အောင်မင်္ဂလာအဝေးပြေးဝင်းထဲက လူခေါ်ပွဲစား ၂၀ ကျော်ကို ခရီးသွားပြည်သူတွေကို အနှောင့်အယှက်ဖြစ်စေတယ်ဆိုပြီး အရေးယူထားတယ်လို့ လူခေါ်ပွဲစားတွေက ပြောပါတယ်။
အောင်မင်္ဂလာအဝေးပြေးဝင်းထဲက လူခေါ်ပွဲစားတွေကို မတ်လဆန်းကစပြီး စီမံချက်နဲ့ အရေးယူခဲ့ရာမှာ မတ်လ ၁၉ ရက်နေ့က လူခေါ်ပွဲစား ၂၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ကာယိနြေ္ဒပျက်ပြားစေမှု၊ မူးယစ်ရမ်းကားမှုတို့နဲ့ သက်ဆိုင်တဲ့ ပုဒ်မတွေနဲ့ အရေးယူထားတာပါ။
“အမျိုးသမီးနှစ်ယောက်လို့လည်း ကြားတယ်၊ သုံးယောက်လို့လည်း ကြားတယ်။ အဲဒီလို ဖမ်းသွားတယ်လို့ ကြားတယ်။ ရဲမေဖမ်းတယ်လို့ ကြားတာပဲ။ ရဲမေ ဟုတ်၊ မဟုတ်တော့ ကျနော်တို့တော့ မသိလိုက်ဘူးပေါ့နော်။ ကျနော်တို့လည်း ဒီထဲမှာ လုပ်ကိုင်စားသောက်နေရတာဆိုတော့ တမျိုးပေါ့။ အရင်တုန်းက ဖမ်းတဲ့ပုံစံမျိုးကတော့ ၄၁(၁၆) နဲ့ ဖမ်းတာလို့ ကြားတယ်။ အမျိုးသမီးကတော့ ဘယ်လိုပုဒ်မမျိုးတပ်လဲ ကျနော်လည်း မသိဘူးပေါ့နော်” လို့ လူခေါ်ပွဲစားတဦးဖြစ်သူ ကိုအောင်က ပြောပါတယ်။
ဒါပေမယ့် တိုင်ကြားသူမရှိဘဲ ဖမ်းဆီးအရေးယူတဲ့အပေါ် မင်္ဂလာဒုံမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း က ကန့်ကွက်ထားပါတယ်။
“နှောင့်ယှက်တယ်ဆိုရင် ခရီးသည်က တိုင်မှလေ။ ကာယကံရှင်က မတိုင်ဘဲနဲ့ ရဲက သွားဖမ်းလို့ရတဲ့ကိစ္စမှ မဟုတ်တာ။ ကာယကံရှင်က မကျေနပ်လို့ သူ့ကို ဆွဲလမ်း ရမ်းလား လုပ်ပါတယ်၊ အနှောင့်အယှက်ပြုပါတယ်ဆိုပြီး လာတိုင်ရင်တော့ တမျိုးပေါ့။ အဲဒီလိုလုပ်ရင် ဘုရားပေါ်မှာ ဘုရားပန်းရောင်းတဲ့ ဈေးသည်တွေက ဝယ်ပါဦး အစ်ကိုကြီးရယ် ဘာညာဆိုပြီးတော့ လက်တွေဆွဲပြီး အတင်းရောင်းတာပဲ။ ဒါတွေက ဈေးသည်ရဲ့ သဘာဝပဲ။ သူ ရောင်းတာပဲ။ အဲဒီလိုသာဆို ဒါတွေအကုန်လုံး ထောင်ကျသလို ဖြစ်နေမှာပေါ့။”
လက်ရှိမှာတော့ မတ်လ ၂၀ ရက်နေ့အထိ လူခေါ်ပွဲစားတွေကို ဆက်လက်ဖမ်းဆီးအရေးယူနေပါတယ်။ လူခေါ်ပွဲစားတွေအနေနဲ့ တရက်ကို ငွေကျပ် ၁၅၀၀၀ ဝန်းကျင်ရရှိကြပြီး ဒီရက်ပိုင်း အဖမ်းအဆီးတွေကြောင့် ယာယီ ရပ်နားထားကြတယ်လို့ ပြောကြပါတယ်။
ဖေဖော်ဝါရီလတွင်းက လူခေါ်ပွဲစားတဦးနဲ့ ခရီးသွားပြည်သူတဦးတို့ ဝင်းထဲမှာ အငြင်းပွားမှုတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်း အခုလို အရေးယူမှုတွေ လုပ်နေတာဖြစ်ပါတယ်။











