DVB Logo
Home
မြန်မာသတင်း
ရွှေကျင်မြို့နယ်၌ ရွှေတူးဖော်သည့်ရွာသားတဦး သေနတ်ပစ်ခံရ သေဆုံး
DVB
·
March 19, 2017
ရွှေကျင်မြို့နယ်၌ ရွှေတူးဖော်သည့်ရွာသားတဦး သေနတ်ပစ်ခံရ သေဆုံး
1 / 7
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် အောင်ခလိန်ကျေးရွာ-ရွှေထွက်ရှိရာနေရာမှာ မတ် ၁၈ ရက် မနက် ၁၁ နာရီကျော်လောက်က ရွှေတူးဖော်နေတဲ့ ဒေသခံရွာသား မင်းထိုက်(ခ) ကုလားကြီးဟာ သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက အောင်ခလိန်ကျေးရွာမှာ ရွှေတွေထွက်ရှိနေတာကြောင့် ဒေသခံ ရွာသူရွာသားတွေနဲ့ အနီးအနားပတ်ဝန်းကျင်မှ ပြည်သူတွေ အဆိုပါရွှေထွက်ရှိရာနေရာကို သွားရောက်တူးဖော်နေကြတာဖြစ်ပါတယ်။

ရွှေတူးဖော်တဲ့နေရာမှာ မြန်မာ့တပ်မတော်နဲ့ ကေအန်ယူ လက်နက်ကိုင်တို့ ပူးပေါင်းပြီး ရွှေထွက်ရှိရာနေရာမှာ လုံခြုံရေးယူထားတာလည်းဖြစ်ပါတယ်။

ရွှေတူးဖော်တဲ့ ဒေသခံတွေ အလှည့်ကျအဆိုင်းလိုက် လုပ်ကွက်ထဲ ဝင်ရောက်တူးဖို့ တန်းစီစောင့်ဆိုင်းနေစဉ် ခုလိုပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ရွှေတူးဖော်နေသူ တဦးက ပြောပါတယ်။

“ရွှေတူးရဖို့အတွက် ကျနော်တို့ကို တပ်မတော်နဲ့ ကေအန်ယူက တစ်ဖွဲ့ကို ၂ နာရီတခါ ရွှေလုပ်ကွက်ထဲဝင်ရဖို့ ကန့်သတ်ထားပါတယ်။ ကျနော်တို့အလှည့်ရောက်ခါနီး ရွှေလုပ်ကွက်ထဲဝင်ရဖို့ တန်းစီပြီး စောင့်နေစဉ် သူတို့ကို ဘုကြည့်ကြည့်တယ်လို့ဆိုပြီး လက်နက်ကိုင်ထားတဲ့တယောက်က ခုသေသွားတဲ့ သူကို ထိုးပါတယ်။ အဲအခါမှာ အနောက်က သေနတ်ကိုင်ထားတဲ့ တယောက်က ဘေးဖယ်ဘေးဖယ်ဆိုပြီး ပြေးလာကာ သေနတ်နဲ့ တေ့ပစ်သွားတာပါ။"

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရွှေကျင်မြို့နယ်စခန်းမှူး ဦးသန်းထွန်းက “ကျနော်တို့ လူသေမှုဖြစ်တယ်ကြားလို့ အခင်းဖြစ်နေရာကို သွားတယ်။ တပ်မတော်က တပ်ရင်းမှူးနဲ့အဖွဲ့က ငါတို့ဆီကို သေဆုံးသူကို အပ်ပါတယ်။ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ပေးပါဆိုပြီး ငါတို့ကို အပ်လို့ သယ်လာတယ်။ ဆေးရုံကို အပ်ပေးတယ်။ ခုတော့ အမှုဖွင့်ထားတာ မရှိသေးဘူး” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ ဒေသခံရွာသား မင်းထိုက်ကို ဒုံဇရစ်ကျေးရွာ တပ်မတော်တပ်ရင်း (၅၈၉) တပ်က စစ်သားတဦးက ပစ်သတ်ခဲ့တာလို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရွှေထွက်ရှိရာ လုပ်ကွက်မှာ လုံခြုံရေးတာဝန်ယူထားတဲ့ တပ်မတော်ဘက်မှ တာဝန်ရှိသူကို ဒီဗွီဘီက အကြိမ်ကြိမ်ဆက်သွယ်စုံစမ်းပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

သတင်း၊ဓာတ်ပုံ-နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013