DVB Logo
Home
Lead Story
ပုဒ်မ ၆၆(ဃ) က လွတ်လပ်စွာပြောဆိုခွင့်ကို အဟန့်အတားဖြစ်နေသလား - အယ်ဒီတာစကားဝိုင်း
DVB
·
March 15, 2017
ပုဒ်မ ၆၆(ဃ) က လွတ်လပ်စွာပြောဆိုခွင့်ကို အဟန့်အတားဖြစ်နေသလား - အယ်ဒီတာစကားဝိုင်း
Donate to DVB



ဒီတပတ် ဆွေးနွေးမယ့် အကြောင်းအရာကတော့ ဆက်သွယ်ရေးဥပဒေပုဒ်မလို့ ခေါ်တဲ့ ၆၆(ဃ) နဲ့ သတင်းထောက် ကိုဆွေဝင်းကို တရားစွဲဆိုထားပါတယ်။ ဒီဥပဒေနဲ့ပဲ တရားစွဲဆိုထားတဲ့ အမှုပေါင်း ၅၀ ကျော်ပါတယ်။ အထူးသဖြင့် ပြည်သူလူထု အရွေးခံထားတဲ့ ဒီချုပ်အစိုးရလက်ထက်မှာ ဒီဥပဒေပုဒ်မကို ပိုပြီးတော့ သုံးလာတာ တွေ့ရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ မှာလည်း လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်ကို ဥပဒေအရ ခွင့်ပြုထားကြတယ်။ အဲဒါကြောင့် ၆၆(ဃ) ဆက်သွယ်ရေးဥပဒေဟာ လွတ်လပ်စွာ ပြောဆိုခွင့်ကို အဟန့်အတားဖြစ်နေလား ဆိုတဲ့အကြောင်းကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီတပတ်ဆွေးနွေးမယ့်သူတွေကတော့ မော်ကွန်းမဂ္ဂဇင်း အယ်ဒီတာ ကိုဇေယျာလှိုင်နဲ့ သတင်းစာဆရာမ မမွန်မွန်မြတ်တို့ ဖြစ်ပါတယ်။

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“ဒီကိစ္စနဲ့ပတ်သက်လို့ ဆရာဇေယျာလှိုင်ကို ကျနော် စမေးပါမယ်။ အခုလက်ရှိ သတင်းထောက် ကိုဆွဝင်းကို နောက်ဆုံး တရားစွဲထားမှု အပါအဝင် အမှုပေါင်း ၅၀ ကျော် တရားစွဲထားတယ်။ အဲဒီတော့ ကျနော်တို့ မြန်မာပြည်မှာတော့ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်၊ ရေးပေးခွင့် Opinion ပေးခွင့် အဲဒါတွေပေးထားပြီးမှ ဒီဆက်သွယ်ရေးဥပဒေဟာ ဒါတွေကို အဟန့်အတား ဖြစ်နေလား စပြီး ဆွေးနွေးပေးပါဦး။”

ကိုဇေယျာလှိုင် (အယ်ဒီတာ၊ မော်ကွန်းမဂ္ဂဇင်း)

“ဟုတ်ကဲ့။ ခုနကပြောသလို အမှုက ၅၂ မှု ဖြစ်လာပြီပေါ့လေ။ အဓိကကတော့ ၆၆(ဃ) က ဂုဏ်သိက္ခာကျဆင်းစေတယ်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ သွားပြီး ချိတ်ထားတာပေါ့နော်။ ဆိုတော့ ဟိုဘက် ရာဇသတ်ကြီးမှာလည်း ပုဒ်မ ၅၀၀ ရှိထားပြီးပြီ။ ဘာလို့ ဒီထဲထည့်သလဲပေါ့။ ထူးခြားတာတခုကတော့ ၆၆(ဃ) မှာက ပြစ်ဒဏ်က ၃ နှစ်ထိရှိတာဆိုတော့ ရဲအရေးပိုင်တဲ့အမှု ဖြစ်နေတယ်။ သူ့မှာ နည်းဥပဒေကလည်း မရှိဘဲနဲ့ ချိတ်ပြီးတော့ ချက်ချင်းဖမ်းလို့ရတဲ့ကိစ္စ ဖြစ်နေတာကိုး။ ဂုဏ်သိက္ခာကျဆင်းစေတယ်လို့ ယူဆတဲ့သူတွေက ပုဒ်မ ၅၀၀ နဲ့ဆို နည်းနည်းလေး ကြာဦးမှာ။ ချက်ချင်းဖမ်းတာကို လက်တွေ့မြင်ချင်တဲ့အခါကျတော့ ဒါနဲ့သုံးတာ တွေ့ရတာ များတယ်။ စိတ်မကောင်းတာက အရင် ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဒီအမှုက ၁ ဒါဇင် မပြည့်ခဲ့ဘူး။ အများ ရွေးကောက်တင်မြှောက်ထားတယ်ဆိုတဲ့ အန်အယ်လ်ဒီအစိုးရ လက်ထက်ကျမှ အမှုပေါင်း ၅၀ ကျော်အထိ တက်သွားတယ်ဆိုတော့ ဒါ စိတ်မကောင်းစရာ အဖြစ်အပျက်တွေပေါ့။ နောက်တခုရှိတာက အများဆုံးတွေ့ရတာက ဒီဥပဒေကို သုံးစွဲပြီးတော့မှ တရားစွဲတဲ့ပုဂ္ဂိုလ်အများစုက လွှတ်တော်အမတ်တွေနဲ့ အစိုးရအဖွဲ့ကလူတွေ ဖြစ်နေတယ်။ ဒါက လူတွေက သူ့ရဲ့ထုတ်ဖော်ပြောဆိုမှုက တကယ်ပဲ ဂုဏ်သိက္ခာကျဆင်းစေသလား၊ မကျဆင်းစေသလားဆိုတာ ဆုံးဖြတ်ခွင့်ရှိတဲ့ တရားစီရင်ရေးက မဆုံးဖြတ်သေးခင်မှာ ဒီလူတယောက်ကို ဖမ်းချုပ်လို့ရတဲ့ အနေအထားတခုကတော့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ခြိမ်းခြောက်တဲ့သဘော ဖြစ်နေတယ်ဆိုတဲ့ သက်သေပဲ။ သူက တကယ်တမ်း လူကို ဂုဏ်သိက္ခာကျဆင်းစေသလားဆိုတာ ဆုံးဖြတ်ရမယ့်တာဝန်က တရားစီရင်ရေးနယ်ပယ်ကိုး။ သူက မဆုံးဖြတ်သေးဘဲ လူတယောက်ကို ချက်ချင်း ဖမ်းချုပ်ခွင့်ရှိတာတော့ နည်းနည်းပြင်းထန်တယ်လို့ ကျနော်မြင်ပါတယ်။”

