သမိုင်းကပေးတဲ့ အတွေး
DVB
·
March 16, 2017

ဒီတစ်ခေါက် ရွှေစာရံဘုရားပွဲတော်ကို ရောက်တော့ ဒုဋ္ဌဝတီမြစ်ထဲဆင်းပြီး အရင်နှစ်တွေလို ရေမကစားဖြစ်ဘူး။ ထန်းရွက်ပုတီး၊ ထန်းရွက်ငါးနဲ့ ဘူးခါးသီးခြောက် ဝယ်ဖို့လည်း စိတ်ကူးမရခဲ့ဘူး။
အရင်လို ပေါင်းမိုးလှည်းလေးတွေကို မတွေ့ရတော့ဘူး။ အရင်လို ထန်းရွက်ပုတီး၊ ထန်းရွက်ငါးရုပ်လေးတွေနဲ့ ဘူးခါးသီးခြောက် ရောင်းတဲ့ ဆိုင်တွေကိုလည်း များများစားစား မတွေ့ရတော့ဘူး။ ပွဲတော်ကာလအတွင်း ဘုရားလာဖူးကြတဲ့ ငါးကြီးတွေ အကြောင်းကိုလည်း ပြောသံမကြားရတော့ဘူး။ အဲဒါအပြင် ရွှေစာရံဘုရားပွဲတော်ကို လာရောက်ကြတဲ့ တောင်ပေါ်ဒေသက ပအို့ဝ်၊ ပလောင်၊ ရှမ်း၊ ဓနု တိုင်းရင်းသားတွေကို မြင်လိုက်ရတော့ အမုန်းစကားတခုကြောင့် ချစ်ကြည်ရင်းနှီးမှုတွေ ပျက်စီးခဲ့ရတာ၊ အချင်းချင်း သွေးကွဲခဲ့ရတာ၊ မိသားစုဘဝတွေ သေကွဲ၊ ရှင်ကွဲ ကွဲကွာခဲ့ရတာ၊ မလိုမုန်းထား၊ အမုန်းတရားတွေကို စဉ်းစားဆင်ခြင်ဉာဏ်နဲ့ ချိန်ထိုးခြင်းမရှိခဲ့တာကို တွေးမိတယ်။ ရွှေစာရံ စေတီတော်သမိုင်းကို တွေးလိုက်မိတော့ သင်ခန်းစာတမျိုး ရတယ်လို့ ခံစားနေရလို့ပါပဲ။
အမြွှာမောင်နှမဖြစ်တဲ့ ရှမ်းမောင်နှမ စောမွန်လှနဲ့ ခွန်ကော်လန်းတို့ နှစ်ယောက်မှာ စောမွန်လှက အစ်မကြီး။ သူတို့ မောင်နှမနှစ်ယောက် ကြီးပြင်းရာ မောကိုးပြည်ကို မြန်မာဘုရင် အနော်ရထာမင်းက နှစ်သက်တော်မူခဲ့တယ်။ မောင်နှမနှစ်ဦးရဲ့ ဖခင် မောဘုရင်ကြီးကတော့ နှစ်ပြည်ထောင် ချစ်ကြည်ရေးအတွက် သမီးတော် စောမွန်လှကို အနော်ရထာမင်းကြီးနဲ့ လက်ဆက်စေခဲ့တယ်။
အနော်ရထာမင်းကြီးဟာ ရှမ်းမင်းသမီးလေး စောမွန်လှကို အင်မတန် မြတ်နိုးတော်မူခဲ့တယ်။ အဲဒါကြောင့်လည်း မိဖုရားခေါင်ကြီးဖြစ်တဲ့ သီရိမာလာဒေဝီရဲ့ အမုန်းပွားခြင်းကို ခံခဲ့ရသူပေါ့။ ဘာသာတရားကို ကိုင်းရှိုင်းလွန်းတဲ့ ရှမ်းမင်းသမီးလေး စောမွန်လှတဲ့ နားတောင်းက ရောင်စဉ်ကွန့်မြူးတာကို စုန်းပညာတတ်သူတယောက်အဖြစ် ဉာဏ်ဆင်ပြီး ချောက်တွန်းခဲ့တယ်။ ဒါကို လေ့လာဆန်းစစ်မှု အားနည်းတဲ့အပြင် အမှားကို ထပ်ခါထပ်ခါ ပြောလို့ အမှန်ထင်မှတ်သွားတာခဲ့တယ်။ အနော်ရထာဘုရင် ကိုယ်တော်တိုင်ကလည်း မြင်တွေ့သမျှ ဝေဖန်ပိုင်းခြားမှုမရှိဘဲ ယုံမှားသံသယ ဖြစ်ခဲ့ရာကနေ ရှမ်းမင်းသမီးလေး စောမွန်လှဟာ စုန်းမ ဧကန်ဖြစ်တယ်လို့ သတ်မှတ်လိုက်ပြီး နေရပ်ကို ပြန်ဖို့ တိုင်းပြည်ကနေ နှင်ထုတ်လိုက်တော့တယ်။
အဲဒီလို အမုန်းစကားနဲ့ မနာလို မုန်းထားစိတ်တွေနဲ့ တိုက်ခိုက်ခံခဲ့ရတာကြောင့် စောမွန်လှမင်းသမီးလေးဟာ နန်းတော်ကနေ ထွက်ခွာလာခဲ့တယ်။ လမ်းခုလတ်ဖြစ်တဲ့ ရွှေစာရံ မရောက်ခင် အခု နားတောင်းကျချောင်းလို့ အမည်တွင်တဲ့ ချောင်းကိုရောက်တဲ့အခါ နားတောင်းတဖက် ရေမှာ ကျခဲ့တယ်။ အကယ်၍ ဘုရင်မင်းမြတ်ဟာ သူ့ကို နန်းတော်ကို ပြန်မခေါ်တော့ဘူးဆိုရင် ရေမှာ ကျတဲ့ နားတောင်းဟာ လက်ဝယ် ပြန်ရောက်ပါစေလို့ ခြုံထည်ပဝါစကို ရေမှာချပြီး သစ္စာပြုလိုက်တဲ့အခါ နားတောင်းဟာ ခြုံထည်ပဝါစမှာ ကပ်ငြိပါလာခဲ့တယ်။
