
ထိုင်းနိုင်ငံမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား အလုပ်သမားတွေအနေနဲ့ ဝန်ဆောင်မှုလုပ် ငန်းတွေမှာ အင်္ဂလိပ်ဘာသာစကားအစား ထိုင်းဘာသာစကားသာ သုံးနှုန်းပြောဆိုဖို့ ထိုင်း မျိုးချစ်ဝါဒီ ရုပ်ရှင်သရုပ်ဆောင်ဟောင်း ဆိုင်းစကော့တ်က တိုက်တွန်း ပြောပါတယ်။
“လက်ရှိ ဘန်ကောက်မှာ နိုင်ငံခြားဝန်ထမ်းတွေ အများကြီးပဲ။ စားသောက်ဆိုင်သွားတိုင်း သူတို့က အင်္ဂလိပ်လို လာပြောကြတယ်၊ ကျနော်ကတော့ ထိုင်းလိုပဲပြန်ပြောပါတယ်။ ကျနော် ပြောတဲ့ ထိုင်းစကားကို နားမလည်ရင် ပြောတတ်တဲ့ ဝန်ထမ်းနဲ့ လဲပေးမှဘဲ အစားအသောက်တွေ မှာယူတယ်။ ဒါက ကျနော်လုပ်နိုင်သမျှ အသေးအဖွဲလေးပါ” လို့ ဆိုင်းစကော့တ်က သူ့ရဲ့ လူမှု ကွန်ရက်မှာ ရေးပါတယ်။
ဆိုင်းစကော့တ်က “ထိုင်းမှာ လာရောက်လုပ်ကိုင်စားသောက်ပြီးတော့ ထိုင်းလို မပြောတတ်ဘူး ဆိုတာ ကျနော် တို့နိုင်ငံကို ကြောတာ (အသာစီးတာ) နဲ့ အတူတူပဲ။ ကျနော်တို့ ထိုင်းလူမျိုးတွေ နိုင်ငံခြားမှာ အလုပ်သွားလုပ်ရင် အဲဒီနိုင်ငံရဲ့ ဘာသာစကားကို သင်ယူရတယ်၊ ပြောဆိုရတယ်။ ထိုင်းမှာကျတော့ နိုင်ငံခြားသားတွေ ထိုင်းလိုမတတ်လည်း ဘာမှမဖြစ်ဘူး၊ အင်္ဂလိပ်လိုပြောတတ်တဲ့ ဝန်ထမ်းက ထိုင်းနိုင်ငံသားဝန်ထမ်းထက်တောင် လစာပိုများသေးတယ်။ အဲဒီတော့ အလုပ်သမား ဝန်ကြီးဌာ နအနေနဲ့ ထိုင်းမှာ အလုပ်လာလုပ်တဲ့ နိုင်ငံခြားဝန်ထမ်းတွေ ထိုင်းစကားကို ပြောဆို သုံးနှုန်းဖို့ စည်းကမ်း သတ်မှတ်သင့်တယ်” လို့ ထိုင်းရတ် အင်တာဗျူးတခုမှာလည်း ပြော ထားပါတယ်။
ဒီပြောဆိုတိုက်တွန်းချက်နဲ့ ပတ်သက်လို့ လူမှုကွန်ရက်မှာ ထိုင်းအများစုက သဘောတူ ထောက်ခံ ကြတယ်။
ထိုင်းမှာ အလုပ်လာလုပ်ရင် အိမ်ရှင်ရဲ့ ဘာသာစကား လေ့လာသင်ကြားသင့်တယ်။ တချို့က အလုပ်သမားတွေ၊ ဝန်ထမ်းတွေ ခန့်ထားမယ်ဆိုရင် ထိုင်းစာ၊ ထိုင်းစကား တတ်မတတ် အရင်စစ်ဆေးသင့်တယ်လို့ အကြံပြုကြပါတယ်။
တချို့ကလည်း နိုင်ငံတကာဝန်ဆောင်မှုလုပ်ငန်းတွေ အထူးသဖြင့် ဘန်ကောက်မှာ ထိုင်းဘာသာ စကားပြောဆိုခြင်းဟာ နိုင်ငံခြားသားဝန်ထမ်းတွေအတွက် လိုအပ်လို့လား ဖြစ်သင့်သလားလို့ လည်း မေးခွန်းထုတ်ကြပါတယ်။
Source: Khaosod / CH7 / One News











