DVB Logo
Home
Lead Story
တရုတ်၏ “ရပ်ဝန်းနဲ့ လမ်းမ” အစီအစဉ်နှင့် အရှေ့တောင်အာရှ ရေကြောင်းလမ်း
DVB
·
March 15, 2017
တရုတ်၏ “ရပ်ဝန်းနဲ့ လမ်းမ” အစီအစဉ်နှင့် အရှေ့တောင်အာရှ ရေကြောင်းလမ်း
Donate to DVB

 

[တရုတ်၏ (One Belt One Road) “ရပ်ဝန်းတခု၊ လမ်းမတကြောင်း” ဆိုသည့် စီမံကိန်းမှာ ကျယ်ပြန့်လှပြီး ကျနော်တို့ မြန်မာနိုင်ငံသည်လည်း စီမံကိန်း၏ အဓိကကျသည့်နေရာ တနေရာမှ ပါဝင်နေပေသည်။ သို့သော်လည်း မြန်မာနိုင်ငံကို ဖြတ်၍ ဖောက်လုပ်မည့် မြန်နှုန်းမြင့်ရထားလမ်း၊ ကားလမ်းစီမံကိန်းနှင့် ပတ်သက်ပြီး မြန်မာအစိုးရက တုံ့ပြန်ပြောဆို အဖြေပေးထားခြင်း မရှိသေးသဖြင့် မိမိတို့နှင့်ဘဝတူ အရှေ့တောင်အာရှနိုင်ငံများက အဆိုပါစီမံကိန်းအပေါ် စိတ်ဝင်စားမှု မည်သို့ရှိသည်၊ အဆိုပါ စီမံကိန်းကြောင့် မိမိတို့နိုင်ငံ မည်မျှအကျိုးရှိနိုင်သည် သို့မဟုတ် မည်သို့ အကျိုးယုတ်နိုင်သည်ကို သိရှိထားရန်နှင့် မည်သည့်အခြေအနေသို့ ရောက်ရှိနေသည်ကိုပါ သိရှိရန် အရေးကြီးပါသည်။ သို့ဖြစ်၍ ဆောင်းပါးရှင် Alvin Cheng- Hin Lim ၏ China’s “Belt and Road” and Mainland Southeast Asia ကို စာဖတ်သူများ သိရှိ ဗဟုသုတရစေရန် ဘာသာပြန်၍ ယခင်အပတ်က တင်ဆက်ပြီး ဖြစ်ပါသည်။

ယခုဆောင်းပါးမှာ ၂၀၁၇ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် ကျင်းပမည့် Association for Asian Studies ၏ နှစ်ပတ်လည် ကွန်ဖရင့်တွင် တင်သွင်းမည့် ပါမောက္ခ Alvin Cheng-Hin Lim ၏ စာတမ်း ဒုတိယပိုင်းနှင့် နောက်ဆုံးပိုင်းဖြစ်သည့် China’s “ Belt and Road” and Maritime southeast Asia ကို ဆီလျော်အောင်ဘာ သာပြန်၍ တင်ဆက်လိုက်ပါသည်။  ရဲထွန်း(သီပေါ)]

ဖိလစ်ပိုင်

၂၀၁၆ ခုနှစ် aရွးကောက်ပွဲတွင် သမ္မတ ဒူတာတေး အနိုင်ရခဲ့လာပြီးနောက် ဖိလစ်ပိုင်နိုင်ငံက ရေကြောင်းပိုးလမ်းမ အစီအစဉ်သို့ ဆက်သွယ်ပူးပေါင်းလာလေသည်။ ယခင်သမ္မတလက်ထက်က တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေး ဆိုးရွားစွာ ယိုယွင်းခဲ့ရာမှ ပီကင်းနှင့် ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ရန် ဒူတာတေးက လမ်းစရှာခဲ့သည်။ တချိန်တည်းတွင် အမေရိကန်-ဖိလစ်ပိုင် ဆက်ဆံရေးမှာ ဆိုးဆိုးရွားရွား ဖြစ်လာသည်။ အထူးသဖြင့် ဒူတာတေးအစိုးရ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်အောက်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများရှိခဲ့သည်ဟု သမ္မတအိုဘားမားက ဝေဖန်ပြောကြားမှုများ နောက်ပိုင်းတွင် ဖြစ်သည်။ ဤအလှည့်အပြောင်း၏ ကျေးဇူးကြောင့် ဖိလစ်ပိုင်သို့ တရုတ် ရင်းနှီးမြှုပ်နှံမှု အများအပြား  တိုးဝင်လာသည်။ ၂၀၁၆ ခုနှစ် ဖိလစ်ပိုင်သမ္မတ ဒူတာတေး၏ တရုတ်ခရီးစဉ်အတွင်း အခြေခံအဆောက်အဦနှင့် စက်မှုလုပ်ငန်း ပရောဂျက်များ အပါအဝင် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များကို သဘောတူညီချက်ရခဲ့ကြရာ အမေရိကန် ဒေါ်လာ ၂၄ ဘီလီယံဖိုးမျှ ရှိသည်။ ထို့နောက်ပိုင်း ဖိလစ်ပိုင်အစိုးရအဖွဲ့၏ ပီကင်း ခရီးစဉ်တွင်လည်း ဆင်းရဲမွဲတေမှု လျှော့ချရေး အစီအစဉ်များအတွက် အမေရိကန် ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံဖိုးရှိသော အကူအညီများ ရခဲ့သည်။