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“ဟုတ်ကဲ့ခင်ဗျာ။ ဆရာမမွန်မွန်မြတ်ကိုလည်း ဒါပဲ မေးပါတယ်။ ၆၆(ဃ) က သွားတိုင်လိုက်တာနဲ့ ချက်ချင်းဖမ်းလို့ရတယ်။ ကိုယ်တိုင်မဟုတ်ဘဲ တခြားတယောက်က သွားတိုင်ရင်လည်း အဲဒီလိုမျိုး ဖြစ်နေတယ်ပေါ့နော်။ ဒီဥပဒေရဲ့ အငြင်းပွားမှုကို လွှတ်တော်မှာ ခုထက်ထိ အရေးကြီးအဆိုအနေနဲ့ တင်သွင်းမှုလည်း မရှိသေးဘူးပေါ့နော်။ ကြိုးစားတယ်။ ဒါပေမယ့် ခုထက်ထိ မတင်နိုင်သေးဘူးဆိုတဲ့သဘော ရှိတယ်။ အဲဒါနဲ့ပတ်သက်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားခွင့်ကို ဘယ်လောက် ထိခိုက်နေလဲ၊ ဘာလုပ်ဖို့လိုလဲ။ အဲဒါလေး ဖြည့်စွက်ပြီးတော့ ဆွေးနွေးပေးပါ။”

မမွန်မွန်မြတ် (သတင်းစာဆရာမ)

“အထူးသဖြင့်တော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုရင် ကျမတို့ ဆိုရှယ်မီဒီယာပေါ်မှာ ပြောဆိုနေတာနဲ့ပတ်သက်ပြီး ဆက်သွယ်ရေးဥပဒေအောက်ကနေ အရေးယူခွင့်ရှိတာ ဖြစ်နေတော့ မြန်မာနိုင်ငံရဲ့ လူဦးရေထက်ဝက်က ဆိုရှယ်မီဒီယာပေါ်မှာ ရှိနေကြတဲ့အတွက် လူတိုင်းအတွက် ဒီဥပဒေက သွားပြီးတော့ သတိထားစရာ ဖြစ်နေတယ်ပေါ့။ လွတ်လပ်စွာ ပြောရေးဆိုခွင့်ကို အနှောင့်အယှက်ပေးနေတဲ့သဘောပဲ။ အဲဒီတော့ ဒါနဲ့ပတ်သက်ပြီးတော့လည်း အဖွဲ့အစည်းတွေ၊ အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေ၊ ရှေ့နေတွေကလည်း ကျယ်ကျယ်လောင်လောင် ပြောဆိုပြီးတော့ ဒါကို ပြင်ဆင်သင့်ကြောင်း လုပ်နေကြတယ်လို့ ထင်ပါတယ်။ အားလုံးသိတဲ့အတိုင်း မီဒီယာထဲမှာလည်းပါတယ်။ မီဒီယာတွေကိုယ်၌ကလည်း လွှတ်တော်ထဲမှာ ဝင်ရောက်ဆွေးနွေးဖို့ရာအတွက် အရေးကြီးအဆို တင်သွင်းသင့်ကြောင်း မကြာခဏ ထောက်ပြနေကြတာပေါ့နော်။ ဒါတွေ မလုပ်သေးဘူးဆိုတဲ့ အနေအထားတော့ ရှိတယ်။ ဒါပေမယ့် အမြန်ဆုံးတော့ လုပ်ဖို့လိုနေပြီ။ ဘာကို စဉ်းစားပြီးတော့ ဘာတွေ တွက်ဆစရာ ရှိနေလို့ ဒီလောက်အထိ နှောင့်နှေးနေတာလဲဆိုတာမျိုးတော့ စဉ်းစားစရာ ဖြစ်နေတယ်ပေါ့နော်။ အဲဒီအနေအထားတခုတော့ ဥပဒေတော့ ပြင်ဆင်သင့်တယ်ဆိုတာ အားလုံး လက်ခံထားတဲ့ အနေအထားတခု ဖြစ်နေပါတယ်။”

အပြည့်အစုံကို ရုပ်သံဖိုင်တွင် နားဆင်ကြည့်ရှုနိုင်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013