DVB Logo
Home
Lead Story
မန္တလေးက ထမင်းဟင်း ဖက်ရှင်
DVB
·
August 18, 2016
မန္တလေးက ထမင်းဟင်း ဖက်ရှင်
Donate to DVB

မန္တလေးနဲ့ ပတ်သက်တာ မှန်သမျှ တော်တော်များများ ရေးခဲ့ ပြောခဲ့ဖူးပြီ။ အဲဒီအကြောင်းအရာတွေ အများကြီးထဲမှာ မန္တလေးမြို့ရဲ့ စတိုင်လ်ဖြစ်လာတဲ့ ထမင်းဆိုင်လေးတွေ အကြောင်းလည်း ပါတယ်။ အရင်တုန်းကတော့ ရှမ်းထမင်းဆိုင်လေးတွေပေါ့။ တခါပြင် ဆိုင်လေးတွေ အကြောင်းပေါ့။ အခုနောက်ပိုင်း ဒီကနေ့ မန္တလေးမြို့မှာ ထမင်းဆိုင်လေးတွေက အရင်လို ရွက်ဖျင်တဲလေးတွေနဲ့ မဟုတ်တော့ဘူး။ လမ်းဘေး ကျူးတဲလေးတွေနဲ့ မဟုတ်တော့ဘူး။ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ရေစီးထဲမှာ မန္တလေးသားတို့ရဲ့ အကြိုက်တွေကတော့ သိပ်မပြောင်းဘူးထင်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့စတိုင်လ်ဖြစ်တဲ့ မြန်မာထမင်းဟင်းကို ပွဲတော်စာလို ပြင်ဆင်ရောင်းချလာကြတယ်။ ဖွင့်လိုက်တဲ့ ဆိုင်တိုင်းလည်း လူပြည့်လူလျှံချည်းပါပဲ။

အရင်က ရှမ်းထမင်းဟင်း(တခါပြင်)၊ အသားဟင်းနှစ်မျိုး၊ အရံဟင်းနှစ်မျိုးနဲ့ ကိုယ့်စိတ်ကြိုက်ရွေးချယ် မှာယူရတဲ့ ဆိုင်မျိုး။ ညနေခင်းလို၊ ညဘက်လိုမျိုးမှာ လက်တွန်းလှည်းတွေနဲ့ ရောင်းချကြတဲ့ ထမင်းကြော်ဆိုင်တွေ၊ မြန်မာထမင်းဟင်းဆိုင်မျိုး ဖွင့်ကြတယ်။ ကုမ္ပဏီဝန်ထမ်းနဲ့ အဆောင်နေ လူတန်းစားတို့အတွက်ကတော့ ဒီလို တခါပြင်ဆိုင်တွေမှာ တိုးဝှေ့ပြီး စားကြတယ်ပေါ့။ ဟိုးအရင်တုန်းကတော့ မန္တလေးရဲ့ ထမင်းဆိုင်လေးတွေဟာ ကုမ္ပဏီဝန်ထမ်းတွေ၊ အဆောင်နေသူတွေကိုသာ အဓိကပစ်မှတ်ထား ရောင်းချကြရတာ ဖြစ်ပေမယ့် အခုနောက်ပိုင်းကတော့ အဲလိုမဟုတ်တော့ပါဘူး။

ထမင်းဟင်းမချက်ဘဲ အပြင်မှာ ထမင်းထုပ်၊ ဟင်းထုပ် ဆွဲစားတဲ့သူဆိုရင် အပျင်းကြီးတဲ့သူလို့ အပြောခံခဲ့ရပေမယ့် အခုနောက်ပိုင်းကတော့ ထမင်းဆိုင်မှာမှ မထိုင်ဖြစ်ရင်၊ ထမင်းဆိုင်မှာမှ ဧည့်သည်ကို လိုက်မကျွေးရရင် ခေတ်မမီတဲ့သူလိုလို၊ ရှေးရိုးစွဲကြီးတွေလိုလိုကို ဖြစ်လာကြတော့တာ။

ငွေကြေးမတတ်နိုင်တဲ့သူက လမ်းဘေး ရွက်ဖျင်တဲလေးတွေနဲ့ ရောင်းတဲ့ အ၀စား ၉၀၀၊ ၁၀၀၀ တန်စီ ပြေးကြတယ်။ ပိုက်ဆံတတ်နိုင်တဲ့ သူတွေကတော့ ဆိုင်ကနား အကြီးကြီးတွေနဲ့ ဆိုင်ကြီးတွေဆီ ပြေးကြတယ်။ အဲ့လို ကွာခြားခဲ့တဲ့ မန္တလေးက အခုတော့လည်း လမ်းဘေးဆိုင်ပဲကြည့်ကြည့် ဆိုင်ကနားကြီးတွေကိုပဲကြည့်ကြည့် ကား၊ ဆိုင်ကယ် အပြည့်၊ လူတွေအပြည့်ပါပဲ။

