
မြန်မာနိုင်ငံမှာ ၂၀၂၅ ခုနှစ် ဧပြီလကနေ ၂၀၂၆ ခုနှစ် မတ်လအတွင်း မြေမြှုပ်မိုင်းကြောင့် လူပေါင်း ၅၇ ယောက် သေဆုံးပြီး ၁၇၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ Myanmar Witness အဖွဲ့က ထုတ်ပြန်ထားပါတယ်။
မြေမြှုပ်မိုင်းနင်းမိတဲ့ ဖြစ်စဉ်ပေါင်း ၁၇၀ ရှိခဲ့ပြီး ခြေထောက်ဆုံးရှုံးခဲ့သူက ၇၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံး ထိခိုက်ဒဏ်ရာရရှိသူ ၂၃၀ ယောက်ထဲမှာ ကလေးငယ် ၄၇ ယောက် ပါဝင်ပြီး ကလေး ၁၄ ယောက် သေဆုံးခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရရှိခဲ့သူ အများစုဟာ လယ်ယာလုပ်ငန်း လုပ်ကိုင်ချိန်နဲ့ ခရီးသွားလာစဉ်မှာ မိုင်းနင်းမိတဲ့ ဖြစ်စဉ်တွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၂ ခုမှာ မြေမြှုပ်မိုင်းနင်းမိတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်ထက်ဝက်ကျော်က အများပြည်သူဆိုင်ရာ နေရာတွေမှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှု အများဆုံးဒေသတွေက ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့ ဖြစ်ပါတယ်။