တရုတ်နှင့် ဖိလစ်ပိုင်နိုင်ငံအကြား ဆက်ဆံရေးနွေးထွေးလာမှု၏ အကျိုးဆက်အဖြစ် တောင်တရုတ်ပင်လယ်ကိစ္စ အငြင်းပွားမှုအပေါ် မနီလာ၏ အာရုံစိုက်မှု လျော့ကျလာသည်။ ထိုအငြင်းပွားမှုနှင့်ပတ်သက်၍ ယခင် ဖိလစ်ပိုင်အစိုးရ၏ တရားစွဲဆိုချက်အပေါ် အနုညာတ အမြဲတမ်း ခုံသမာဓိအဖွဲ့က ၂၀၁၆ ခုနှစ်တွင် ဖိလစ်ပိုင်အား အနိုင်ပေး ဆုံးဖြတ်ခဲ့သော်လည်း ဒူတာတေးအစိုးရက တရုတ်နိုင်ငံနှင့် အပြန်အလှန် စေ့စပ်ညှိနှိုင်း ဆွေးနွေးပြီး အဖြေရှာရန်သာ ဆုံးဖြတ်ခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် တရုတ်နှင့်အကြား တင်းမာမှုကို ဤနည်းလမ်းဖြင့် ဖြေလျှော့ပေးလိုက်ခြင်းက တရုတ် ရင်းနှီးမြှုပ်နှံမှု အများအပြားကို ဖိတ်ခေါ်လိုက်သလို ဖြစ်စေတဲ့အပြင် တောင်တရုတ်ပင်လယ်အတွင်းရှိ သဘာဝသယံဇာတများ ရှာဖွေရာတွင် တရုတ်-ဖိလစ်ပိုင် ပူးပေါင်းရှာဖွေမှုများ ဖြစ်လာနိုင်ခြေလည်း ရှိလာသည်။ တရုတ်ပြည်အနေဖြင့်လည်း တောင်တရုတ်ပင်လယ်ပြင် အငြင်းပွားမှုတွင် ရန်အလိုဆုံး အရှေ့တောင်အာရှဒေသဆိုင်ရာ ပိုင်ဆိုင်မှုကြေညာချက်ကို အစွယ်ချိုးလိုက်သလို သိမ်သိမ်မွေ့မွေ့ ဖြစ်သွားစေသည်။ ပို၍အရေးကြီးသည့်ကိစ္စမှာ တောင်တရုတ်ပင်လယ်နှင့် ဖိလစ်ပိုင်နိုင်ငံ၏ ပထဝီအနေအထားအရ တရုတ်-ဖိလစ်ပိုင် ချစ်ကြည်ရင်းနှီးမှု ထူထောင်လိုက်နိုင်ခြင်းကြောင့် ရေရှည်တွင် မဟာဗျူဟာအကျိုးစီးပွား ခွဲဝေခံစားရမှုများ ရှိလာနိုင်သည်။ ဤသည်မှာ တောင်တရုတ်ပင်လယ်တွင်း အမေရိကန်-တရုတ် ပဋိပက္ခ ပေါက်ကွဲမှုတွင် အရေးကြီးသည့် အချိန်ကိုက်ဖြစ်ရပ်တခု ဖြစ်သည်။ သို့မဟုတ်ပါက တောင်တရုတ်ပင်လယ်တွင်း အငြင်းပွားမှုမှာ တရုတ်ပြည်အတွက် ရလဒ် မမှန်းဆနိုင်သည့် အထူးစွန့်စားမှုပြုရမည့် ပြဿနာဖြစ်သည်။ အထူးသဖြင့် ထရမ့် အစိုးရ၏ မှန်းဆမရခြင်းနှင့် အပြောင်းအလဲမြန်ခြင်းတို့ကြောင့် ဖြစ်သည်။

