DVB Logo
Home
လူမှုရေး
လောက်​ကိုင်​တွင်ပစ်သတ်ခံခဲ့ရသည့် လီဆူ​ကျောင်းဆရာမ မိသားစု၏ပြောပြချက်
DVB
·
March 16, 2017
လောက်​ကိုင်​တွင်ပစ်သတ်ခံခဲ့ရသည့် လီဆူ​ကျောင်းဆရာမ မိသားစု၏ပြောပြချက်
Donate to DVB

ပြီးခဲ့တဲ့ မတ် ၆ ရက်မနက် ၂ နာရီမထိုးခင် လောက်ကိုင်မြို့နယ် ယောအဲရှီ ကျေးရွာမူလတန်းကျောင်းလေးမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းဆရာမတွေ အိပ်ပျော်နေစဉ် မျက်နှာဖုံးစွပ်ထားတွေက ဝန်ထမ်းအိမ်ရာထဲ အထိဝင်ရောက် ပစ်ခတ်မှုကြောင့် ကျောင်းဆရာမ ၈ ဦးလောက် သေဆုံးခဲ့တယ်လို့ ပြန်လည်လွတ်မြောက်လာသူ ကျောင်းအုပ်ကြီးနဲ့ သူ့ဇနီးက သေဆုံးသွားတဲ့ လီဆူဆရာမ မဗျာမီးရဲ့ မိသားစုကို ပြောပါတယ်။

အပစ်သတ်ခံရတဲ့ တခန်းထဲမှာ ဆရာမ မဗျာမီး အပါအဝင် သူ့ခင်ပွန်း ဝေယံထွန်းနဲ့ အခြားလူ ၂ ဦး စုစုပေါင်း ၄ ဦး သေဆုံးခဲ့ပြီး မဗျာမီးရဲ့ ၂ လသားအရွယ် မဆောင်းဒီဇင်ဘာထွန်းကတော့ အသက် မသေဘဲ ကျန်ရှိနေတယ်လို့ မဗျာမီးရဲ့ ညီမအရင်းဖြစ်သူ ဗျာမလေးက ပြောပါတယ်။ သေဆုံးသွားတဲ့ တခြားဆရာမတွေဟာ တရုတ်စာသင်ပေးတဲ့ ဆရာမ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဆရာမ မဗျာမီးဟာ အသက် ၂၂ နှစ်အရွယ်ရှိပြီး ဇာတိကတော့ မိုးမိတ်မြို့နယ် မိုးဟောက်ရွာအုပ်စု ဘော်ဒေလီဆူကျေးရွာကလေးပဲ ဖြစ်ပါတယ်။ ဆရာမတာဝန်ကို ထမ်းဆောင်ခဲ့တာတော့  ၂ နှစ်လောက်ပဲရှိပါသေးတယ်။ သူက TTC ကျောင်းပြီးပြီးချင်း လောက်ကိုင် ညံခွမ်းမှာ တနှစ် တာဝန်ထမ်းဆောင်ခဲ့ပြီးတော့မှ ယခု သေဆုံးခဲ့တဲ့နေရာ ယောအဲချီမှာ တာဝန်ကျနေတာ ဖြစ်ပါတယ်။

မျက်နှာဖုံးစွပ်ပြီး အားလုံးကို သတ်သွားခဲ့ပေမယ့် ကလေးငယ်တဦးနဲ့ ဆရာမဗျာမီးရဲ့ ကျောင်းအုပ်ဆရာဖြစ်သူ ယောက္ခထီးနဲ့ သူ့မိန်းမကိုတော့ မသတ်ဘဲ နယ်စပ်ကို ခေါ်သွားကာ ပြန်လွှတ်ပေးခဲ့တယ်လို့  ဗျာမီးညီမဖြစ်သူ ဗျာမလေးက ပြောပါတယ်။

အစ်မဖြစ်သူ မဗျာမီးရဲ့အလောင်းကို တွေ့ခွင့်လည်း မရသေးသလို သဂြုင်္ိဟ်ပြီးပြီးလား၊ မပြီးသေးဘူးလားဆိုတာလည်း  မသိသေးဘူးလို့လည်း ပြောပါတယ်။

