DVB Logo
Home
မြန်မာသတင်း
ဘုရားဖူးများဖြင့် စည်ကားနေသည့် ဗုဒ္ဓတထောင် အကောက်တောင်ဘုရား (သတင်းဓာတ်ပုံ)
DVB
·
March 20, 2017
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီး နယ်စည်းခြားပေါ်က ကြံခင်းမြို့နယ်ထဲက အကောက်တောင်ဘုရား ဘုရားဖူးများနှင့် စည်ကားနေပါတယ်။

အကောက်တောင် ဆိုတာ ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ခြမ်းမှာတည်ရှိပြီး ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် အဆုံး၊ ဧရာဝတီတိုင်း ကြံခင်းမြို့နယ် အစဖြစ်တဲ့ နယ်ခြားစည်းအဖြစ် သတ်မှတ်ထားတဲ့ ချောင်းလေးရဲ့ တဖက်တချက်စီမှာ တည်ရှိနေတာပါ။

အကောက်တောင်ဟာ ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာရှိတဲ့ တောင်တန်းငယ်လေးတွေနဲ့ မတူဘဲ တမူထူးခြားနေတာကတော့ အဲဒီတောင်တန်းတွေရဲ့ တောင်ပေါ်တွေနဲ့ တောင်နံရံတွေမှာ ထုဆစ် တည်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်၊ ဆင်းတုတော်တွေ စေတီတွေကြောင့်ပဲ ဖြစ်ပါတယ်။

အဲဒီဆင်းတုတော်တွေဟာ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ တောင်တွေရဲ့ ကျောက်သားနံရံတွေကို ထွင်းထုထားတဲ့ ကုန်းဘောင်ခေတ်က ကျောက်ဆစ်လက်ရာတွေ ဖြစ်ကြောင်းနဲ့ ဆင်းတုတော်ပေါင်း ၃၇၀ ခန့် ရှိပြီး ထိုင်တော်မူဆင်းတုတော် ၂၆၄ ဆူ၊ ရပ်တော်မူ ဆင်းတုတော် ၁၀၉ ဆူနဲ့ လျောင်းတော်မူ ဆင်းတုတော် ၁၅ ဆူရှိတယ်လို့ ရှေးဟောင်းသုတေသနဌာနရဲ့ မှတ်တမ်းမှတ်ရာတွေအရ သိရပါတယ်။

အကောက်တောင်ဘုရားကို ဘုရားဖူးသွားလိုပါက အုပ်စုလိုက် လာသူတွေအတွက် ထုံးဘိုမြို့ကနေ စက်လှေငှားမယ်ဆိုရင် လူ ၃၀ လောက်ဆံ့တဲ့ စက်လှေအကြီးဆိုရင် အသွားအပြန်အတွက် ၁၅၀၀၀ ပေးရပြီး၊ လူ ၁၅ ဦးဆံ့တဲ့ စက်လှေအငယ်ဆိုရင် ၁၀၀၀၀ ကျပ်ပေးပြီး လွယ်လွယ်ကူကူ ငှားလို့ရပါတယ်။ အဲဒီလိုပဲ ကုန်းလမ်းခရီးနဲ့ တက်မယ်ဆိုရင်လည်း Light Truck ကားနဲ့ အသွားအပြန် လူတဦးကို ၁၅၀၀ ကျပ်နှုန်းနဲ့ လိုက်ပါစီးနင်းနိုင်ပါတယ်။

ထုံးဘိုမြို့လေးကို ဖြတ်ကျော်ပြီးမှသာ သွားလို့ရပါတယ်။ ပန်းတောင်းမြို့နယ်ထဲက ထုံးဘိုမြို့လေးဟာ ပုသိမ်- မုံရွာ အဝေးပြေးလမ်းမကြီးကနေတဆင့် အတွင်းထဲသို့ ကတ္တရာလမ်းဖြင့် ၁ မိုင်ခွဲခန့် ဝင်ရပြီး အာဇာနည် ၉ ဦးထဲက တဦးဖြစ်တဲ့ သခင်မြရဲ့ ဇာတိမြို့လေးကနေတဆင့်သွားနိုပါတယ်။

အကောက်တောင်ဘုရားပေါ်မှာ ညအိပ် ညနေ ရပ်ဝေးက ဘုရားဖူးတွေကို အစဉ်ပြေစေဖို့ ထမင်းသုံးနှပ် အခမဲ့ကျွေးမွေးတာတွေ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးတွေပါ စီစဉ်ပေးထားတယ်လို့ အကောက်တောင်ဘုရား ကျောင်းထိုင်ဆရာတော်က ပြောပါတယ်။

သတင်း၊ ဓာတ်ပုံ - သန်းထိုက်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013