အင်ဒိုနီးရှား

အင်ဒိုနီးရှားနိုင်ငံတွင် ဂျာကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်း တည်ဆောက်ရေး လေလံကို တရုတ်က အောင်မြင်သွားခဲ့သည်။ ပြိုင်ဘက် ဂျပန်၏ ဘဏ္ဍာရေး အထောက်အပံ့အစီအစဉ်ကို အင်ဒိုနီးရှားအစိုးရက သိပ်သဘောမကျခဲ့ပေ။ ဂျပန်၏ အဆိုပြုချက်တွင် အင်ဒိုနီးရှားအစိုးရ၏ ချေးငွေအာမခံချက်ကို တောင်းဆိုသကဲ့သို့ အစိုးရဘတ်ဂျက်မှ ငွေကြေး စိုက်ထုတ်ရန်လည်း တောင်းဆိုထားသည်။ အခြားတဖက်ရှိ တရုတ်အဆိုပြုချက်တွင် အဆိုပါနှစ်ချက်လုံးကို တောင်းဆိုထားခြင်း မရှိပေ။ သို့သော် ဤအချက်က တရုတ်နှင့် အင်ဒိုနီးရှား အစုစပ်ပါတနာကုမ္ပဏီများအတွက် အာမခံချက် ရှိသည့် ဘဏ္ဍာရေးအရင်းအမြစ် မရှိခြင်းကို ဖော်ပြရာရောက်သည်။ ဂျပန်က လေလံအောင်မြင်မှု မရလိုက်သော်လည်း နောက်ပိုင်းတွင် အင်ဒိုနီးရှားအစိုးရက ဂျကာတာ-ဆူရာဘာယား မြန်နှုန်းလတ် ရထားလမ်း တည်ဆောက်ရေးလုပ်ငန်းနှင့် အနောက်ဂျာဗားရှိ ပါတင်ဘန် ဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်းတို့ကို ဂျပန်အား ပေးအပ်ခဲ့သည်။ စွမ်းအင်ကဏ္ဍတွင် ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်စက်ရုံနှင့် ရေအားလျှပ်စစ်စက်ရုံများကို အင်ဒိုနီးရှားကျွန်းစုတဝန်းလုံးတွင် တရုတ်က တည်ဆောက်လျက် ရှိသည်။ ထို့ပြင် အင်ဒိုနီးရှားအစိုးရအနေဖြင့် နိုင်ငံ၏ အနာဂတ် လျှပ်စစ်စွမ်းအားကဏ္ဍ ချဲ့ထွင်ရေးတွင် ဘဏ်ဏ္ဍာရေး အထောက်အပံ့ကို  AIIB (Asian Infrastructure Investment Bank) ဘဏ်မှ ရယူရန် ရည်ရွယ်ထားလေသည်။

