DVB Logo
Home
မြန်မာသတင်း
မဘသ ကို သာသနာညှိုးနွမ်းစေကြောင်း ပြောဆိုမှုဖြင့် ကိုဆွေဝင်းကို အရေးယူပေးရန် တိုင်ကြား
DVB
·
March 21, 2017
Donate to DVB

မဘသအဖွဲ့အစည်းကို သာသနာ ညှိုးနွမ်းစေတယ်လို့ ပြောဆိုခဲ့မှုနဲ့ Myanmar now သတင်းအေဂျင်စီက အယ်ဒီတာချုပ် ကိုဆွေဝင်းကို အရေးယူပေးဖို  ကြည့်မြင်တိုင်မြို့နယ်မှာ နေထိုင်သူတဦးက ကျောက်တံတားမြို့နယ် တရားရုံးကို ဦးတိုက် တိုင်ကြားလိုက်ပါတယ်။

ဦးဝီရသူရဲ့ ဒါယကာ ဦးကျော်မျိုးဆွေက ကိုဆွေဝင်းအပေါ် ဆက်သွယ်ရေး ဥပဒေပုဒ်မနဲ့ တရားစွဲဆိုမှုနဲ့ပတ်သက်ပြီး မတ် ၈ ရက်က ရန်ကုန်မြို့ MYANMAR NOW ရုံးခန်းမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုဆွေဝင်းက မဘသအဖွဲ့အစည်းကို အဓမ္မအဖွဲ့အစည်းလို့ သုံးနှုန်းခဲ့တာနဲ့ ဦးဝီရသူကို ဘာအသရေရှိလို့လဲ၊ ဘာဂုဏ်သိက္ခာ ရှိလို့လဲလို့ သုံးနှုန်းခဲ့တဲ့တာတွေကြောင့် သာသနာ ညှိုးနွမ်းစေမှုနဲ့ အရေးယူပေးဖို့ မတ် ၂၀ ရက်နေ့က ကျောက်တံတားတရားရုံးကို ဦးတိုက်လျှောက်ခဲ့တာပါ။

“ပါရာဇိကဆိုတာ လူတွေအရာ မဟုတ်ဘူး။ လူတွေ ပြောလို့မရဘူး။ ပါရာဇိကဆိုတာ ရဟန်း ရဟန်းချင်းတောင်မှ ဝန်ခံမှုမရှိရင် ပြောလို့မရဘူး။ ပြီးတော့ မဘသအဖွဲ့အစည်းကလည်း ရဟန်းသံဃာပေါင်းများစွာ ဘိဝံသတွေ၊ စာတတ် ဘုန်းကြီးတွေ၊ စာသင် စာချ ဘုန်းကြီးတွေ အများကြီးနဲ့ ဖွဲ့ထားတဲ့ အဖွဲ့အစည်းတခုကို သူက အဓမ္မအဖွဲ့အစည်းလို့ ပြောတယ်ဆိုတော့ ဒါက ကျနော်တို့ကိုးကွယ်တဲ့ ရတနာသုံးပါးထဲမှာပါတဲ့ သံဃာတွေကို အမြင်မှားအောင်လုပ်တယ်လို့ ယူဆလို့ အမှုဖွင့်လိုက်တာပါ” လို့ တိုင်ကြားသူ ကိုသက်မျိုးဦးက ပြောပါတယ်။

တိုင်ကြားမှုကိုတော့ ကျောက်တံတားမြို့နယ်တရားသူကြီးက အမှုအမှတ် ၆၈/၂၀၁၇ နဲ့ လက်ခံခဲ့ပါတယ်။ တရားရုံးကို ဦးတိုက်လျှောက်ထားရာမှာ သက်သေအဖြစ် RFA သတင်းဌာနနဲ့ ကိုဆွေဝင်း အင်တာဗျူးဖြေကြားမှုက စကားအသုံးတွေ၊ သတင်းစာရှင်းလင်းပွဲက အသံဖိုင်၊ 7DAY ဂျာနယ်နဲ့ အင်တာဗျူးတို့ကို တရားရုံးကို တင်ခဲ့ပါတယ်။

“ဦးဝီရသူကတော့ ကျနော်တို့ အမျိုးသားရေးသမားတွေ လေးစားရတဲ့၊ ချစ်တဲ့ ပုဂ္ဂိုလ်၊ ရဟန်းတပါးပေါ့။ ဒါပေမယ့် အခုက ဒီလိုမျိုး အမှုဖွင့်တာမှာ ချစ်တာတွေ၊ မုန်းတာတွေ မပါဘူးဗျ။ လူဟာ ရဟန်းတော်ကို အဲဒီလောက် ကြမ်းကြမ်းတမ်းတမ်း ပြောတာမျိုးတွေ၊ ရဟန်းသံဃာအဖွဲ့အစည်းကို လူတယောက်အနေနဲ့ အဲဒီလောက်အထိ နင်ပဲငဆ ပြောတာမျိုးတွေ လက်မခံနိုင်လို့” လို့ တိုင်ကြားသူ ကိုသက်မျိုးဦးက ပြောပါတယ်။

အခု တိုင်ကြားမှုနဲ့ပတ်သက်ပြီး တိုင်ကြားသူက ဦးဝီရသူထံ ခွင့်တောင်းခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး လာမယ့် ဧပြီ ၃ ရက်မှာ စွဲချက်တင်သင့်၊ မတင်သင့်ကို စတင်စစ်ဆေးဖို့ တရားသူကြီးက ပြန်လည်ချိန်းဆိုလိုက်ပါတယ်။

သတင်း - ပြည့်ဘုန်းအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013