DVB Logo
Home
မြန်မာသတင်း
တာမွေ ဒုဦးစီးမှူး ကြိုးဆွဲချသေဆုံးမှု သံသယဖြစ်စရာရှိနေဟု လွှတ်တော်အမတ်ပြော (ရုပ်သံ)
DVB
·
March 18, 2017
တာမွေ ဒုဦးစီးမှူး ကြိုးဆွဲချသေဆုံးမှု သံသယဖြစ်စရာရှိနေဟု လွှတ်တော်အမတ်ပြော (ရုပ်သံ)
Donate to DVB



တာမွေ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝင်းထဲ ကြိုးဆွဲချသေဆုံးမှုမှာ သံသယဖြစ်စရာတွေ ရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။

တာမွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအတွင်းမှာ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က ဒုဦးစီးမှူး ဦးနေမျိုးဆွေ ကြိုးဆွဲချသေဆုံးခဲ့မှုဖြစ်ပွားခဲ့ပါတယ်။

အဲဒီဖြစ်စဉ်မှာ သေဆုံးသူရဲ့ ကိုယ်ခန္ဓာနဲ့ ပတ်ဝန်ကျင်မှာ ဒဏ်ရာတွေနဲ့ သွေးကွက်တွေရှိနေတာကြောင့် သံသယဖြစ်စရာတွေ ရှိနေတယ်လို့ တာမွေမြို့နယ်၊ မဲဆန္ဒနယ် ၁ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ပြောဆိုလိုက်တာပါ။

“ကြိုးဆွဲချပြီးသေတာတွေကို နှစ်ခုသုံးခုလောက် မြင်ဖူးပါတယ်။ ကျန်တဲ့နေရာတွေမှာတော့ သွေးထွက်တာတို့ ဘာတို့ မရှိပါဘူး။ ဥပမာ ပုဆိုး၊ လုံချည်ရွှဲနေတယ်၊ ဒါမျိုးတွေပေါ့လေ၊ တွေ့တတ်ပါတယ်။ များသောအားဖြင့်တော့ လျှာထွက်တာတော့ ကြိုးဆွဲချတဲ့အသွင်ဆိုတာ ထွက်တာပေါ့။ ဥပမာ အောက်မှာ သွေးကွက်နဲ့ ဒဏ်ရာနဲ့ ဖြစ်နေတော့ စဉ်းစားစရာ အချက်တွေ ဖြစ်နေတယ်။ ဒါကို ပြောတာပါ။ ကံသေကံမရယ်လို့တော့ ဘာမှ စွပ်စွဲလို့ မရပါဘူး။”

ရန်ကုန်တိုင်းဒေသကြီး အဆင့်မြင့်ရဲအရာရှိတဦးကတော့ ငွေကြေးကိစ္စ အရှုပ်အရှင်းတွေကြောင့် ကြိုးဆွဲချသေဆုံးခဲ့တာဖြစ်ကြောင်း လက်ရှိစစ်ဆေးချက်တွေအရ သိရတယ်လို့ ပြောပါတယ်။

ဒါပေမယ့် သေဆုံးခဲ့သူဟာ ဘယ်လိုကြောင့် သေခဲ့တယ်ဆိုတာ ဆေးစစ်ချက်ထွက်လာမှ သိရမှာဖြစ်တဲ့အတွက် ဆေးစစ်ချက်ဟာ မှန်ကန်ဖို့၊ ရိုးသားစွာထုတ်ပြန်ပေးဖို့ လိုအပ်တယ်လို့လည်း တရားလွှတ်တော်ရှေ့နေတဦးဖြစ်တဲ့ ဦးကြီးမြင့်က ပြောပါတယ်။

“သတ်တဲ့သူက ပိုက်ဆံသိပ်ရှိနေတယ်။ ပိုက်ဆံသိပ်ရှိနေတဲ့အခါမျိုးမှာ ဆေးစာကို လိမ်ရေးခိုင်းတာပေါ့။ ဒါမျိုးတွေကျတော့ ဖော်ဖို့မလွယ်ဘူး။ တကယ်လို့ ဒီဟာက လူသတ်မှုဖြစ်ရဲ့သားနဲ့ လိမ်လည်ပြီးတော့ ဆေးစာရေး တယ်ဆိုရင်တော့ ပူးပေါင်းကြံစည်မှု ဖြစ်သွားတယ်။ နောက်အဲဒီရုံးရှေ့မှာ တကယ့်အဖြစ်ရပ်နဲ့ ဖြစ်နေတာနဲ့ ဒဏ်ရာတွေ့ရှိပုံ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ မမှန်မကန် တရားရုံးရှေ့မှာ ထွက်ဆိုမယ်ဆိုရင် လိမ်လည်မှုနဲ့ တရားဥပဒေအရ  မုသားသက်သေအနေနဲ့ အရေးယူလို့ရတယ်။ တမင်သက်သက်ကို ငွေကြေးကြောင့်ဖြစ်စေ၊ အကြောင်းတခုခုကြောင့်ဖြစ်စေ ဆေးစာကို မမှန်မကန်ရေးမယ်ဆိုရင် သူကပူးပေါင်းကြံစည်မှုနဲ့ ပါသွားလိမ့်မယ်။”

သေဆုံးသူဟာ အသက် ၂၆ နှစ်အရွယ်ရှိပြီး အထွေထွေအုပ်ချူပ်ရေးဦးစီး ဌာနရုံးခြံဝင်းအတွင်းမှာ ၂ နှစ် ကျော်နေထိုင်ခဲ့တဲ့ လိုင်းခန်းအတွင်းမှာ ကြိုဆွဲချသေဆုံးနေ ခဲ့တာပါ။

သေဆုံးခဲ့သူ ဒုဦးစီးမှူး ဦးနေမျိုးဆွေရဲ့ မူလဇာတိက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်မှာနေထိုင်ပြီး ညီအစ်ကိုမောင်နှမ ၇ ဦးရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013