DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားမဟုတ်သူများကိုထုတ်ပေးသည့် နိုင်ငံသားကတ်တရားမ၀င်ကြောင်းကြေညာရန် ရခိုင်လွှတ်တော်၌တင်သွင်း
DVB
·
March 21, 2017
တိုင်းရင်းသားမဟုတ်သူများကိုထုတ်ပေးသည့် နိုင်ငံသားကတ်တရားမ၀င်ကြောင်းကြေညာရန် ရခိုင်လွှတ်တော်၌တင်သွင်း
Donate to DVB

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း တိုင်းရင်းသားမဟုတ်သူတွေကို ထုတ်ပေးထားတဲ့ နိုင်ငံသား ကတ်ပြားတွေကို တရားမ၀င်ကြောင်းကြေညာဖို့ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် အထူးကိစ္စရပ် များ ကြားနာစုံစမ်းရေးအဖွဲ့က ရခိုင်ပြည်နယ်လွှတ်တော်မှာ ဒီနေ့ အကြံပြုအစီရင်ခံစာ တင်သွင်းလိုက် ပါတယ်။

မောင်တောခရိုင် နိုင်ငံသားစိစစ်ရေး လုပ်ငန်းတွေမှာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့မညီပဲ ဆောင်ရွက်နေတယ်ဆိုပြီး စစ်တွေ၊ မောင်တော၊ ရသေ့တောင်စတဲ့ မြို့တွေမှာ ရက်ရှည်ဆန္ဒပြပွဲတွေ ပြုလုပ်နေတဲ့အချိန်မှာပဲ ရခိုင်ပြည်နယ်လွှတ်တော်မှာ အစီရင်ခံစာကို တင်သွင်း လိုက်တာပါ။

ကြားနာစုံစမ်းရေးအဖွဲ့ဟာ မောင်တောနဲ့ ဘူးသီးတောင်က ဒေသခံတွေ၊ မြို့နယ်အဆင့် နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်တွေကို တွေ့ဆုံကြားနာခဲ့ပြီး နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေမှာ ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ညီ၊ မညီ ကို အဓိကစုံစမ်းခဲ့ပါတယ်။

မောင်တောနဲ့ ဘူးသီးတောင် နှစ်မြို့စလုံးမှာမြို့နယ်အဆင့် နိုင်ငံသား စိစစ်ရေးကော်မတီတွေဟာ ဥပဒေနဲ့အညီ လိုအပ်တဲ့ သက်သေခံအထောက်အထားတွေ မှန်ကန်မှုရှိ မရှိ အသေအချာစုံစမ်းမှု မလုပ်ခဲ့ကြပဲ နိုင်ငံသားဖြစ်ခွင့် ထောက်ခံခဲ့ကြတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပြီး တချို့သက်သေခံအထောက်အထားတွေဟာ လိမ်လည် ဖြည့်သွင်းထားတယ်လို့ ဖော်ပြထားပါတယ်။
နိုင်ငံသားများ၏ မူလအခွင့်အရေးနဲ့ အထူးကိစ္စရပ်များ ကြားနာစုံစမ်းရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင်သိန်းက "လေ့လာစုံစမ်းတဲ့အခါမှာ ရခိုင်ပြည်နယ် လ၀က ညွှန်ကြားရေးမှူး ဦးဝင်းလွင် က ၂၀၁၇ ဖေဖော်ဝါရီ ၃ ရက်ရက်စွဲနဲ့ ပေးပို့တဲ့စာအရ လ၀က ပြည်ထောင်စုဝန်ကြီးက နိုင်ငံသား စိစစ်ရေးမြန်ဆန်အောင် ပြည်နယ်အဆင့် နိုင်ငံသား၊ နိုင်/ပြု စိစစ်ရေးကော်မတီအနေနဲ့ ထပ်ပြီး စိစစ်စရာမလိုပဲ အစည်းအဝေးဆုံးဖြတ်ချက်ပုံစံအတိုင်း လက်မှတ်ထိုးရမယ်လို့ ညွှန်ကြားထားတာ တွေ့ရတယ်။ ပြည်နယ်အဆင့်ကလည်း ဒီအတိုင်းပဲ မစိစစ်ပဲလက်မှတ် ထိုးပေးရတယ်ဆိုတာ ထင်ရှားနေတယ်။ ဒါဟာ နိုင်ငံသားဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန်လုပ်ဆောင်တာ ဖြစ်ပါတယ်" လို့ ဒီဗွီဘီကို ဖြေကြားပါတယ်။