အခုလက်ရှိအချိန်ထိတော့ လွတ်မြာက်သွားတဲ့ ကျောင်းအုပ်ကြီးနဲ့ ဇနီးအပါအဝင် မသေဘဲ ကျန်ရှိနေတဲ့ ကလေးငယ် နေပြည်တော်ကို ရောက်ရှိနေပါတယ်။ ကလေးကို ပြုစုစောင့်ရှောက်ထားပြီး လိုအပ်တာတွေကို ဖြည့်ဆည်းပေးနေတယ်လို့  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

သေဆုံးသွားတဲ့ မဗျာမီးတို့ရဲ့ ရွာဥက္ကဋ္ဌဖြစ်သူ ဦးရှင်မေလကတော့ “တိုက်ချင်ရင် တိုင်းရင်းသား အချင်းချင်း တိုက်ကြပါလား။ ဘာလို့ မဆိုင်တဲ့ပြည်သူတွေကို သတ်ရတာလဲ။ အခုလည်း ကိုယ့်ရွာ ပညာတတ်တယောက်ကို ဆုံးရှုံးသွားရတယ်။ လီဆူမှာ ပညာတတ်တွေ တအားရှားတယ်။ အခု သေတာက ကျနော်တို့ လီဆူ ပညာတတ်တယောက်ဆုံးရှုံးတာနဲ့ အတူတူပဲ” လို့ ပြောပါတယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလောက်ကိုင်မြို့ကို ကိုးကန့် လက်နက်ကိုင်အဖွဲ့တွေက ၀င်ရောက်ပစ်ခတ်တဲ့ မတ်လ ၆ ရက်နေ့ မှာပဲ ကျောင်းဆရာမတွေ အသတ်ခံရတာဖြစ်ပြီး   ဘာကြောင့် ဆရာမတွေကို ပစ်မှတ်ထားပြီး သတ်သွားတယ်ဆိုတာကိုတော့မသိရသေးပါဘူး။

ဘော်ဒေရွာနေ အသက် ၆၀ အရွယ်ရှိ ပြည်သူ့စစ်တဦးက“သတ်သွားတာက မျက်နှာဖုံးစွပ်ထားတယ်လို့ ပြောတယ်။ ပြီးတော့ သူက အကုန်မသတ်ဘဲနဲ့ ၂ ယောက်ကိုတော့ ပြန်လွှတ်ပေးတယ်။ ပြီးတော့ ကလေးရောပေါ့နော်။ ဒါက ဘယ်သူ သတ်တယ်လို့တော့ ပြောလို့မရဘူးဗျ။ အမှန်က သူက လက်စပျောက်စေချင်ရင် အကုန်သတ်ရမှာလေ။ အခုတော့ အဲဒီ ၂ ယောက်ကို လွှတ်ပေးတယ်ဆိုတော့ သတ်တဲ့လူကတော့ အမျိုးမျိုးဖြစ်နိုင်တာပဲ" လို့ ပြောပါတယ်။

အစ်မဖြစ်သူ ဆရာမ မဗျာမီးကို ဆုံးရှုံးသွားခဲ့ရတဲ့ ညီမဖြစ်သူ ဗျာမလေးက “သေသွားတာ ကိုယ့်အစ်မလည်း ပါတယ်။ ကြားကြားပြီးချင်းလည်း တအားငိုတယ်။ အမေလည်း ငိုတယ်။ အဖေကျတော့ မငိုဘူး။ စိတ်ထဲမှာ မနည်းမျိုသိပ်နေတယ်။ ဒီတော့ စစ်ပွဲကို ငြိမ်းစေချင်တယ်။ ပြီးတော့ အဲဒီအချိန်တုန်းက အဲဒီသတ်သွားတဲ့လူကို ချက်ချင်း လက်တုံ့ပြန်ပြီး သတ်ချင်တာ။ ဒါပေမယ့် သေသွားတာ ကိုယ့်အစ်မတယောက်တည်း မဟုတ်ဘူးလေ။ တခြား မိသားစုတွေလည်း ဒီလိုဖြစ်မှာပဲ။ အဲဒီတော့ စစ်ပွဲကို လုံးဝ မရှိစေချင်တော့ဘူး” လို့ ပြောပါတယ်။

သတင်း - နိုင်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013