DVB Logo
Home
Lead Story
တကောင်းနီကယ်သတ္တုတူးဖော်ရေးစီမံကိန်းက ပုန်းကွယ်မှု
DVB
·
March 23, 2017
တကောင်းနီကယ်သတ္တုတူးဖော်ရေးစီမံကိန်းက ပုန်းကွယ်မှု
1 / 2
Donate to DVB

 

ရင်ဖုံးအင်္ကျီနဲ့ ထဘီကို ကျကျနန ဝတ်ဆင်ပြီး ဆံကျစ် ကျစ်ထားတဲ့ မြန်မာအမျိုးသမီး တချို့ စားသောက်ခန်းတခုမှာ လူမျိုးခြားတွေကို အရက်ခွက် ငှဲ့ပေးနေရပါတယ်။   ဒါဟာ ဟိုတယ်ခန်း မာဆတ် အနှိပ်ခန်းမဟုတ်တဲ့ စီမံကိန်းအတွင်းက စားဖိုဆောင်မှာ ဖြစ်ပါတယ်။

“အလုပ်ဝင်တာ စားဖိုအကူအဖြစ် ဝင်တာ။ လူကြီးတွေ စားသောက်ဖို့ ပြင်ဆင်ပေးပြီးနောက်မှာ အဝတ်အစား လှလှပပ ပြင်ဆင်ပြီး အရက်ခွက်၊ ဝိုင်ခွက်တွေ ငှဲ့ပေးရတယ်။ ဆံပင်ဖားလျားတွေ မကြိုက်ဘူး။ မြန်မာဆန်မှ မြန်မာတွေ ထုံးတမ်းစဉ်လာအတိုင်း ဆံပင်ကို ဖိုမြီးကျစ်ရတယ်” လို့ နောက်ဆုံးနှစ်အဝေးသင် တက်ရောက်နေတဲ့ မဝေဝေအောင်က စီမံကိန်းလုပ်ငန်းခွင်အတွင်း လက်ရှိအချိန်ထိ လုပ်ဆောင်ပေးရတဲ့ အကြောင်းကို ပြောပါတယ်။

ဒါဟာ လုပ်ငန်းခွင်မှာ အလုပ်နဲ့ မသက်ဆိုင်တဲ့ ကိစ္စတွေကို ပြုလုပ်ခိုင်းတာလည်း ဖြစ်ပါတယ်။ လုပ်ငန်းခွင် ဥပဒေကို လေးစားလိုက်နာမူ လျော့နည်းတာ၊ ကျန်းမာရေး စောင့်ရှောက်မူ အားနည်းတာတွေကို နှစ်ချီပြီး မြန်မာလုပ်သားတွေ ခံစားနေရတယ်လို့ တကောင်း နီကယ်သတ္တုတူးဖော်ရေး စီမံကိန်းအတွင်းက လုပ်သက်ရင့် လုပ်သားတွေက ထုတ်ဖော်ပြောကြားလိုက်တာပါ။

မြန်မာနိုင်ငံ သတ္တုတွင်းလုပ်ငန်းနဲ့ တရုတ် CNMC ကုမ္ပဏီတို့က ၂၀၀၈ ခုနှစ် ၇ လပိုင်းမှာ စာချုပ်ချုပ်ဆိုခဲ့ပြီး ပထမအဆင့် နီကယ်သတ္တု စတင်တူးဖော်ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ၆ လပိုင်းမှာ မြန်မာ CNICO ကုမ္ပဏီ တကောင်းနီကယ်စီမံကိန်းဟာ အစမ်းထုတ်လုပ်တဲ့ အဆင့်ကို ဝင်ရောက်လာတာ လက်ရှိအချိန်ထိ ဖြစ်ပါတယ်။

ဒီစီမံကိန်းမှာ ကျောက်မီးသွေးကို လောင်စာအဖြစ် အသုံးပြုပြီး ထုတ်လုပ်နေတာကြောင့် လက်ရှိမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးတာ စီမံကိန်းတွင်း လုပ်သားတွေမှာ ကျန်းမာရေးထိခိုက်မှုတွေပါ တွေ့ကြုံခံစားနေရတယ်လို့ မြန်မာလုပ်သားတွေက ပြောပါတယ်။

