
၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင်တွေဟာ မဲဆန္ဒရှင်သက်သေခံ လက်မှတ် တွေကို လာမယ့် မတ်လ ၁၇ ရက်နေ့ကျရင် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်ရုံးတွေမှာ ထုတ်ယူနိုင်ပြီလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မတ်လ ၁၄ ရက်နေ့က ကြေညာလိုက် ပါတယ်။
မတ်လ ၁၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ နေ့စဉ်မနက် ၈ နာရီကနေ ညနေ ၆ နာရီအထိ ထုတ်ပေးသွားမှာဖြစ်တဲ့အတွက် တစ်အိမ်ထောင်စု တစ်ယောက် လာရောက်ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲကျင်းပတဲ့ ဧပြီလ ၁ ရက်နေ့မှာ မဲဆန္ဒရှင်လက်မှတ်မပါရင်လည်း မဲစာရင်းမှာ အမည်ပါနေရင် မဲပေးခွင့်ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။
ရွေးကောက်ပွဲမတိုင်ခင်မဲဆန္ဒရှင်လက်မှတ်တွေ ထုတ်ပေးတာဟာ မဲပေးပိုင်ခွင့်ရှိကြောင်းခိုင်လုံစေရန် မဲလက်မှတ်ထုတ်ပေးတဲ့အခါ လွယ်ကူလျင်မြန်စေရန် အချက်အလက်တွေမှားနေရင် ပြင်ဆင်နိုင်ဖို့နဲ့ ကော်မရှင်အနေနဲ့လည်း မဲစာရင်းအချက်အလက်မှားနေရင် ပြန်လည်ပြင်ဆင်နိုင်ဖို့အတွက်ဖြစ် ပါတယ်။