မလေးရှား

မလေးရှားနှင့် စင်္ကာပူတွင် ကွာလမ်လမ်ပူ-စင်ကာပူ မြန်နှုန်းမြင့် ရထားလမ်း ဖောက်လုပ်ရေးကိစ္စကို နှစ်နိုင်ငံအစိုးရတို့က သဘောတူလက်မှတ်ရေးထိုးထားပြီးဖြစ်၍ ၂၀၁၇ ခုနှစ်နောက်ပိုင်းကာလတွင် တင်ဒါခေါ်ယူပေလိမ့်မည်။ စင်ကာပူက ဂျာမနီ သို့မဟုတ် ဂျပန်ကို ပေးလိုကြောင်း သတင်းများအရ သိရှိရသလို၊ မလေးရှားကမူ တရုတ်ကို ပေးလိုကြောင်း သိရသည်။ ကွာလမ်လမ်ပူ-စင်ကာပူ မြန်နှုန်းမြင့် မီးရထားလမ်း တည်ဆောက်ရေး အဆိုမပြုမီကတည်းကပင် တရုတ် မီးရထားသံလမ်းသွား ယာဉ်ရထား ကော်ပိုရေးရှင်းက မလေးရှားတွင် အခြေစိုက်ပြီးဖြစ်ကာ မလေးရှားမီးရထားလုပ်ငန်းသို့ သံလမ်းသွား ယာဉ်ရထားများ၊ တနိုင်ငံလုံးရှိ အပေါ့စားနှင့် အဓိကသံလမ်း အစိတ်အပိုင်းများကို ပေးသွင်းခြင်းနှင့် ဗာတူဂါဂျာတွင် စက်ရုံတည်ဆောက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိနေပြီး ဖြစ်သည်။ ဘန်ဒါ မလေးရှားရှိ ကွာလမ်လန်ပူ၏ ပို့ဆောင်ရေး ဗဟိုအချက်အချာသစ် တည်ဆောက်ရေးများ လုပ်ကိုင်ခြင်းဖြင့် တရုတ်မီးရထားလမ်း အုပ်စုသည် မလေးရှားတွင် အခိုင်အမာနေရာယူထားပြီး ဖြစ်သည်ကို တွေ့နိုင်သည်။ အဆိုပါနေရာမှာ ကွာလမ်လမ်ပူ-စင်ကာပူ မြန်နှုန်းမြင့်ရထားလမ်းနှင့် အဆိုပြုထားသော ကွာလာလမ်ပူ-ဘန်ကောက် မြန်နှုန်းမြင့် ရထားလမ်းတို့ အဆုံးသတ်နေရာ ဖြစ်သလို တရုတ်မီးရထားအုပ်စု၏ အမေရိကန်ဒေါ်လာ ၂ ဘီလီယံတန် ဒေသဆိုင်ရာ ရုံးချုပ်များ တည်ရှိရာ နေရာလည်း ဖြစ်ပေသည်။

အရှေ့ဘက် ပင်လယ်ကမ်းရိုးတန်း ဆက်သွယ်ရေးလမ်းကြောင်းကို တရုတ်က တည်ဆောက်နေပြီး၊  ပြီးစီးပါက မလေးကျွန်းဆွယ် အရှေ့ဘက်ကမ်းရိုးတန်း ကွမ်တန် ဆိပ်ကမ်းနှင့် အနောက်ဘက် ကမ်းရိုးတန်းရှိ ကလန်ဆိပ်ကမ်းတို့ကို ဆက်သွယ်မိမည် ဖြစ်ပြီး ကုန်းမြေတံတားတခု ဖန်တီးနိုင်မည် ဖြစ်သည်။ အဆိုပါတံတားက မာလက္ကာ ရေလက်ကြားနှင့် တောင်တရုတ်ပင်လယ်တို့အကြား ကုန်စည်များ သယ်ယူသည့်အခါ စင်ကာာပူကို ဖြတ်သန်းရန်မလိုဘဲ ပို့ဆောင်ပေးနိုင်ပေလိမ့်မည်။ စက်မှုလုပ်ငန်းကဏ္ဍတွင် မလေးရှား-တရုတ် ကွမ်တန် စက်မှုဥယျာဉ်သည် အိုင်တီ၊ ဆက်သွယ်ရေး၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် စသည်တို့ အပါအဝင် အဓိကရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ခဲ့သည်။ ဤစက်မှုဥယျာဉ်သည် တရုတ်ပြည်၊ ကွမ်ရှီးပြည်နယ်ရှိ တရုတ်-မလေးရှား ချင်းကျိုး စက်မှုဥယာဉ်နှင့် အမြွှာညီအစ်မ လုပ်ထားသည်။ ထို့ပြင် မလေးရှားနှင့် တရုတ် နှစ်နိုင်ငံအကြား တိုးများလာသော စက်မှုကုန်သွယ်ရေးသည် တရုတ်က မလေးရှား၏ ကွမ်တန်ဆိပ်ကမ်းကို တိုးချဲ့ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းအားဖြင့် ပိုမိုအဆင်ပြေ ချောမွေ့လာမည် ဖြစ်သည်။ မလေးရှားကျွန်းဆွယ် အနောက်ဘက်ကမ်းတွင်လည်း မီလကာဂိတ်ဝေး ပရောဂျက်ကို တရုတ်က ရင်းနှီးမြှုပ်နှံလျက် ရှိသည်။ အဆိုပါ ပရောဂျက်တွင် လက်ရှိကျွန်းတကျွန်းနှင့် လူလုပ်ကျွန်း သုံးကျွန်းတို့တွင် စီးပွားရေးနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့ ပါဝင်သလို မီလကာဂိတ်ဝေးဆိပ်ကမ်း တည်ဆောက်ရေးလည်း ပါဝင်သည်။ အဆိုပါဆိပ်ကမ်း ပြီးစီးမည့် ၂၀၁၉ ခုနှစ်တွင် တရုတ် ပါတနာကုမ္ပဏီနှစ်ခုက စီမံခန့်ခွဲပေလိမ့်မည်။ မီလကာဂိတ်ဝေးဆိပ်ကမ်းသည် နှစ်စဉ် သင်္ဘောအစီးပေါင်း တသိန်းခန့်၏ ကုန်တင်ကုန်ချ လုပ်ငန်းများကို ကိုင်တွယ် ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

