
ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ပုသိမ်-မုံရွာ ကားလမ်းပေါ်မှာ မတ်လ ၁၄ ရက် ညက သစ်ကား ၁ စီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
မတ် ၁၄ ရက်နေ့ ည ၁၁ နာရီခွဲလောက်က ပန်းတောင်းမြို့နယ် ဥသျှစ်ပင်လမ်းဆုံဘက်ကနေ မြန်အောင်ဘက် ကိုမောင်းနှင်လာတဲ့ ၂ ပေ Canter ၁၄ ဘီးကားဟာ မိုင်တိုင်အမှတ် ၁၄၆/၇ နဲ့ ၆ ကြား ကမြိုင် လမ်းစုံကနေ မိုင်ဝက်အလွန်မှာ တိမ်းမှောက်ပြီး မီးလောင်သွားခဲ့တာလို့ သစ်တောဦးစီးဌာနက ပြောပါတယ်။
ကားပေါ်မှာပါလာတဲ့ တရားမဝင် ကျွန်းသစ်နဲ့ ပျဉ်းကတိုး စကွဲရားတုံးဆိုဒ်စုံ အချို့ပါမီးလောင်ပြီး အချို့ကတော့ လမ်းဘေးချောက်ထဲကို ထိုးကျ လွင့်စင်ထွက်ကုန်ပါတယ်။ ဒေသခံနဲ့ ဖြတ်သန်း သွားသူတွေရဲ့ သတင်းပေးမှုနဲ့ ကမြိုင် ကပစ၊ မီးသတ်၊ ထုံးဘို မီးသတ် ဥသျှစ်ပင်မီးသတ် တို့ မီးလာငြိမ်း သတ်ပေးလိုက်ရပြီး ကားပေါ်ပါလာသူတွေကတော့ ကားထားပြီး ထွက်ပြေးလွတ်မြောက်သွားပါတယ်။
ကားပေါ်မှာ ၅၁ သိန်းကျော် တန်ဖိုးရှိ ကျွန်းနဲ့ ပျဉ်းကတိုး တန်ချိန် ၁၁.၉၂၉၄ တန် အရေအတွက် ၆၄ ချောင်းကို ကားနဲ့အတူ သိမ်းဆည်းရမိပြီး ပိုင်ရှင်တွေကတော့ မတွေ့ရှိတော့ဘူးလို့ ပန်းတောင်းမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ရန်မျိုးအောင် က ဒီဗွီဘီကို ရှင်းပြပါတယ်။
တရက်တည်းမှာပဲ ပြည်ခရိုင်အတွင်း ပေါက်ခေါင်းမြို့နယ် လေးကြီးကျေးရွာမှာ ကာလတန်ဖိုး ၁၈၉ သိန်းကျော်ဖိုး ပမာဏရှိတဲ့ ကျွန်းနဲ့ သစ်မာ ၁၆၁ တန်ကျော်လည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ တရားမ၀င်သစ်နဲ့ ကားကို ပန်းတောင်းမြို့နယ် ရဲစခန်းက တာဝန်အရအရေးယူဆောင်ရွက်ဖို့နဲ့ သစ်ပိုင်ရှင်၊ ကားပိုင်ရှင်တွေကို ရှာဖွေဖော်ထုတ်ဖမ်းဆီူသွားမယ်လို့ ဥသျှစ်ပင်ရဲစခန်းက သိရပါတယ်။
မင်းညို