ကြားနာစုံစမ်းရေးကော်မတီရဲ့ တွေ့ရှိချက်တွေအရ မောင်တောခရိုင်ထဲက နိုင်ငံသားစိစစ်ရေး လုပ်ငန်းတွေဟာ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေပါ ပြဌာန်းချက်တွေနဲ့ မညီသလို လိုအပ်တဲ့သက်သေခံ အထောက်အထားတွေ၊ လူတွေ့စစ်ဆေးတာတွေ၊ အမှုတွဲပါ သက်သေခံအထောက်အထားနဲ့ မြေပြင် အခြေအနေ ကိုက်ညီမှု ရှိ မရှိ စုံစမ်း စစ်ဆေးတာတွေလုံးဝမရှိခဲ့သလို မြို့နယ်အဆင့် ကော်မတီမှာ ဦးဆောင်ပါဝင်ရတဲ့ အရာရှိတွေဟာ အပြောင်းအလဲတွေဖြစ်နေတဲ့အတွက် တာဝန်ခံနိုင်တာမရှိတာကို တွေ့ရတယ်လို့လည်း အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။
"ဒါက ရခိုင်ပြည်နယ်အစိုးရက ညွှန်ကြားစာအမှတ် ၆၆/၆ နဲ့ ညွှန်ကြား လုပ်ကိုင်စေတာဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်အစိုးရကပဲ ဒီအားနည်းချက်တွေအပေါ်မှာ တာဝန်ယူရပါလိမ့်မယ်" လို့ ဦးထွန်းအောင်သိန်းက ပြောပါတယ်။

မြို့နယ်နဲ့ ပြည်နယ်အဆင့် နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ လွတ်လပ်တဲ့ အရပ်ဖက်ကိုယ်စားလှယ် ၂ ဦးကိုထည့်သွင်းဖွဲ့စည်းဖို့၊ မောင်တော ခရိုင်ထဲမှာ တိုင်းရင်းသားမဟုတ်သူတွေကို ထုတ်ပေးထားခဲ့တဲ့ နိုင်ငံသားစိစစ်ရေးကပ်နဲ့ နိုင်ငံသားပြုခွင့်ရသူ ကတ်ပြားတွေကို တရားမ၀င်ကြေညာပြီး ပြန်သိမ်းဖို့၊ လ၀ကဌာနအနေနဲ့ ရခိုင်ပြည်နယ်ထဲက နိုင်ငံရေးပါတီတွေ၊ တတ်သိနားလည်သူတွေ၊ အရပ်ဖက်အဖွဲ့စည်းတွေနဲ့ ၁၉၈၂ နိုင်ငံသားဥပဒေပါ ပြဌာန်းချက်တွေ၊ ဆက်စပ်ဥပဒေလုပ်ထုံးလုပ်နည်းတွေကို ပွင့်လင်းမြင်သာ ဆွေးနွေးပြီးမှ ပူးပေါင်းလုပ်ဆောင်ဖို့၊ ၂၀၁၆ သြဂုတ်လက ၂၀၁၇ မတ်လအထိ ကာလအတွင်း နိုင်ငံသား၊ နိုင်/ပြုကပ်ပြားတွေ ထုတ်ပေးခဲ့တဲ့ တာဝန်ရှိသူတွေကို အရေးယူပေးဖို့ စတဲ့ အကြံပြုချက်ကို ၆ ချက်ကို ကြားနာစုံစမ်းရေး အဖွဲ့ရဲ့ အစီရင်ခံစာမှာအကြံပြုထားပါတယ်။

အဖွဲ့ခေါင်းဆောင် ဦးထွန်းအောင်သိန်းက "ဒါဟာ ရခိုင်ပြည်နယ်လွှတ်တော်ကို အကြံပြုတင်ပြထားတာသာ ဖြစ်ပြီး ဘယ်လိုဆက်လက်ဆောင်ရွက်မလဲဆိုတာကိုတော့ လွှတ်တော်မှာဆွေးနွေးပြီးမှသာ ဆုံးဖြတ်နိုင်မှာဖြစ်တယ်" လို့ ပြောပါတယ်။

ကြားနာစုံစမ်းရေးအဖွဲ့က မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေက ဒေသခံပြည်သူတွေက နိုင်ငံသားကပ်နဲ့ နိုင်ပြုကပ်တွေ ထုတ်ပေးတဲ့နေရာမှာ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေနဲ့ မညီတဲ့ အကြောင်း ကန့်ကွက်စာတွေ ရခိုင်ပြည်နယ်လွှတ်တော်ကို ရောက်လာတဲ့အတွက် လွှတ်တော်ဥက္ကဌရဲ့ တာဝန်ပေးချက်အရ အဖွဲ့ဝင် ၇ ဦးနဲ့ မောင်တောခရိုင်ထဲမှာ ဖေဖော်ဝါရီ ၂၄ က ၂၆ ထိ ကြားနာ စုံစမ်းမှုတွေလုပ်ခဲ့ပါတယ်။
သတင်း၊ ဓာတ်ပုံ - ကိုအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013