DVB Logo
Home
Lead Story
လူ့စိတ်တံခါးနဲ့ ရသစာပေ
DVB
·
October 28, 2016
လူ့စိတ်တံခါးနဲ့ ရသစာပေ
Donate to DVB

 

ဒီဘက်ခေတ် လူငယ်တွေ စာဖတ်အား နည်းလာကြတယ်။ စာဖတ်အား နည်းလာကြတာနဲ့အမျှ ရသစာပေ ဆိုတာကလည်း ပျောက်ကွယ်နေသလို ဖြစ်လာခဲ့တယ်။ နှစ်တွေ ဘယ်လောက်ထိအောင် ကြာသွားသလဲဆိုတော့ ၂၆ နှစ်လုံးပါပဲ။  ကလောင်သွားထက်ထက်တွေ၊ လက်ရည်မသွေးဝံ့အောင် လုပ်ထားခဲ့သလို၊ နိုင်ငံရေးသမားကြီးတွေကလည်း ထောင်ထဲမှာ တသီတတန်းကြီး ဖြစ်ခဲ့တာဆိုတော့ စာပေအရေးအသားတွေကို ကွေ့ကာ၊ ဝိုက်ကာ၊ လှည့်ကာ ပတ်ကာနဲ့ ရေးပြီး စာပေစိစစ်ရေးဆိုတာကို ဖြတ်ကျော်လာခဲ့ရတာ အားလုံး အသိပါပဲ။

ဒီကနေ့ အချိန်အခါမှာတော့ ကိုယ်လိုချင်တဲ့ အစိုးရကိုလည်း မှန်မှန်ကန်ကန် ရွေးချယ်ပေးနိုင်ခဲ့သလို စာပေစိစစ်ရေး ဆိုတာလည်း အရင်လို ကွေ့ဝိုက်လှည့်ပတ်နေစရာ မလိုအပ်တော့ဘူး။ ကလောင်တွေသွေးလို့ ရသတွေ ပြန်ရှင်သန်လာဖို့ ကြိုးစားအားထုတ်ရတော့မှာပါ။

ဒါကြောင့်လည်း စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ရသစာပေ အနုပညာဆွေးနွေးပွဲတခုကို  မန္တလေး စာရေးဆရာမ ၆ ယောက်က မန္တလေး လူထုနေရာမှာ ကျင်းပခဲ့တယ်။ အောင်တိုဘာ ၂၃ ရက်နေ့ကပေါ့။ စာပေအသိုင်းအဝိုင်းက သမ္ဘာရင့် ဝါရင့် စာရေးဆရာကြီးတွေ အားလုံး တက်ရောက်ကြသလို မျိုးဆက်သစ်လူငယ် စာပေချစ်မြတ်နိုးသူတွေလည်း တက်ရောက် ဆွေးနွေးခဲ့ကြတယ်။  စာရေးဆရာမ မဝင့်(မြစ်ငယ်)၊ စာရေးဆရာမ နှင်းဆီအောင်၊ စာရေးဆရာမ မကို၊ စာရေးဆရာမ ချောအိမာန်၊ စာရေးဆရာမ ခရမ်းပြာနဲ့ စာရေးဆရာမ မိုးနှင်းဝေတို့က အက်ဆေးရသ၊ ဆောင်းပါးရသ၊ ကဗျာရသ၊ ဝတ္ထုတိုရသ၊ မဂ္ဂဇင်းဝတ္တုရှည်ရသနဲ့ အတွေးစာစု ရသတွေအကြောင်းကို ဆွေးနွေးခဲ့ကြတယ်။  မန္တလေးတိုင်း ဝန်ကြီးချုပ်ကတော်လည်း ဒီပွဲကို တက်ရောက်အားပေးတာ တွေ့ရတယ်။

စာဖတ်ရှိန်မြှင့်တင်ဖို့ ဆိုရင် ရေးတဲ့သူကလည်း အရှိန်မြှင့်တင်ဖို့ လိုသလို ဖတ်တဲ့သူတွေကလည်း အရှိန်မြှင့်တင်ဖို့ လိုတယ်လို့ ဝန်ကြီးချုပ်ကတော်က မုဒိတာစကား ပြောကြားသွားတယ်။

စာရေးဆရာမ ၆ ယောက်လုံး ဆွေးနွေးသွားခဲ့တာတွေက မှတ်သားစရာတွေချည်းပါပဲ။  မှတ်မှတ်ထင်ထင် စွဲကျန်ရစ်ခဲ့တဲ့ စကားလုံးတွေလည်း ရှိတယ်။

“ရသစာပေ ပျောက်ဆုံးခြင်းဟာ စာနာမှုတွေ ပျောက်ဆုံးခြင်းပါပဲ”