အဲဒီနားတောင်းနဲ့ သူ့မှာပါလာတဲ့ ဓာတ်တော်တွေကို ဌာပနာပြီး စေတီတဆူ တည်ခဲ့တယ်။ ဉာဏ်တော်အမြင့်က ငါးတောင် ရှိတယ်။ အခု ရွှေစာရံပေါ့။ စေတီတော် တည်တာကို ကြားသိတဲ့ မင်းကြီးဟာ မင်းချင်းကို စေလွှတ်ပြီး ‘ဘုရားမုခ်ဦးကို ဖခင်နဲ့ မောင်တော်ရှိရာ မောရှမ်းဘက်ကို လှည့်တည်ထားလျှင် စောမွန်လှကို သတ်၊ ငါကိုယ်တော်မြတ်ရှိရာ နန်းတော်ဘက်ကို လှည့်တည်ထားတယ်ဆိုရင် အသက်ချမ်းသာစေ’ လို့ အမိန့်ပေးလိုက်တယ်။
ဒါကို သိခွင့်ရလိုက်တဲ့ မင်းသမီးစောမွန်လှဟာ ညတွင်းချင်းပဲ သစ္စာဓိဋ္ဌာန် ပြုလိုက်တဲ့အတွက် အခုလက်ရှိ ဖူးတွေ့နေရတဲ့ ရွှေစာရံစေတီတော်ဟာ အရှေ့ဘက်မကျ၊ အနောက်ဘက်မကျ တည်ရှိနေခဲ့တယ်။ ဖခင်နဲ့ မောင်တော်ရှိရာ မောပြည်ကို ပြန်တဲ့ လမ်းတလျှောက်မှာလည်း စေတီတော်တွေကို တည်ထားခဲ့တယ်။ မောပြည်ကို မရောက်ခင် လမ်းခုလတ်မှာပဲ ကံတော်ကုန်ခဲ့ရတယ်။
အစ်မတော် ကံတော်ကုန်တဲ့ သတင်းစကားကြောင့်ပဲ မောင်တော် စဝ်ကော်လျန်လည်း ကံကုန်ခဲ့ရှာတယ်။
နှစ်စဉ် တပေါင်းလပြည့်နေ့ကနေ လပြည့်ကျော် ၉ ရက်နေ့ထိ ဆယ်ရက်တိုင်တိုင် ကျင်းပတဲ့ ရွှေစာရံဘုရားပွဲတော်ကြီးကတော့ အခုနှစ် ပွဲတော်နဲ့ပါဆိုရင် နှစ်ကိုးဆယ်နီးပါး ရှိနေပြီလို့လည်း သိရတယ်။ ဘုရားအမ စောမွန်လှ တည်ထားခဲ့တဲ့ ရွှေစာရံ စေတီတော်ကြီးကို မြန်မာသက္ကရာဇ် ၁၂၈၀ ပြည့်နှစ်မှာ ရသေ့ကြီး ဦးခန္တီက ပြည်လည်တည် ထားခဲ့တာလို့လည်း သိရတယ်။ ဉာဏ်တော်အမြင့် အတောင် ၉၀ ရှိတယ်။ အခန်း စောင်းတန်းပေါင်းက ၁၆၈ ခန်း၊ တိုင်ပေါင်းက ၂၂၄ တိုင် ပါတယ်။
ဒီသမိုင်းကြောင်းတွေကို စိတ်မကောင်းခြင်းများစွာနဲ့ ပြန်စဉ်းစားမိတဲ့အခါ သမိုင်း သင်ခန်းစာတခု ရလိုက်တယ်။ အမုန်းတွေကို မစွန့်လွှတ်သရွေ့၊ ဆင်ခြင်သုံးသပ်မှု အားနည်းနေသရွေ့ အေးချမ်းမှုဆိုတာ ပျောက်ဆုံးနေမှာပါပဲ။ မိသားစုတွေ ထိခိုက်နေရဦးမှာပါပဲ။ သေကွဲ၊ ရှင်ကွဲတွေ ကွဲကွာ ခွဲခွာနေရဦးမှာပါပဲ။
သမိုင်းသင်ခန်းစာတွေကို ကြည့်ပြီး အချင်းချင်းလည်း အမုန်းမပွားသင့်တော့ဘူး။ တောင်ပေါ် မြေပြန့်လည်း မခွဲခြားသင့်တော့ဘူး။ ငါ့ဖို့ဆိုတဲ့ အတွေးတွေကို စွန့်ထားပြီး အများဆိုတာကို ကြည့်ရင်း လက်ချင်းယှက်သင့်နေပါပြီ။ အမုန်းပင်တွေပျောက်လို့ အပြုံးပင်တွေ လှိုင်လှိုင်ပေါက်သင့်နေပါပြီ။
ရွှေစာရံက အပြန်မှာတော့ ဆုတောင်းမိတယ်။ သောကကင်းကင်းနဲ့ ကောင်းသော အိပ်စက်ခြင်း၊ ကောင်းသော နိုးထခြင်းတွေနဲ့ မြန်မာပြည်ကြီး အေးချမ်းပါစေလို့သာ။
သင်းသင်းသော်