လုပ်သက် ၆ နှစ်ရှိတဲ့ ကျောက်မီးသွေး အမှုန့်ကြိတ်လုပ်သား ကိုဝေကြီးက “လက်ရှိက ကျောက်မီးသွေးဌာနမှာ လုပ်နေရတာဆိုတော့ အခြားဌာနတွေထက် ကျန်းမာရေးပိုထိခိုက်တယ်။ Mask(နှာခေါင်းစည်း)က တခါသုံးတွေ ပေးတာဆိုတော့ ကာကွယ်ပစ္စည်းတွေ ပြည့်ပြည့်ဝဝ မရဘူး။ ကျန်းမာရေးစောင့်ရှောက်မှုက တနှစ်မှာ တခါလောက် နေပြည်တော်က လာတယ်။ လိုအပ်ချက်အရ ဖုန်မှု့ရှူရတဲ့ ဌာနတွေ ကျောက်မီးသွေးမှုန့်ရှူတဲ့ ဌာနတွေကို ပိုပြီးကျန်းမာရေး ဆေးစစ်ချက် လုပ်ပေးစေချင်တယ်။ အခုက လာပြီးစစ်သွားတယ် ဘာ result(အကျိုးရလဒ်)မှ မသိရဘူး။” လို့ ဆိုပါတယ်။

တကောင်းနီကယ် သတ္တုတူးဖော်ရေး စီမံကိန်းမှာ နေ့စဉ် ကျန်းမာရေးအတွက် စိုးရိမ်မှုတွေနဲ့အတူ ရုန်းကန်လုပ်ရှားနေရတဲ့ ဌာနကြီး ၄ ခုရှိပါတယ်။ ကျောက်မီးသွေး အမှုန့်ကြိတ်ဌာန၊ သတ္တုရည်ကျိုဌာန၊ မြေစာမှုန့်ကြိတ်ဌာန၊ စွန့်ပစ်မြေစာ သယ်ယူပို့ဆောင်ရေးဌာနတွေပါ။ ဒီဌာနတွေမှာလည်း ဌာနခွဲပေါင်းမြောက်မြားစွာကို ၂၄ နာရီပတ်လုံး အချိန်ဆိုင်းနဲ့ လည်ပတ်နေရတာတွေ ရှိပါတယ်။ လုပ်ငန်းခွင် မတော်တဆ ထိခိုက်မှုက မကြာခဏဆိုသလို ဖြစ်ပေါ်နေပြီး စီမံကိန်း ကုမ္ပဏီဘက်က အပြည့်အဝ တာဝန်မယူတာတွေ ရှိတယ်လို့ ကိုယ်တိုင်တွေ့ကြုံသူတွေ ပြောပြချက်အရ သိရပါတယ်။

လုပ်သက် ၂ နှစ်ရှိတဲ့ မောင်ချမ်းကိုကိုက “မြေလုံးကြီးက ရင်ဘတ်ကို လာမှန်တာ။ စဖြစ်တုန်းက မထနိုင်ဘူး။ နောက်ပိုင်းရင်ဘတ်က အောင့်အောင့်လာလို့ မြတောင်ဆေးရုံကို သွားရတယ်။ ကုမ္ပဏီက သူတို့နဲ့ မဆိုင်ပါဘူး။ ပေါ့လျော့လို့ ဖြစ်တာလို့ အစမှာပြောတယ်။ နောက်ပိုင်း မန္တလေးဆေးရုံကြီးကို သွားပြီး ကုသရမှ ပိုက်ဆံ ၁ သိန်း ထုတ်ပေးတယ်။ ဒါတောင် ခွဲပေးတာ။ ဆရာဝန်က သုံးရက်လောက် အနားယူပြီး ဆေးကုရမယ် ပြောတာတောင် ကုမ္ပဏီက ဆရာဝန်က ဆင်းခိုင်းတာ။ အပြန်ကိုယ့်စရိတ်နဲ့ ကိုယ် ပြန်လာရတယ်။ မြတောင်ရော၊ မန္တလေးက ဆေးဓာတ်မှန်တွေ အကုန်လုံး ကုမ္ပဏီက သိမ်းထားတယ်”လို့  နေ့စဉ် မြေမှုန့်တွေကြားမှာ အလုပ်လုပ်ရင်း ထိခိုက်မှုအခြေနေကို ပြောပါတယ်။

