လာမယ့် သင်္ကြန်ကာလအတွင်း ရန်ကုန်မှာ လက်ရှိပြေးဆွဲနေတဲ့ RBE မြို့ပတ်ရထား ပြေးဆွဲနေမှုကို ရပ်ဆိုင်းသွားမှာဖြစ်တယ်လို့ မြန်မာ့မီးရထားဌာနက သိရပါတယ်။
မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကာလအတွင်းမှာ ခရီးသည်တွေအနေနဲ့ မြို့ပတ်ရထားစီးနင်းမှု နည်းပါးလေ့ရှိတာကြောင့် ပုံမှန်ပြေးဆွဲနေတဲ့ ရထားအစီးရေနှုန်းထားထက် လျှော့ချပြေးဆွဲမယ်လို့ မြန်မာ့မီးရထားဌာန သွားလာရေး တိုင်းအမှတ်-၇ မန်နေဂျာ ဦးဇော်လွင်က ပြောပါတယ်။
“သင်္ကြန်မတိုင်ခင်မှာတော့ ခရီးသွားလာမှုများတယ်။ သင်္ကြန်ပြီးရင်လည်း ခရီးသွားလာမှု များတယ်။ သင်္ကြန်ကာလအတွင်းမှာကတော့ နံပါတ်တစ်က ခရီးသွားလာမှုနည်းတယ်။ နည်းတဲ့အတွက်လည်း ရထားတွဲဆိုင်းတွေ အခေါက်ရေ အများကြီးပြေးဖို့ မလိုအပ်ဘူး။ သင်္ကြန်ကာလမှာတော့ ကျနော်တို့ လက်ရှိပြေးဆွဲနေတဲ့ မြို့ပတ်နဲ့ ဆင်ခြေဖုံးရထားအစီးရေ ၂၂၀ ရှိတဲ့အနက်က RBE တွဲဆိုင်းတွေနဲ့ ပြေးဆွဲနေတဲ့ ရထားတွေကို ဖျက်သိမ်းဖို့ အစီအစဉ်ရှိပါတယ်။ ကျန်တဲ့ရထားတွေကတော့ ပုံမှန်ပဲ ဆက်လက်ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။”
RBE ရထားတွဲဆိုင်းတွေ ပြေးဆွဲမှုရပ်နားတာဟာ တွဲဆိုင်းအသစ်တွေ ဖြစ်တဲ့အပြင် ရထားဆိုဖာတွေ ရေစိုပြီး မပျက်စီးအောင် ကာကွယ်တာဖြစ်တယ်လို့လည်း မန်နေဂျာ ဦးဇော်လွင်က ပြောပါတယ်။
“RBE တွဲဆိုင်းတွေက တွဲဆိုင်းအသစ်တွေ၊ ထိုင်ခုံအသစ်တွေပေါ့နော်။ တချို့လည်း ဆိုဖာတွေ ပါတာပေါ့။ အဲဒီတော့ ဒါတွေကို သင်္ကြန်တွင်းကာလမှာ ပြေးဆွဲခြင်းအားဖြင့် ရထားကို ရေတွေစိုပြီး ပျက်စီးတာ ဖြစ်လာနိုင်တဲ့အတွက် ကျနော်တို့ သင်္ကြန်ကာလအတွင်းမှာ RBE တွဲဆိုင်းတွေကို မပြေးဆွဲဘဲ ရပ်နားမှာ ဖြစ်ပါတယ်။”
မြို့ပတ်ရထား ပြေးဆွဲနေမှုကို သင်္ကြန်အကြိုနေ့အထိ ပုံမှန်ပြေးဆွဲသွားမှာဖြစ်ပြီးတော့ အကျနေ့၊ အကြတ်နေ့နဲ့ အတက်နေ့တွေမှာ RBE ရထားတွဲဆိုင်းတွေကို ပြေးဆွဲနေတာကို ရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်။
သတင်း - စိုးယုဇော်











