DVB Logo
Home
မြန်မာသတင်း
အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ၆ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၈ သန်းနီးပါး အသုံးပြု
DVB
·
March 21, 2017
အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ၆ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၈ သန်းနီးပါး အသုံးပြု
Donate to DVB

 

အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ၆ နှစ်အတွင်း ပြည်ပအကူအညီ အမေရိကန်ဒေါ်လာ ၁၈ သန်းနီးပါး သုံးစွဲခဲ့တယ်လို့ မြို့တော်ဝန်က ပြောပါတယ်။

အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်  နေရာ ၁၅  နေရာမှာ ပြည်ပနိင်ငံတွေရဲ့ အကူအညီ အမေရိကန်ဒေါ်လာ ၁၈ သန်းနီးပါး ရရှိသုံးစွဲခဲ့တယ်လို့ စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးမောင်မောင်စိုးရက လွှတ်တော်မှာ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

မတ် ၂၀ ရက်မှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(ပထမနေ့)မှာ လမ်းမတော်မြို့နယ် အမှတ်-၁ မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမာရဲ့ မေးမြန်းမှုကို မြို့တော်ဝန် ဦးမောင်မောင်စိုးက ဖြေဆိုခဲ့တာပါ။

“အခြားနိုင်ငံတွေက ကူညီထောက်ပံ့မှုတွေနဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် စီမံချက်တွေနဲ့ ယူအက်စ် ၂ ဒသမ ၈ သန်း၊ ယူရိုဒေါ်လာ ၁၄ ဒသမ ၀၅ သန်းဖြင့် ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်းမှာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေအပါအဝင် စုစုပေါင်း နေရာ ၁၅ နေရာမှာ သုံးစွဲခဲ့ပါတယ်။”

ရန်ကုန်တိုင်းဒေသကြီး သက်ဆိုင်ရာဥပဒေ နည်းဥပဒေတွေနဲ့အညီ ထုတ်လုပ်ကိုင်နေသော အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း အရေအတွက် မည်မျှရှိသလဲဆိုတာကို သိရှိလိုကြောင်းနဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ရေရှည်ရပ်တည်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဘယ်လို စီမံဆောင်ရွက်နေသလဲ၊ သူတို့တွေအတွက် နှစ်စဉ် ဘတ်ဂျတ်အသုံးစရိတ်နဲ့ နိုင်ငံတကာက ကူညီထောက်ပံ့မှု ဘယ်လောက်ရှိနေသလဲ ဆိုတာကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမာက မေးမြန်းခဲ့တာပါ။

“အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများဟာ မြို့ပြများ၊ ကျေးရွာများ၊ လယ်ယာလုပ်ငန်းခွင်များ စသဖြင့် တနိုင်ငံလုံးမှာ အများအပြား တည်ရှိပါတယ်။ မိသားစု စီးပွားရေးလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများမှာ အခြေခံ၍ ဖြစ်ပေါ်လာသော လုပ်ငန်းများဟာဆိုရင် အားနည်းချက်များရှိပြီး ပြည်တွင်း ပြည်ပ ဈေးကွက်ဝင် စီးပွားရေးလုပ်ငန်းများအဖြစ် ယှဉ်ပြိုင်ရပ်တည်ရန် လိုအပ်ချက်များစွာ ရှိနေပါတယ်။”

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းမှာ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက် သီးခြားလုပ်ငန်းလိုင်စင် ထုတ်မပေးထားဘဲ အစားအသာက် လုပ်ငန်းလိုင်စင်၊ တည်းခိုခန်း၊ ဘော်ဒါဆောင်၊ ကိုယ်ပိုင်ဈေးဆိုင် လိုင်စင်၊ ယာဉ်နဲ့ လှည့်လည်ရောင်းချခွင့်လိုင်စင် ယာယီဇာတ်ရုံခွင့်ပြုမိန့်ဆိုပြီး ၇ မျိုး သတ်မှတ်ပေးထားတယ်လို့ မြို့တော်ဝန်က ဆိုပါတယ်။ ဒါ့ကြောင့် လျှောက်ထားလာတဲ့ လုပ်ငန်းအမျိုးအစားပေါ် မှုတည်ပြီး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ခွင့်ပြုပေးထားတာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောခဲ့ပါတယ်။

“ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ လုပ်ငန်းများကို အသေးစား၊ အလတ်စား ခွဲခြားခြင်းမရှိဘဲ လျှောက်ထားလာတဲ့ လုပ်ငန်းအမျိုးအစားပေါ် မူတည်ကာ လုပ်ထုံးလုပ်နည်းနဲ့အညီပဲ စိစစ်ပြီး ခွင့်ပြုလျက် ရှိပါတယ်။”

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းမှာ အစားအသာက် လိုင်စင် ၈၁၄၁ ခု၊ လုပ်ငန်းလိုင်စင် ၄၃၂၈၅ ခု၊ တည်းခိုခန်းလိုင်စင် ၄၃၁ ခု၊ ဘော်ဒါဆောင်လိုင်စင် ၃၁၉ ခု၊ ကိုယ်ပိုင်ဈေးလိုင်စင် ၉၁ ခု၊ ယာဉ်ဖြင့် လှည့်လည်ရောင်းချခွင့်လိုင်စင် ၁၃၂ ခု၊ ယာယီဇာတ်ရုံခွင့်ပြုမိန့်လိုင်စင်  ၂၈ ခုတို့ကို ခွင့်ပြုပေးထားခဲ့ပြီး ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဝန်ကြီးက ပြောပါတယ်။

သတင်း - ဟိန်းကို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013