မလေးရှားနိုင်ငံတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်မြင့်မားလာခြင်း၊ မလေးရှားအစိုးရအပေါ် စာနာထောက်ထားမှု အထူးသဖြင့် ဒုက္ခရောက်နေသော မလေးရှား၏ နိုင်ငံပိုင် 1MDB ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေသို့ ဘဏ္ဍာရေးအထောက်အပံ့ ပေးခြင်းတို့ကြောင့် တောင်တရုတ်ပင်လယ် အငြင်းပွားမှုတွင် ကွာလာလမ်ပူ၏ တရုတ်ဆန့်ကျင်ရေး ရပ်တည်ချက်ကို ပျော့ပျောင်းသွားစေသည်။ အစောပိုင်းက ဖော်ပြခဲ့သလို အလားတူ ပုံသဏ္ဌာန်မျိုးကို ဖိလစ်ပိုင်နှင့် ဆက်ဆံရေးတွင် ဆတွ့မြင်နိုင်သည်။ ဤသည်မှာ အငြင်းပွားမှုဖြစ်နေသော စပရက်တလေကျွန်းများတွင် တရုတ် စစ်ရေးတည်ဆောက်မှု ဂြိုဟ်တုပုံရိပ်များကို ထုတ်ပြန်ကြေညာပြီး၂၀၁၆ ခုနှစ် နောက်ပိုင်းတွင် ပိုမိုသိသာလာသည်။ အမေရိကန်၏ ပြင်းထန်သော တုံ့ပြန်မှုများနှင့် ခြားနားစွာ ဖိလစ်ပိုင်နှင့် မလေးရှားတို့၏ တုံ့ပြန်မှုများမှာ ပျော့ပျောင်းလှသည်။ နှစ်နိုင်ငံ အစိုးရများက အငြင်းပွားနေသော ကျွန်းများအပေါ် တရုတ်၏ စစ်ရေး တည်ဆောက်မှုများနှင့် ပတ်သက်၍ ပီကင်း၏ ရှင်းလင်းချက်ကို စောင့်ဆိုင်းမည် ဖြစ်ကြောင်းသာ ရိုးရှင်းစွာ ထုတ်ပြန်ကြေညာခဲ့သည်။

စင်ကာပူ

စင်ကာာပူနှင့်ပတ်သက်သော ကိစ္စတွင် စင်ကာပူနှင့် တရုတ်အစိုးရတို့သည် ပရောဂျက် အတော်များများကို ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အစိုးရချင်း ပူးပေါင်းဆောင်ရွက်သည့် ဧရာမပရောဂျက် သုံးခုလည်း ပါဝင်သည်။ ၎င်းတို့မှာ စူးကျိုးစက်မှုလက်မှုဥယျာဉ်၊ ထန်ကျင်းစီးပွားရေးမြို့တော်နှင့် ချုံချင်း ဆက်သွယ်ရေး ဦးဆောင်ဦးရွက်ပြုမှု စီမံကိန်းတို့ ဖြစ်သည်။ ရပ်ဝန်းနှင့် လမ်းမအစီအစဉ်၏ ရှုမြင်ချက်အရဆိုရလျှင် ကွာလာလမ်ပူ-စင်ကာပူ မြန်နှုန်းမြင့် ရထားလမ်းစီမံကိန်းတွင် တရုတ် ပါဝင်ပတ်သက်လာနိုင်ခြေရှိမှုမှလွဲ၍၊ စင်ကာပူသည် ဖွံ့ဖြိုးကြီးထွားလာနေသော ရပ်ဝန်းနှင့် လမ်းမကွန်ရက်တွင် အဓိက ဘဏ္ဍာရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဗဟိုအဖြစ် ဆောင်ရွက်ရန် မိမိကိုယ်ကို နေရာချလျက် ရှိသည်။ သို့သော်လည်း တရုတ်-စင်ကာပူ ဆက်ဆံရေးမှာ အစဉ်အမြဲ ချောမွေ့လှသည်တော့ မဟုတ်ပေ။