ရှမ်းထမင်းဆိုင်၊ ဗမာထမင်းဆိုင်၊ ထမင်းကြော်ဆိုင်တွေအပြင် အခုဆိုရင် မြန်မာဘူဖေးဆိုင်တွေလည်း အများကြီး။ မန္တလေးမှာ ကနဦး ထမင်းဆိုင်လေးတွေကနေ ဇလုံကြီးထမင်းဆိုင်ဆိုတော့ ဈေးနည်းနည်းနဲ့ များများလည်း စားလို့ရ၊ စိတ်ကြိုက်ဟင်းလည်း မှာလို့ရတဲ့ ဇလုံကြီးထမင်းဆိုင်ကို ပြေးကြတယ်။ ဇလုံထဲမှာ ထမင်းဖြူဖြူကိုထည့်၊ ကိုယ်မှာတဲ့ ဟင်းကိုထည့်ပြီး ဇွန်းတပ်ပေးတယ်။ ငံပြာရည်၊ တို့စရာနဲ့ ချဉ်ရည်ဟင်းဆိုတာကတော့ ကြိုက်သလောက် တောင်းလို့ရတယ်။ တပြားမှ ပိုပေးစရာမလိုဘူး။ အဲဒီဝန်ဆောင်မှုတွေကြောင့် လာလိုက်ကြတဲ့ သူတွေဆိုတာ မနည်းမနောပါပဲ။

နောက် ဖက်ထမင်း ပေါ်လာပြန်တယ်။ အင်ဖက်ထဲမှာ ကိုယ်မှာတဲ့ ဟင်းနှစ်မျိုးကို ထမင်းဖြူပေါ်မှာ ပုံပေး၊ အရွက်ကြော်တို့၊ ငရုတ်သီးကြော်တို့ ပုံပေး၊ အင်ဖက်နံ့လေး တသင်းသင်း၊ ဟင်းနံ့လေး တသင်းသင်းနဲ့ ဖက်ထမင်းမစားဘူးရင်ကို ခေတ်နောက်ကျသလိုလိုမို့ အပြေးအလွှား စားကြပြန်တယ်။ ဟော အင်ဖက်ထမင်းပြီးတော့ မြန်မာဘူဖေးတဲ့။ စားပွဲဝိုင်းကြီးတွေချ၊ မြန်မာဟင်းမျိုးစုံ မှာလို့ရတယ်။ စမတ်ကျကျ၊ စတိုင်လ်ကျကျ မှာယူစားသောက်ရတော့ ဧည့်သည်များလာရင် မြန်မာဘူဖေးဆိုင်ကို အပြေးအလွှား ပို့ရတာ အမောပါပဲ။

အဲဒီနောက် ကြာဖက်ထမင်းတဲ့။ ဗန်းသေးသေးလေးပေါ်မှာ ကြာဖက်လေးကိုခင်း၊ အဲဒီ ကြာဖက်ဝိုင်းလေးပေါ်မှာ ထမင်းဖြူ၊ ဟင်းပုံပေးတာ။ နောက် စကောထမင်းတဲ့။ စကောပေါ်မှာ ဖက်ရွက်ကိုခင်း၊ ထမင်းတွေ၊ ဟင်းတွေထည့်ပြီး လူအများကြီး ၀ိုင်းစားကြတာ။ နောက် ဒေါင်းလန်းကြီးထမင်းတဲ့။ ဒေါင်းလန်းကြီးထဲမှာ ဟင်းတွေအမျိုးစုံအောင် တည်ခင်းထားတယ်။ မြန်မာ့ပွဲတော်စာလိုမျိုးပေါ့။  အသစ်ဖွင့်တဲ့ ထမင်းဆိုင်လေးတွေ သေးသေးကြီးကြီး ဆိုင်ပုံစံလေးကို ကောင်းကောင်းမွန်မွန် ပြင်ဆင်ပြီး ကျကျနန ရောင်းချကြတယ်။

မန္တလေးမှာ အရင်က ဘာပစ္စည်းပဲဝယ်ဝယ် ကျွတ်ကျွတ်အိတ်ဆိုတာ သိပ်မသုံးကြဘူး။ ကြာဆံကြော်၊ ခေါက်ဆွဲကြော် ၀ယ်မလား၊ ဈေးထဲမှာ အသားငါးဝယ်မလား  ဖက်နဲ့ထုပ်ပေးကြတယ်။ နောက်ပိုင်းမှ ကျွတ်ကျွတ်အိတ်ပုံစံ ပြောင်းသွားတာ။ အခုလို ငှက်ပျောဖက်၊ ကြာဖက်၊ အင်ဖက်တွေ ပြန်ပြီးခေတ်ထလာတော့လည်း တမျိုးကောင်းသွားတာပေါ့။ ထမင်းကို ကျွတ်ကျွတ်အိတ်နဲ့ မထုပ်ဖြစ်ကြတော့တာပေါ့။

