
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ကညင်ငူကျေးရွာအုပ်စု ထန်းတောထဲမှာ သုံးလကျော်ကြာ လူသတ်အလောင်းဖျောက်ထားတဲ့ လူသေအလောင်းကို တရားသူကြီး၊ ဆရာဝန်၊ ရဲတပ်ဖွဲ့မှူးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ဒီနေ့ အလောင်းဖော်ခဲ့ကြပါတယ်။
အင်္ဂပူမြို့နယ် ဘုရားငုတ်တိုကျေးရွာ အုပ်စုသပြေကွင်းမှာ နေထိုင်တဲ့ တရားခံ သိန်းကျော် က မြန်အောင်မြို့နယ် ဝက်တိုး အုပ်စု မုဆိုးကွင်းကျေးရွာမှာ နေထိုင်တဲ့ သေဆုံးသူ ပေါက်ခေါ်(ခ) ဝင်းအောင်ကို လွန်ခဲ့တဲ့ ၃ လကျော်က ထန်းတောထဲမှာ သတ်ပြီး အလောင်းဖျောက်ထားခဲ့တာပါ။
လူသတ်အလောင်းဖျောက်တာကို ဖော်ထုတ်ခဲ့တဲ့ ဇနီးသည် မခင်ဌေးနဲ့ တရားခံ သိန်းကျော်တို့ ပေါင်းသင်းနေထိုင်စဉ် မြန်အောင်မြို့နယ် ဝက်တိုးအုပ်စု မုဆိုးကွင်းကျေးရွာမှာနေတဲ့ သေဆုံးသူ ပေါက်ခေါ်(ခ) ဝင်းအောင် က သူ့အမျိုးတွေရှိရာ လာလည်ရင်းက တရားခံသိန်းကျော်နဲ့အတူ ထန်းတောထဲ ထန်းရေသောက်ရင်း စကားများရန်ဖြစ်ကြရာ တရားခံသိန်းကျော်က ထန်းလှီးဓားနဲ့ ခုတ်သတ်ခဲ့တာဖြစ်ပြီး အလောင်းကို ထန်တောထဲက တဲဘေးမှာ မြုပ်ကာ မြေပုံပေါ်တွင် ထန်သီးတွေ စိုက်ပျိုးဝှက်ထားခဲ့တာလို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။
တရားခံသိန်းကျော်နဲ့ လူသတ်မှုကို ဖော်ထုတ်သူ မခင်ဌေး တို့ဟာ အိမ်ထောင်ကွဲပြီး သိန်းကျော်မှာ မခင်ဌေးကို မူးပြီး ရန်နေတာတွေ၊ သတ်ပစ်မယ်ခြိမ်းခြောက်တာတွေ လုပ်လို့ မခင်ဌေးက ရဲစခန်းသွားရောက် တိုင်တန်းဖော်ထုတ်လိုက်တာပါ။
သေဆုံးသူ ပေါက်ခေါ်(ခ) ဝင်းအောင် ရဲ့ အဖေဖြစ်သူ ဦးရွှေကတော့ “သေဆုံးသူဟာ ခုလိုပဲ အမျိုးတွေဆီလာလည်လိုက် ပြန်သွားလိုက် မကြာခဏ ခရီးထွက်လိုက် ပြန်လာလိုက်လုပ်လေ့လုပ်ထ ရှိလို အခုလို အသတ်ခံ ရတာကို မသိလိုက်တာ။ အခုလို သူသားကို ရက်ရက်စက်စက်ခုတ်ပိုင် သတ်ဖြတ်တာကိုတော့ ဥပဒေအတိုင်းမှန်မှန်ကန်ကန်နဲ့ အမြန်ဆုံး အမှန်အတိုင်း ဖြစ်စေချင်တယ်။ သေဆုံးတာ သုံးလကျော် ကြာနေတော့ အလောင်းကတော့ အရိုးစုတွေတောင်ကျနေပါပြီ”လို့ ပြောပါတယ်။
အင်ပင်ရဲတပ်ဖွဲ့စခန်း စခန်းမှူး ရဲအုပ်ဇော်ထွန်းကတော့ “ခု မြို့နယ် ရဲတပ်ဖွဲ့မှူး၊ မြို့နယ် ဒုတိယ တရားသူကြီး ဆရာဝန်တွေနဲ့ အလောင်းဖော်ပါတယ်။ ဖော်ယူရရှိတဲ့ အရိုးစုတွေကိုတော့ ဆရာဝန်က စစ်ဆေးပီ ဘယ်ဒဏ်ရာတွေနဲ့ သေဆုံးတာတွေကို အသေးစိတ်စစ်ဆေးမှာပါ သတ်တဲ့ ရက်စွဲကတော့ လူသတ်မှုကို ဖော်ထုတ်ပေးတဲ့ မခင်ဌေး တရားခံရဲ့ ဇနီးက စာမတတ်တော့ အတိကျ မပြောနိုင်ဘူးဖြစ်နေတယ်။ တရားခံကိုတော့ အသေးစိတ်စစ်ဆေးချက်တွေလုပ်ပြီး အမြန်ဆုံး တရားစွဲ တင်နိုင်ရန် ရဲလုပ်ငန်းတွေ လုပ်ကိုင်နေတယ်”လို့ ဒီဗွီဘီ ကိုပြောပါတယ်။
အင်ပင် ရဲတပ်ဖွဲ့စခန်းမှာ ခုနှစ်ဆန်း ပိုင်ကနေ ဒီနေ့အထိ အမှုပေါင်း ၃၅ ခုရှိပြီး အမှုကြီးကတော့ (၆) မှုရှိတယ်။ အခု လူသတ်အလောင်းဖျောက်ထားတာတွေကို အမှုကြီးအမှတ်စဉ် (၆) လူသတ်မှု (၃၀၂)ပုဒ်မနဲ့ အလောင်းဖျောက်တဲ့ အမှုအတွက် (၂၀၁) ပုဒ်မ တွေအမှုဖွင့် စစ်ဆေးနေပါတယ်။
သတင်း - သန်းထိုက်မြင့်