တန် ၃၀ ပါတဲ့ သတ္တုမှုန့်စွန့်ပစ်မြေစာကားကြီးတွေကို မောင်းပေးနေရတဲ့ လုပ်သက် ၆ နှစ်ရှိ ကိုအောင်ဇော်လင်းက “အခေါက်ရေမဟုတ်ဘဲ အခု ပုတ်ပြတ်စနစ်နဲ့ ပို့ပေးရတယ်။ ကိုယ်တို့ ပုတ်ပြတ်ပိုင်းမှာ လုပ်သားလုံလောက်မှု ကားလုံလောက်မှု မရှိဘူး။ ကားချို့ယွင်းချက်ရှိရင်တောင် ကားအစားထိုးပေးတာမရှိဘူး”လို့ ပြောပါတယ်။

တကောင်းနီကယ် အကြီးစား သတ္တုတူးဖော်ရေးမှာ ကျောက်မီးသွေး လောင်စာတွေကို အကာကွယ်မဲ့ ထားရှိတာကိုလည်း တွေ့မြင်နေရပါတယ်။ တူးဖော်နေတဲ့ နီကယ်သတ္တုထုတ် စွန့်ပစ်မြေစာတွေကိုလည်း စက်ရုံရဲ့ သုံးမိုင်အကွာလောက်မှာ ထားရှိပြီး နေ့စဉ်စွန့်ပစ်တဲ့ ကျောက်မီးသွေး သတ္တုမြေစာပုံဟာ တနေ့တခြား များလာပြီး ဧကပေါင်း ၃၀၀ ဝန်းကျင်ထိ ရှိလာပါတယ်။

မောင်းကုန်းဒေသက တကောင်းနီကယ် အကြီးစား သတ္တုတူးဖော်ရေး စက်ရုံဟာ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ ရှိပြီး တကောင်းနီကယ်တောင်က မန္တလေးတိုင်းအတွင်းမှာ ဖြစ်ပါတယ်။

သတ္တုတူးဖော်တဲ့ တောင်ရဲ့ အောက်ခြေမှာ လယ်ယာမြေနဲ့ ဧရာဝတီမြစ်ရှိပါတယ်။ စစ်ကိုင်းတိုင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက နီကယ်သတ္တုတူးဖော်ရေးကို တခေါက်သာ သွားရောက်စစ်ဆေးမူရှိခဲ့တယ်လို့ ညွှန်ကြားရေးမှူးက ပြောပါတယ်။

“အဓိက အဲ့မှာ Land slide(တူးဖော်ပြီးမြေတွေ အနည်ကျ လျှောကျတာ) မဖြစ်ဖို့အတွက် သတိထားဖို့နဲ့ နောက်တခုက အနည်စစ်ကန်ထားပြီး ဆောင်ရွက်ဖို့ မှာခဲ့တာ။ အဲ့ဒီမှာ အားနည်းတာက ကျောက်မီးသွေးသုံးတာ အသေးစိတ် data (အချက်လက်)ကို တိုင်းဖို့ မှာထားခဲ့တယ်။ ဓာတ်ငွေ့တွေကို စစ်ဆေးထားတာ မတွေ့ရဘူးပေါ့နော်” စစ်ဆေးတွေ့ရှိချက်တွေကို ဖုန်းနဲ့ ဖြေကြားတာပါ။

စစ်ကိုင်းတိုင်း မောင်းကုန်းမြို့နယ်က တရုတ်-မြန်မာ စာချုပ်ချုပ်ဆိုထားတဲ့ တကောင်း နီကယ်သတ္တုတူးဖော်ရေးဟာ အကြီးစားသတ္တုတူးဖော်ရေးစီမံကိန်းဖြစ်ပြီး တနှစ်ကို နီကယ် ထုတ်လုပ်နှုန်း တန်ချိန်ပေါင်း ၈ ဒသမ ၅ သောင်း ထုတ်လုပ်ဖို့ စီမံကိန်းအစီစဉ်မှာ ရေးဆွဲထားပါတယ်။