၂၀၁၆ ခုနှစ် နောက်ပိုင်းကာလတွင် တောင်တရုတ်ပင်လယ် အငြင်းပွားမှု၌ စင်ကာပူ၏ ရပ်တည်ချက်နှင့် ၎င်းနှင့်ထိုင်ဝမ်အကြား ဆက်ဆံရေးတို့က တရုတ်-စင်ကာပူ ဆက်ဆံရေး အတွင်းအက်ကြောင်းများ ဖြစ်ပေါ်လာစေသည်။ ထိုသို့သော တင်းမာမှုများ ရှိခဲ့သော်လည်း နှစ်နိုင်ငံအကြား နက်ရှိုင်းသည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများက နှစ်နိုင်ငံ ဆက်လက်၍ ပိုမိုနီးကပ်စွာ ရှိနေပေလိမ့်ဦးမည်။

ဘရူနိုင်း

ဘရူနိုင်းတွင် တရုတ်က တင်ဘာရုန်တံတား တည်ဆောက်ရေးနှင့် ပုလောမောရာဘီဆာ ရေနံချက်စက်ရုံကဲ့သို့သော အဓိက အခြေခံအဆောက်အဦ တည်ဆောက်ရေး ပရောဂျက်များ လုပ်ဆောင်သည့်၊ စူလ်တန်စော်ဘွားနိုင်ငံ၏ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်လာသည်။ ကွမ်ရှီးပြည်နယ်နှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်အရ တရုတ်နှင့် ဘရူနိုင်းအကြား ကုန်သွယ်ရေး တိုးတက်လာမှုကို ပိုမို ရှင်းလင်းလွယ်ကူလာစေလိမ့်မည်။ ထို့ပြင် နှစ်နိုင်ငံ အစိုးရများသည် ရပ်ဝန်းနှင့် လမ်းမ အစီအစဉ်ကို ဘရူနိုင်း၏ ၂၀၃၅ ဖွံ့ဖြိုးရေးစီမံကိန်း စိတ်ကူးအိပ်မက်နှင့် ဆက်စပ်နိုင်ရန် အတူတကွ လုပ်ဆောင်လျက်ရှိသည်။ ဗီယက်နမ်ကဲ့သို့ပင် ဘရူနိုင်းသည်လည်း သူ၏ စီးပွားရေး ဖွံ့ဖြိုးမှုကို တွန်းနှိုးနိုင်စေရန် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်အဖွဲ့ (TPP) အပေါ် အားထားလျက်ရှိသည်။ သို့သော်လည်း ထရမ့်အစိုးရ၏ TPP ကို ငြင်းပယ်လိုက်မှုက ဘရူနိုင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကပြင်ပအကူအညီမှာ တရုတ်နိုင်ငံသာ ဖြစ်သွားစေတော့သည်။

