DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားရေးဌာနတွင် နာမည်ပျက် မရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြော
DVB
·
March 18, 2017
နိုင်ငံခြားရေးဌာနတွင် နာမည်ပျက် မရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြော
Donate to DVB

နှစ်ပေါင်း ၇၀ သက်တမ်းရှိပြီဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ဘယ်လောက်ပဲ အတက်အကျ ရှိခဲ့ရှိခဲ့ နာမည်ပျက်တော့ မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

မတ်လ ၁၇ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားမှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာ ဖြစ်ပါတယ်။

“ကျမတို့ ဝန်ကြီးဌာနအနေနဲ့ နှစ် ၇၀ ခရီးကိုလျှောက်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီခရီးကာလအတွင်းမှာ ဘယ်လိုပဲ အတက်အကျတွေပဲရှိရှိ ကျမသိသလောက်ကတော့ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ တော့ နာမည်ပျက်ခဲ့တယ်ဆိုတာ မရှိပါဘူး၊ အားလုံးဟာ ကိုယ့်တာ ၀န်ကိုယ်ကျေပွန်အောင် လုပ်မယ်ဆိုလို့ရှိရင်တော့ လိပ်ပြာသန့်ပါတယ်။

“အဲဒီတော့ ပထမဦးဆုံး နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့တဲ့ ဖေဖေရဲ့ အဆိုလေးတခုနဲ့ နိဂုံးချုပ်ရ မယ်ဆိုရင် ‘အရေးကြီးတာကတော့ ကိုယ့်လိပ်ပြာခုံရုံးရှေ့မှာ ကိုယ်လုံဖို့လိုပါတယ်’။ ကျမတို့ နိုင်ငံခြားရေး ၀န်ကြီးဌာန ဝန်ထမ်းများအားလုံးဟာ နိုင်ငံအပေါ်မှာ တာဝန်သိ သစ္စာရှိတဲ့ နေရာမှာ ကိုယ့်လိပ်ပြာ ခုံရုံးရှေ့မှာ ကိုယ်လုံအောင်နေကြပါလို့ တိုက်တွန်းလိုပါတယ်။”

၁၉၄၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပထမဆုံး ၀န်ကြီးလုပ်ခဲ့သူက ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပြီး ဌာနသက်တမ်း နှစ် ၇၀ ပြည့်တဲ့အချိန်မှာ ၀န်ကြီး တာဝန်ယူထားသူက ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။

ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးဌာနဟာ နိုင်ငံကို ရှေ့တန်းက ကာကွယ်ပေးနေရတဲ့ ဌာနတခု ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။

“ကျမတို့ဟာ first line of defense ရှေ့တန်းကနေ ကျမတို့နိုင်ငံကို ကာကွယ်ရပါတယ်။ တစ်ခြားနိုင်ငံတွေနဲ့ပဋိပက္ခမဖြစ်အောင်လို့ ကျွန်မတို့နိုင်ငံရဲ့သိက္ခာကို ကျမတို့ကနေပြီးတော့ ထိန်းသိမ်းတယ်ဆိုတာ သိက္ခာရှိတဲ့နိုင်ငံ ကို တော်ရုံတန်ရုံနိုင်ငံက မထိပါးရဲဘူး။ မစော်ကားရဲဘူး။ လေးစားတယ်။

“အဲဒီတော့ ကမ္ဘာက ကျမတို့နိုင်ငံကို လေးစားအောင်လို့ လုပ်တယ်ဆိုတာကိုက နံပါတ်တစ် ကျမတို့ နိုင်ငံကိုကာကွယ်တာပါ။ နောက်တဆင့်ကလည်း အခြားနိုင်ငံတွေနဲ့ နိုင်ငံချင်း နိုင်ငံချင်းဆိုတာ အမြဲပဲ ပြဿနာမရှိဘူးဆိုတာ မရှိပါဘူး။ ပြဿနာဆိုတာ ပေါ်တတ်ပါတယ်။ ဒီပြဿနာတွေကို ကျမတို့က အေးအေးဆေးဆေးနဲ့ သိက္ခာရှိရှိနဲ့ ဘယ်လိုဖြေရှင်း နိုင်မလဲဆိုတာဟာ အင်မတန်အရေးကြီးပါတယ်။ ဘာတွေလုပ်ရတာလဲဆိုရင် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒါတွေလုပ်ရတာပဲဖြစ်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013