“ဝတ္ထုတိုတွေသည် နှလုံးသားရဲ့ အာဟာရဆိုရင် ဆောင်းပါးတွေသည် ဦးနှောက်ရဲ့ အာဟာရပါပဲ”

“ဘယ်လိုစာကိုပဲ ရေးရေး ခံစားမှုတော့ ရှိရမယ်”

“ကဗျာဆိုတာ ကိုယ့်ရဲ့ခံစားချက်ကို သူများရင်ဘတ်ထဲ ပစ်သွင်းလိုက်တာပါပဲ” တဲ့ ။

        စာပေ ဆိုတာဟာ လူတယောက်ရဲ့ အသိစိတ်ကို ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိတဲ့ စွမ်းအားထက် လက်နက်တခုဆိုတာ ယုံကြည်ပါတယ်။ စာပေက ပေးတဲ့ ရသ၊ စာပေက ပေးတဲ့ ဗဟုသုတ၊ စာပေက ပေးတဲ့ အသိပညာတွေက လူတယောက်ရဲ့ အပြုအမူ၊ အပြောအဆို၊ အကျင့်အကြံနဲ့ စိတ်နေစိတ်ထားကို လုံးဝပြောင်းလဲပစ်နိုင်တဲ့အထိ စွမ်းအားထက်ကြပါတယ်။ ရသစာပေတွေက ပေးတဲ့ ချစ်ခြင်း၊ မုန်းခြင်း၊ နာကျင်ခြင်း၊ ကြေကွဲခြင်း၊ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း၊ ချမ်းမြေ့ခြင်း စတဲ့ စတဲ့ ရသတွေကိုသာ လူငယ်မျိုးဆက်တွေ ထိတွေ့ခံစား သိမြင်ကြမယ်ဆိုရင် ဒီကနေ့ ဖြစ်ပျက်နေတဲ့ အချို့သော မှုခင်းကိစ္စတွေ ဖြစ်လာစရာ အကြောင်း မရှိပါဘူး။

စာရေးဆရာမ မကိုကတော့ အက်ဆေးရသအကြောင်းကို ပြောသွားတယ်။ ဝတ္ထု၊၊ ဆောင်းပါး ရေးတဲ့အခါမှာ သိသာစေတဲ့ အကြောင်းအချက်တွေ အများကြီး ရှိပါတယ်တဲ့။  ရသစာတမ်းကို ရေးတဲ့အခါ ရေးနေတဲ့သူမှာ တာဝန်ရှိတာလား၊ ဖတ်တဲ့သူမှာ တာဝန်ရှိတာလား ဆိုတာ တွေးမိတဲ့အကြောင်း ပြောတယ်။ ကိုယ်က ဝတ္ထုလို့ ခံစားသိနဲ့ ရေးခဲ့ပေမယ့် စာဖတ်သူက ဖတ်ပြီးတဲ့အခါ သူ ခံစားရသလို ခေါင်းစဉ်ပြောင်းတပ်သွားတာမျိုးလည်း ရှိပါတယ်။

ဝတ္ထု ဆိုတာကတော့ ဇာတ်လမ်း၊ ဇာတ်ကွက်၊ အလှည့်အပြောင်းလေးတွေနဲ့ ဇာတ်အိမ်လေး တည်ဆောက်ပြီး ရသအားကောင်းကောင်းနဲ့ ရေးဖွဲ့တာမျိုးမို့ လူစိတ်ဝင်စားမှုကတော့ ပိုများပါတယ်။ ဝတ္ထုတိုတွေကို ရေးမယ်ဆိုရင်တော့ စိတ်ခံစားချက်တွေ ပါရမယ်၊ ဥပမာ- အချစ်၊ အမုန်း၊ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း စသည်)ပေါ့။ ဇာတ်ကောင် မွေးတတ်ရမယ်။ နောက် ဇာတ်လမ်း အချိတ်အဆက် အရေးကြီးသလို စကားပြေ၊ စကားပြော အရေးအသားကလည်း အင်မတန် အရေးကြီးပါတယ်။ ဇာတ်လမ်း အချိတ်အဆက်၊ အတက်အကျဟာ ဝတ္ထုတိုတပုဒ်ရဲ့အား ဖြစ်ပါတယ်။ ဝတ္ထုတိုတပုဒ်ရဲ့ ဇာတ်လမ်းအစဟာ အသက်ဖြစ်သလို အဆုံးဟာလည်း အသက် ဖြစ်ပါတယ်။ ဇာတ်လမ်းအဆုံးမှာ  စာရေးသူ ပေပးချင်တဲ့ ရည်ရွယ်ချက်(မက်ဆေ့)ကို ထိရောက်ဖို့ အတွက် တိတိကျကျကို ပေးရပါတယ်။ ဒါကတော့ စာရေးဆရာမ ချောအိမာန် ပြောတဲ့စကားပါ။

