးရေး ကျွမ်းကျင်သူတွေက ဆိုပါတယ်။

သတင်း- ရူပါအောင်ဝင်း ၊ ဓာတ်ပုံ-Khun Lazer

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013