အရသာကောင်းတယ်၊ အစပ်အဟပ်တည့်တယ် ဆိုရင်ဖြင့် ဘယ်လောက်ပဲဝေးဝေး၊ ကမ်းနားလမ်းလို နေရာမျိုးမှာ ဖွင့်ထားတဲ့ မြန်မာဖူဘေးဆိုင်ကိုတောင် ပုသိမ်ကြီးဘက်ကနေ လာစားကြတဲ့အထိ။ မန္တလေးသားတွေက အကောင်းကြိုက်ကြတယ်လေ။ ငွေ ၁၀၀၀ ဆိုတာ ခုခေတ်ကာလအတွက်တော့ ဈေးကြီးတယ်လို့ မဆိုသာတော့ပါဘူး။ ငွေ ၁၀၀၀ နဲ့ လဲရမယ့် အချိန်တွေက ပိုလို့ အရေးကြီးနေကြပြီ မဟုတ်ပါလား။ အရင်ဆို အိမ်ထမင်း၊ အိမ်ဟင်းဆိုတဲ့ အစွဲအလမ်းတွေတော့ ရှိနေနိုင်ပါသေးတယ်။ ဆိုင်ထမင်း၊ ဆိုင်ဟင်းကို နေ့စဉ်ရက်ဆက်စားရင် အိမ်ထမင်းဟင်းကို လွမ်းတတ်ကြတာပါပဲ။ ဒါပေမယ့်လည်း အခုအချိန်အခါကတော့ ဒီဆိုင်လေးစားလိုက်၊ ဟိုဆိုင်လေး သွားစားလိုက်နဲ့ အိမ်ထမင်းဟင်း ချက်စားဖို့လည်း အချိန်မပေးချင်တော့ပါဘူး။

ရှေ့ကတယောက်က အလုပ်လုပ်ရင် နောက်မှာကျန်ခဲ့တဲ့ အိမ်သူက အိမ်မှုကိစ္စ ဆောင်ရွက်ကြတယ်။ စီးတဲ့ရေ၊ ဆည်တဲ့ကန်သင်းဆိုပြီး အိမ်ထောင်ဦးစီးရှာတဲ့ငွေကို အိမ်သူက ခြိုးခြံချွေတာ သုံးစွဲတယ်။ တယောက်ရှာရုံနဲ့ တမိသားစုလုံးကို စောင့်ရှောက်နိုင်တဲ့ အနေအထားမျိုးက အရင်ခေတ်မှာကျန်ခဲ့ပြီ။ အဲဒီတော့လည်း ထမင်းဟင်းချက်၊ ကျောင်းပို့ကျောင်းကြို၊ လျှော်ဖွပ်၊ အိမ်သန့်ရှင်းရေးလုပ်ဆိုတဲ့ ဘ၀တွေထဲကနေ ခွဲထွက်ပြီး တက်ညီလက်ညီ ၀င်ငွေရှာရတော့တယ်။

သာရေး၊ နာရေးတွေအပြင် ရေဖိုး၊ မီးဖိုး၊ ကျောင်းစရိတ်၊ အိမ်လခ ဆိုတာတွေကအစ ထည့်တွက်နေရတဲ့ ဒီခေတ်ကြီးထဲမှာတော့ တယောက်လုပ်စာ ထိုင်စားဖို့ဆိုတာ တယ်မလွယ်လှပါဘူး။ ဒါကြောင့်လည်း အိမ်ထောင်ရှင်မတွေဟာ မီးဖိုချောင်ကိုပစ်ပြီး အဲဒီအချိန်တွေအစား အလုပ်လုပ်နေကြရတာပေါ့။ အိမ်ရှင်မတွေရဲ့ အလုပ်တွေကို ကူညီလုပ်ကိုင်ပေးနေသူကတော့ အခုလို ထမင်းဆိုင်လေးတွေပဲ ဖြစ်နေပါတယ်။

ဒါကြောင့် မန္တလေးမှာ ထမင်းဆိုင်လေးတွေအပြင် နောက်ထပ် အရသာကောင်းပြီး မြန်မာဆန်ဆန် ဆန်းသစ်တဲ့ အစားအသောက်တွေ ပေါ်လာနေဦးမှာ အသေအချာပဲ ဖြစ်ပါတော့တယ်။

သင်းသင်းသော်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013