စာရေးဆရာမ၊ ကဗျာဆရာမ  ခရမ်းပြာကတော့ ကဗျာရသအကြောင်းကို ပြောသွားတယ်။ ကဗျာရသ ဆိုတာ လူသားတယောက်မှာ ပထမဆုံး ထိတွေ့ခွင့်တဲ့ အရာလို့ သူက ပြောတယ်။ ကိုယ့်ခံစားချက်တွေကို ကဗျာရေးဖွဲ့ပြီး သူများ ရင်ဘတ်ထဲ၊ သူများနှလုံးသားထဲကို ပစ်သွင်း ခံစားခိုင်းလိုက်တဲ့ ရသတမျိုးပါပဲ။

ဆရာမခရမ်းပြာက ကဗျာတပုဒ်ကို ဌာန်ကရိုဏ်းကျကျ ရွတ်ဆိုပြတယ်။ လတ်တလော နာမည်ကြီးနေတဲ့ စက်လှေမှောက်တဲ့အကြောင်း၊ အဲဒီထဲက ကျောင်းဆရာမလေးတယောက်ကို သူ့အမေက မျှော်နေတဲ့အကြောင်း ရေးဖွဲ့ထားတယ်။ တိုက်တိုက်ဆိုင်ဆိုင်  ပထမအကြိမ် မတ္တရာ စက်လှေမှောက်တုန်းက  ပါသွားတဲ့ ကျောင်းဆရာမ လင်မယားနှစ်ယောက်ဟာ တက္ကသိုလ် ကျောင်းနေဖက် သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးတွေ ဖြစ်နေတော့ ဆရာမ ရွတ်နေတဲ့ ကဗျာက ရင်ဘတ်ထဲကို တဒိုင်းဒိုင်းနဲ့ လာထိပြီး ရင်ထဲမှာ စို့နစ်နစ်ကြီး ဖြစ်ကျန်ခဲ့တယ်။

စာရေးဆရာမတွေ ပြောသွားတဲ့ အကြောင်းအရာတွေကတော့ အများကြီးပါပဲ။ အဓိကကတော့ ရသစာပေ ပြန်လည်ဖွံ့ဖြိုးလာတာနဲ့အမျှ လူသားရင်းမြစ်တွေရဲ့ စိတ်ခံစားချက်တွေလည်း ပြောင်းလဲလာပါလိမ့်မယ်။ ဝတ္ထုတို၊ ကဗျာ၊ ဆောင်းပါး၊ ရသစာတမ်း စတာတွေကို ခွဲခြားသတ်မှတ်ဖို့အတွက် အလွှာပါးပါးလေး ရှိပါတယ်တဲ့။ အဲဒီအလွှာပါးပါးလေးက ဘယ်လို စကားလုံးတွေနဲ့မှ ခြယ်မှုန်းပြလို့မရတဲ့အရာ ဖြစ်နေပါတယ်။ အဲဒီအလွှာကို မြင်နိုင်ဖို့အတွက် လုပ်စရာတစ်ခုပဲ ရှိပါတယ်။ စာများများ ဖတ်ရပါမယ်။ စာများများ ဖတ်ရင်း ရင်ဘတ်နဲ့ ခံစားတတ်လာမယ်ဆိုရင် ခုနကပြောတဲ့ ရသတွေကို အလိုလို ခွဲခြားသွားနိုင်ပါလိမ့်မယ် လို့လည်း ပြောသွားခဲ့တယ်။

လူငယ်မျိုးဆက်သစ်တွေအတွက် ရသစာပေတွေ များများရေးနိုင်ဖို့အတွက် စာဖတ်ရှိန်ကို အရှိန်အဟုန်နဲ့ မြှင့်တင်ပေးဖို့ လိုအပ်ပါတယ်။  ကိုယ်ပိုင်အသိဉာဏ်နဲ့ စာများများ ဖတ်လာကြမယ် ဆိုရင်တော့ ရသတွေဟာ လူသားတွေရဲ့ စိတ်တံခါးတွေကို ဖွင့်ပေးတဲ့အရာ၊ ကိုယ်ချင်းစာတရား တွေကို မွေးထုတ်ပေးတဲ့ အရာ၊ စာနာနားလည်မှုတွေကို မြှင့်တင်ပေးတဲ့အရာ၊ လူသားအချင်းချင်း အမုန်းမပွားခြင်းကို ဖန်တီးပေးတဲ့အရာ၊ ငြိမ်းချမ်းခြင်းကို ဆောင်ကြဉ်းပေးတဲ့အရာ ဆိုတာကို အားလုံးလည်း လက်ခံလာလိမ့်မယ်လို့ ယုံကြည်ပါကြောင်း ရေးသားလိုက်ရပါတယ်။

သင်းသင်းသော်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013