DVB Logo
Home
မြန်မာသတင်း
အင်းတော်မြို့နယ်တွင် တရားမဝင် သစ်ခွဲစက်များ ဆက်တိုက် ဖမ်းမိ
DVB
·
March 21, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ ပင်ဝဲကျေးရွာနဲ့ သီလကျေးရွာအနီးမှာ မတ်လ ၂၀ ရက်နေ့က တရားမဝင်သစ်ခွဲစက်တွေ ဖမ်းဆီးရမိခဲ့ပါတယ်။

တပ်မတော်စစ်ကြောင်းမှ ဦးစီး-၁ ဦးဆောင်တဲ့အဖွဲ့ဟာ အင်းတော်မြို့နယ်၊ ပင်ဝဲကျေးရွာ မြောက်ဘက် တောစပ်အတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ တရားမဝင် သစ်ခွဲစက် ၁ လုံး ဆက်စပ်ပစ္စည်းမျိုးစုံ၊ ကျွန်းသစ်ဆိုဒ်စုံ ၂၃ လုံး ၄ ဒသမ ၅၅ တန်၊ ကျွန်းခွဲသားဆိုဒ်စုံ ၀ ဒသမ ၇၄၈ တန်၊ စုစုပေါင်း ကာလတန်ဖိုးငွေ ၂၄ သိန်းကျော်ခန့် သိမ်းဆီးရမိပြီး သစ်စက်လုပ်ငန်း လုပ်ကိုင်နေသူ လူတဦးကို ဖမ်းမိခဲ့တာပါ။

ဒါ့အပြင် တပ်မတော်စစ်ကြောင်း ဦးစီး-၂ ဦးဆောင်တဲ့အဖွဲ့က အင်းတော်မြို့နယ် သီလကျေးရွာ အနောက်တောင်ဘက်ကို နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ တရားမဝင် သစ်ခွဲစက် ၁ လုံး၊ ဆက်စပ်ပစ္စည်းမျိုးစုံ၊ ကျွန်းသစ်လုံး ဆိုဒ်စုံ ၄၈ လုံး ၁၂ ဒသမ ၆၈၈ တန်၊ စုစုပေါင်း ကာလတန်ဖိုး ငွေကျပ်သိန်း ၄၀ ကျော်ခန့် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

အခုဆိုရင် ကသာခရိုင်အတွင်းမှာ အဖိုးတန်ကျွန်းသစ်တွေ ရှားပါးလာပြီ ဖြစ်သလို တရားမဝင် သစ်ခွဲစက်နဲ့ သစ်ခွဲသား ထုတ်ယူတာတွေ များလာတဲ့အတွက် တပ်မတော်စစ်ကြောင်းက နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်ရာမှာ တရားမဝင် သစ်ခွဲစက်တွေကို နေ့စဉ် ဖမ်းမိနေခဲ့တာပါ။ သက်ဆိုင်ရာ သစ်တော ဘိနယ်တာဝန်ခံတွေအနေနဲ့ အရေးယူမှု အားနည်းနေတာဖြစ်ပြီး တရားမဝင် သစ်ထုတ်ယူသူတွေအနေနဲ့ မြန်မာ့သစ်လုပ်ငန်းကြီး လုပ်ကိုင်ခွင့် ရထားသလို လုပ်ကိုင်ခွင့်ရနေတာနဲ့ ပတ်သက်လို့ ဒေသခံတွေအနေနဲ့ ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ တရားမဝင် သစ်လုပ်ငန်း လုပ်ကိုင်သူ ပင်ဝဲကျေးရွာသားတဦးကို အရေးယူထားပြီး တရားမဝင် သစ်ခွဲစက်နဲ့ ဆက်စပ်ပစ္စည်းတွေကို  သက်ဆိုင်ရာ နယ်မြေခံရဲနဲ့ သစ်တောဌာနတွေထံ  စနစ်တကျ လွှဲပြောင်းအပ်နှံထားတယ်လို့ သိရပါတယ်။

သတင်း - သီဟဆွေ(ကသာ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013