DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းရုပ်ရှင်ရုံ ပြန်လည်ပြသရန်ကိစ္စ တိုင်းလွှတ်တော်တွင် ဆွေးနွေးမည်
DVB
·
March 14, 2017
Donate to DVB

စစ်ကိုင်းမြို့ရဲ့ တခုတည်းသော ရုပ်ရှင်ရုံဖြစ်တဲ့ မင်းလမ်းရပ်ကွက်ရှိ ဇေယျာသီရိရုပ်ရှင်ရုံကို ပြန်လည်ပြီးပြသဖို့ အဆိုကို စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှာ ဆွေးနွေးဖို့ သဘောတူလိုက်ကြောင်း သိရပါတယ်။

ထိုအဆိုကို စစ်ကိုင်းမြို့ မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စုမြတ်ထက်က မတ်လ ၁၃ ရက်က ကျင်းပတဲ့ တိုင်းလွှတ်တော်အစည်းဝေးမှာ တင်သွင်းခဲ့တာဖြစ်ပြီး မဲခွဲဆုံးဖြတ်ရာမှာ ကန့်ကွက်သူမရှိ ထောက်ခံခဲ့ကြပါတယ်။

အဆိုရှင် ဒေါ်စုမြတ်ထက်က“ကျမတို့မြို့မှာ ရုပ်ရှင်ရုံဆိုလို့ ဒီတရုံတည်းရှိတာ။ အခု ရုပ်ရှင်မပြဘဲ ပိတ်ထားတာကြာပြီ။ ရုပ်ရှင်ရုံက လူစည်ကားတဲ့ မြို့လယ်ကောင်မှာ ဒီအတိုင်း ဖြစ်နေတာ။ မြို့ခံတွေက ရုပ်ရှင်ရုံရှိပါရဲ့နဲ့ ရုပ်ရှင်မပြသတဲ့အတွက် မကြည့်နိုင်ဘူးဖြစ်နေတယ်။ အစကတော့ မင်းဝင်ပန်းခြံဘက်ကို ရုပ်ရှင်ရုံအသစ်ဆောက်ဖို့ စီစဉ်ကြည့်ဖူးတယ်။ ဒါပေမယ့် မြို့ခံပြည်သူတွေက အရင်ရုပ်ရှင်ရုံနေရာကိုပဲ ပြန်လည်အသက်သွင်းချင်တာဖြစ်တဲ့အတွက် အားလုံးဆန္ဒအတိုင်းပဲ လက်ရှိ ရှိပြီးသား ရုပ်ရှင်ရုံကို ပြန်လည်ပြသဖို့ လွှတ်တော်မှာ အခုလို အဆိုတင်သွင်းရတာပါ” လို့ ပြောပါတယ်။

ဇေယျာသီရိရုပ်ရှင်ရုံဟာ ယခင်က ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ရုပ်ရှင်လုပ်ငန်းပိုင်ဖြစ်ပြီး ၂၀၁၁ ခုနှစ်က ပုဂ္ဂလိကသို့ သိန်း ၄၂၀ ကျော်နဲ့ ရောင်းချခဲ့တယ်လို့ သိရပါတယ်။

ရောင်းချချိန်က ချုပ်ဆိုထားတဲ့စာချုပ်ထဲမှာ အချက် ၇ ချက်ပါဝင်ပြီး ရုပ်ရှင်ပဲ ပြသရမှာဖြစ်ကာ တခြားစီးပွားရေးလုပ်ငန်းနဲ့ ပူးတွဲပြီး လုပ်ကိုင်မည်ဆိုရင်လည်း ရုပ်ရှင်ရုံ မပြ မနေရဆိုတဲ့ အချက်ပါဝင်ပါတယ်။

အဆိုပါစာချုပ်ပါအချက်နဲ့ လက်ရှိအခြေနေမှာ ကိုက်ညီမှုမရှိတဲ့အတွက် ရုပ်ရှင်ရုံ ပြန်လည်ပြသပေးဖို့ တိုင်းဒေသကြီး အစိုးရအား တိုက်တွန်းတာဖြစ်တယ်လို့ လွှတ်တော်တင်သွင်းတဲ့ အဆိုမှာ ပါရှိတယ်။

သတင်း - ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013