အရှေ့တီမော

အရှေ့တောင်အာရှ၏ အငယ်ဆုံးနှင့် အဆင်းရဲဆုံးတိုင်းပြည် ဖြစ်သည့် အရှေ့တီမောသည် လတ်တလောအားဖြင့် အာဆီယံတွင် ပါဝင်ရန် ကြိုးစားလျက်ရှိသည်။ တရုတ်က မြို့တော်ဒိလိ၏ ရေထုတ်မြောင်းစနစ် အဆင့်မြှင့်တင်ရေးနှင့် အစိုးရ အဆောက်အဦးများ တည်ဆောက်ရေးတွင် ဖွံ့ဖြိုးရေး အထောက်အကူများပေးလျက် ရှိသကဲ့သို့ အခြေခံအဆောက်အဦများ၊ စိုက်ပျိုးရေးနှင့် လူသားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေး စသည့် ပရောဂျက်များတွင်လည်း ကူညီဆောင်ရွက်လျက်ရှိသည်။ အစိုးရနှစ်ရပ်လုံးသည် ရေနံဓာတုလုပ်ငန်း၊ မြို့ပြလေကြောင်းနှင့် ခရီးသွားလာရေးလုပ်ငန်းတို့ကဲ့သို့သော ကဏ္ဍများတွင် အတူပူးပေါင်းဆောင်ရွက်နေသကဲ့သို့ တီမောအစိုးရအနေဖြင့် AIIB (Asian Infrastructure Investment Bank) ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်ရန် လုပ်ငန်းစဉ်များကိုလည်း စတင်လျက်ရှိသည်။ ဤသို့အားဖြင့် အရှေ့တီမောသည် ရေကြောင်းပိုးလမ်းမ အစီအစဉ်တွင် အမှန်တကယ် ပါဝင်ပတ်သက်လာဖွယ် ရှိနေပေသည်။ အကယ်၍ အရှေ့တီမောသာ အာဆီယံအသင်းဝင် ဖြစ်လာပါက အာဆီယံအတွင်း တရုတ်အကျိုး လိုလားသည့် နိုင်ငံအရေအတွက် တိုများလာနိုင်သည်။

၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းတွင် သမ္မတ ရှီကျင့်ဖျင်က ကမ္ဘာလုံးဆိုင်ရာ “ဘုံရည်မှန်းချက်များရှိသည့် လူ့အဖွဲ့အစည်း” ဖန်တီးရေးကို ဦးတည်မည့်၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို အခြေခံသည့်၊ နိုင်ငံတကာဆက်ဆံရေး ပုံစံသစ်တရပ် ဖော်ဆောင်ရေးအတွက် ဆော်သြခဲ့သည်။ ရှည်ကြာသော သမိုင်းကာလတလျှောက် ဖွံ့ဖြိုးဆဲကမ္ဘာရှိ အခြားသော တိုင်းပြည်များသို့ ကူညီထောက်ပံ့မှုပြုခဲ့သည့် တရုတ်ပြည်အတွက် အဆိုပါ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုများသည် အသစ်အဆန်း မဟုတ်ချေ။ ဤရှုထောင့်မှကြည့်လျှင် ရပ်ဝန်းနှင့်လမ်းမအစီအစဉ်ကို နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်အတွင်း တရုတ်ပြည်၏ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နောက်ဆုံးကြေညာစာတမ်းတခုဟု ရှုမြင်နိုင်သည်။ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် သူတို့၏ အခြေခံအဆောက်အဦ တိုးချဲ့ရေးကွန်ရက်ကို အောင်မြင်စွာ ဖြန့်ချထားနိုင်ခဲ့လျှင် အရှေ့တောင်အာရှရှိ “ရပ်ဝန်းနှင့်လမ်းမ” မိတ်ဖက် ပါတနာများရော၊ ဆက်စပ်နိုင်ငံများပါ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကြောင့် ရလာမည့် အကျိုးကျေးဇူးများကို ခံစားရန် မျှော်လင့်နိုင်ပေလိမ့်မည်။

ရဲထွန်း(သီပေါ)

စာရေးသူ ဒေါက်တာ အယ်ဘင်ချန်ဟင်လင်းမ် ( Alvin Cheng-Hin Lim )

အယ်ဘင် ချန်ဟင်လင်းမ်သည် နိုင်ငံတကာ ပြည်သူ့ရေးရာပေါ်လစီ ပုဂ္ဂလိက ကုမ္ပဏီလီမိတက် (IPP) မှ သုတေသနမှူးတဦး ဖြစ်သည်။ သူသည် မနိုအာရှိ ဟာဝိုင်အီတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဘာသာဖြင့် Ph.D ဘွဲ့ ရရှိခဲ့သည်။ ကမ္ဘောဒီးယား၏ ပန်နာဆာထရာတက္ကသိုလ်နှင့် နိုက်ဂျီးရီးယား၏ အမေရိကန်တက္ကသိုလ်တို့တွင် စာသင်ကြားခဲ့သည်။ IPP သို့ မရောက်မီက သူသည် လောင်းဂတ်စ် အင်စတီကျုတွင် ဖွံ့ဖြိုးရေးနှင့် မဟာဗျူဟာဘာသာရပ်အတွက် သုတေသနမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013