DVB Logo
Home
မြန်မာသတင်း
အန်စီအေလက်မှတ်ထိုးရန် မွန်ပြည်သစ်ပါတီကို မွန်အဖွဲ့အစည်းများတိုက်တွန်း
DVB
·
March 23, 2017
အန်စီအေလက်မှတ်ထိုးရန် မွန်ပြည်သစ်ပါတီကို  မွန်အဖွဲ့အစည်းများတိုက်တွန်း
Donate to DVB

 

မွန်ပြည်သစ်ပါတီ မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို အစိုးရနဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးဖို့ မွန်သံဃာတော်တွေနဲ့ မွန်နိုင်ငံရေးပါတီ တွေအပါအ၀င် မွန်အဖွဲ့အစည်းတွေက တိုက်တွန်းလိုက်ပါတယ်။

လက်ရှိနိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး  မွန်ပြည်သစ်ပါတီနဲ့ မွန်သံဃာတော်တွေ နိုင်ငံရေးပါတီ၊ လူမှုအခြေပြုအဖွဲ့အစည်းတွေဟာ မတ် ၂၂ ရက်က မော်လမြိုင်မှာ တွေ့ဆုံဆွေးနွေ ကြရာမှာ တက်ရောက်သူအများစုက အန်စီအေလက်မှတ်ထိုးဖို့ တိုက်တွန်းခဲ့တယ်လို့  တွေ့ဆုံပွဲ တက်ရောက်သူ မွန်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်စံလှိုင်က ဒီဗွီဘီကို ပြောပါတယ်။

“ပထမတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဖြစ်တဲ့ ကေအိုင်အေတို့၊ အမ်အန်ဒီအေအေ၊ တီအန်အယ်လ်အေတို့နဲ့ အတူ  all inclusive အားလုံးပါဝင်လက်မှတ်ထိုးဖို့ပေါ့။  ဒါပေမယ့် သူတို့ကို ကာချုပ်က လက်မခံဘူးလေ။  အဲဒီတော့ သူတို့မြောက်ပိုင်းအဖွဲ့က သီးခြားပုံစံ ဖြစ်သွားတဲ့အခါ ကျတော့   all inclusive  မဖြစ်နိုင်တော့ဘူးပေါ့။  အဲဒီအခြေအနေအရ မွန်ပြည်သစ်ပါတီကတော့ အင်အားမကြီးတဲ့ သီးခြားအဖွဲ့တဖွဲ့ဖြစ်တော့ လက်မှတ်ထိုးသင့်တယ်လို့  အကြံပြုကြတယ်။ အန်စီအေ လက်မှတ်ထိုးတဲ့အခါ အစိုးရတပ်က သိမ်းထားတဲ့ မွန်ပြည်သစ်ပါတီစခန်းတွေ ပြန်ရုပ်သိမ်းပေးဖို့၊ ပြီးတော့ တခြားရပိုင်ခွင့်တွေပါ  ရရှိဖို့ပေါ့။ တက်ရောက်သူ တော်တော်များများကတော့ လက်မှတ်ထိုး ရမယ့် အနေအထားမျိုးပြောကြတယ်။”

အလားတူ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ဆရာတော် ဦးဝယ၀ံသကလည်း  အန်စီအေ လက်မှတ်မထိုးရင် ငြိမ်းချမ်းရေးရနိုင်မှာမဟုတ်တဲ့အကြောင်း  မိန့်ကြားခဲ့တယ်လို့ ဆိုပါတယ်။

“အန်စီအေကိစ္စက လက်မှတ်ထိုးဖို့သင့်တာပေါ့နော်။ လက်မှတ်မထိုးရင် ငြိမ်းချမ်းရေး ဘယ်ရ နိုင်ပါ့မလဲ။  ပြဿနာကို လက်နက်နဲ့ဖြေရှင်း ရမယ့်အချိန်အခါလည်း မဟုတ်တော့ဘူးလေ။ စားပွဲဝိုင်းပေါ် ဆွဲခေါ်ပြီး သဘောထားညှိရမယ်။ မထိုးဘူးဆိုရင် လက်နက်ကိုင်၊ လက်နက်ကိုင်ပြီးရင် ပစ်ကြ ခတ်ကြဆိုတော့ တို့ပြည်သူတွေက ကြားထဲက  မြေစာဖြစ်ရတာပေါ့။  ဒါကြောင့် ဒီလက်မှတ်ထိုးဖို့ နည်းလမ်းကလွဲရင် တခြားနည်းလမ်းက မရှိတော့ဘူးလေ။”

မွန်သံဃာနဲ့ မွန်အဖွဲ့အစည်းတွေရဲ့ အကြံပြုချက်တွေကို မွန်ပြည်သစ်ပါတီကလည်း သူတို့ အဖွဲ့အစည်းကို ပြန်လည်တင်ပြမယ်။  လက်မှတ်ထိုးဖို့ အလားအလာရှိပြီး ကျန်တဲ့ ယူအန်က်ဖ်စီ အဖွဲ့ဝင်တွေကိုလည်း အန်စီအေလက်မှတ်ထိုးဖို့ တိုက်တွန်းမယ်လိ့ မွန်ပြည်သစ်ပါတီ ပြည်တွင်း ရေးရာ တာဝန်ခံ နိုင်ဝင်းလှက တွေ့ဆုံပွဲမှာ ပြောသွားတယ်လို့ ဆိုပါ တယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီရဲ့ သဘောထားသိရဖို့  ပြောရေးဆိုခွင့်ရှိသူတွေကို  ဒီဗွီဘီက ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

မွန်ပြည်သစ်ပါတီဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ UNFC ညီ ညွတ်သောတိုင်းရင်းသားလူးမျိုးများဖက်ဒရယ်ကောင်စီ အဖွဲ့ဝင်ဖြစ်ပြီး အဆိုပါအဖွဲ့ထဲက  CNF ချင်း ၊ KNU ကရင်၊ PNLO ပအိုဝ်းစတဲ့  လက်နက်ကိုင်အဖွဲ့တွေက ၂၀၁၅  သမ္မတဦးသိန်းစိန်လက်ထက်မှာ အန်စီအေ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါတယ်။

ကျန်တဲ့ KIO ကချင် ၊  NMSP မွန်၊ KNPP ကရင်နီ ၊  SSPP ရှမ်း ၊ ANC  ရခိုင် ၊  WNO ၀ ၊ LDU  လားဟူအဖွဲ့တို့ကတော့  MNDAA ကိုးကန့်၊ PSLF/TNLA ပလောင်၊ AA ရခိုင် အဖွဲ့တွေ အားလုံးပါဝင်မှ လက်မှတ်ထိုးမယ်လို့  ဆုံးဖြတ်ထားခဲ့တာပါ။

ဒီဇင်ဘာကစလို့ ကေအိုင်အေ၊ ကိုးကန့်၊ ပလောင်၊ အေအေ တို့ပါဝင်တဲ့ မြောက်ပိုင်း မဟာမိတ်လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီး  အန်စီအေမှာ အားလုံးပါဝင်လက်မှတ်ရေးထိုးရေးက ပိုလို့ အလှမ်းဝေးလာနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013