၂၀၁၁ ကတည်းက စမ်းသပ်တဲ့အဆင့်နဲ့ စတင်ထုတ်လုပ်ခဲ့တာ ၂၀၁၆ ခုနှစ်ထိ နီကယ်ထုတ်လုပ်မူ တန်ချိန်ပေါင်း ခန့်မှန်း ခြောက်သောင်းဝန်းကျင်သာ ရှိတယ်လို့ စီမံကိန်း နီကယ်သတ္တုတူးဖော်ရေးက စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်နဲ့ တွေ့ဆုံစဉ်မှာ တရုတ်လူမျိုး ကုမ္ပဏီ တာဝန်ရှိသူတဦးက ပြောပါတယ်။

နီကယ်သတ္တုစိမ်းထုတ်လုပ်မှုမှာ အရှုံးပေါ်နေတာကြောင့် မြန်မာနိုင်ငံ သတ္တုတွင်းဌာနကို ပေးချေဖို့ ညှိနှိုင်းနေရတယ်လို့လည်း  ဆက်လက်ပြောပါတယ်။

စီမံကိန်းကို စတင်မလည်ပတ်မီက မောင်းကုန်းဒေသက တောင်သူ ၁၄၀ ရဲ့ လယ်ယာမြေ သုံးထောင်ကျော်မှာ တချို့ကို လျော်ကြေးမပေးဘဲ သိမ်းတာတွေရှိသလို စိုက်ပျိုးဧကရှိရင် သီးစားလျော်ကြေးအဖြစ် ၁ ဧက ကျပ် ၅ သောင်းနဲ့ ကျပ် ၂ သိန်း ပေးတယ်လို့ ဆိုပါတယ်။

တောင်သူကြီး ဦးစိန်မင်းက “ယာမြေသိမ်းတဲ့ တောင်သူတွေရဲ့ သားသမီးတွေ နီကယ်စက်ရုံမှာ အလုပ်သွားတောင်းတာ မပေးဘူး။ ရဲစခန်းသွားပြောမှ တဦးကိုပဲ စက်ရုံရဲ့ အလုပ်ကြမ်းနေရာမှာ အလုပ်ပေးတယ်။ တောင်းဆိုချင်တာက ကျောက်မီးသွေးစက်ရုံကို ပိတ်သိမ်းသွားတာ ကောင်းတယ်။ ဘယ်လိုမှမဟုတ်ပါဘူး။ ကျန်းမာရေးအတွက်ကြောင့် ပြောတာပါ” လို့ ပြောပါတယ်။

တကောင်းနီကယ်သတ္တုတူးဖော်ရေးမှာ တရုတ်နိုင်ငံသား လုပ်သားဦးရေက သုံးပုံတပုံရှိပြီး စီမံကိန်းလုပ်ငန်းခွင်ရဲ့ ရာထူးကြီးပိုင်းတွေမှာသာ တာဝန်ယူ လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။

ဒီဗွီဘီသတင်းဌာနက လက်ရှိ စီမံကိန်းလုပ်ငန်းနဲ့ပတ်သက်လို့ စီမံကိန်းတာဝန်ရှိသူ တဦးဖြစ်တဲ့ သတ္တုတွင်းဝန်ကြီးဌာနက ဦးရဲမြင့်ကို ချိတ်ဆက် မေးခဲ့ပေမယ့် စီမံကိန်းရဲ့ တရုတ်ဘက်က တာဝန်ရှိသူက ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။

နီကယ်သတ္တုတူးဖော်ရေးမှာ ပညာတပိုင်းတစနဲ့ အလုပ်လုပ်ကိုင်နေတဲ့ မဝေဝေအောင်က “စားဝတ်နေရေးကြောင့် ဆက်လုပ်နေရတယ်၊ ကိုယ်က ပညာတတ်ပြီးတော့ စားဖိုဆောင်မှာ လုပ်နေရတဲ့အတွက် အားလည်း ငယ်မိတယ်။ နောင်တရလည်း ရတယ်"လို့ အသံဆို့နစ်စွာနဲ့ ဖြေကြားသွားပါတယ်။

(သတင်းဆောင်းပါး-တာရာ)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
တကောင်းနီကယ်သတ္တုတူးဖော်ရေးစီမံကိန်းက ပုန်းကွယ်မှု