
ဧပြီလတုန်းက ပင်လယ်နက်မှာ ပျံသန်းနေတဲ့ ဗြိတိန်တော်ဝင်တပ်မတော် RAF ရဲ့ လက်နက်မဲ့ သူလျှိုလေယာဉ်တစင်းကို ရုရှားစစ်လေယာဉ် ၂ စင်းက “ထပ်တလဲလဲ၊ အန္တရာယ်ရှိလောက်အောင်” ကြားဖြတ်ဟန့်တားခဲ့တယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန (MoD) က မေ ၂၀ ရက်မှာ ထုတ်ပြန် ပါတယ်။
ရုရှား Su-35 တိုက်လေယာဉ်ဟာ ဗြိတိန်လေယာဉ်နားကို အရမ်းနီးနီးကပ်ကပ် ချဉ်းကပ်ခဲ့တဲ့ အတွက် အရေးပေါ်စနစ်တွေ ပွင့်သွားပြီး အလိုအလျောက်မောင်းနှင်စနစ် ရပ်တန့်သွားပါတယ်။
နောက်ထပ် ရုရှား Su-27 လေယာဉ်တစင်းကလည်း ဗြိတိန်လေယာဉ်ရဲ့ ၆ မီတာအကွာကနေ ၆ ကြိမ်တိုင်တိုင် ဖြတ်သန်းသွားပါတယ်။
NATO အရှေ့ပိုင်းဒေသ လုံခြုံရေးအတွက် ပုံမှန်ပျံသန်းနေတဲ့ ဒီလေယာဉ်အပေါ် ရုရှားလေယာဉ်မှူး တွေရဲ့ လုပ်ရပ်ဟာ အန္တရာယ်များပြီး လက်ခံနိုင်စရာမရှိဘူးလို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီးလီက ပြစ်တင်ပါတယ်။
ဒီလုပ်ရပ်တွေဟာ မတော်တဆမှုတွေနဲ့ ပဋိပက္ခကြီးထွားလာနိုင်တဲ့ အန္တရာယ်ရှိတယ်လို့လည်း ဟီးလီက သတိပေးပါတယ်။
ဒါပေမဲ့ ဒီဖြစ်စဉ်ကြောင့် NATO နဲ့ မဟာမိတ်တွေကို ကာကွယ်မဲ့ ဗြိတိန်ရဲ့ ကတိကဝတ်ကို နောက်တွန့်သွားစေမှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။
ဒါဟာ ၂၀၂၂ ခုနှစ်က ပင်လယ်နက်မှာ ဗြိတိန်လေယာဉ်ကို ရုရှားလေယာဉ်မှူးတယောက် ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့ပြီးနောက်ပိုင်း အန္တရာယ်အများဆုံးလုပ်ရပ် ဖြစ်တယ်လို့ ဝန်ကြီးဌာနက မှတ်ချက်ပြု ပါတယ်။
Source: Reuters











