DVB Logo
Home
မြန်မာသတင်း
ဖက်ဒရယ်မရသေးသမျှ ရေကာတာစီမံကိန်းများ ရပ်ဆိုင်းရန် တောင်းဆို
DVB
·
March 14, 2017
ဖက်ဒရယ်မရသေးသမျှ ရေကာတာစီမံကိန်းများ ရပ်ဆိုင်းရန် တောင်းဆို
Donate to DVB

 

မြန်မာနိုင်ငံမှာ ဖက်ဒရယ်စနစ်ဖော်ဆောင်မှုမရသေးသမျှ၊ တိုင်းရင်းသားပြည်သူ လူထုတွေရဲ့ သဘာဝအရင်းအမြစ်များ ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့် မရှိသေးသည့်ကာလအတွင်း ရေကာကာကြီးများ  ဆောက်လုပ်မှု အစီအစဉ်အားလုံး ခေတ္တရပ်ဆိုင်းဖို့ မြန်မာနိုင်ငံမြစ်ချောင်းနဲ့ သဘာဝအရေးလုပ်ရှားတဲ့ အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

ဒီကနေ့ မတ်လ ၁၄ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာမြစ်ချောင်းများနေ့မှာ တောင်းဆိုလိုက်ကြ တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ပဋိပက္ခဇုံအတွင်း တည်ဆောက်မယ့်ရေကာတာကြီးတွေကို ဆန့်ကျင်ကန့် ကွက်ကြပါတယ်။

ဒီလိုမြစ်ချောင်းတွေထိန်းသိန်းရေးနဲ့ ရေကာတာစီမံကိန်းဆန့်ကျင်တဲ့လှုပ်ရှားမှုတွေကို မွန်ပြည်နယ် မော်လမြိုင်၊ ကချင်ပြည်နယ် ချီဖွေ၊ ရှမ်းပြည်နယ် ကွန်ဟိန်း၊ ကယားပြည်နယ် ရွာသစ်နဲ့ ကရင်ပြည်နယ် ဖာပွန်မြို့နယ်တွေမှာ ဒီကနေ့ တပြိုင်နက်အခမ်းအနားတွေနဲ့အတူ ကျင်းပခဲ့ကြပါ တယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့ ကမ်းနားမှာ ပြုလုပ်တဲ့ လှုပ်ရှားနဲ့ပတ်သက်လို့ သံလွင်မြစ်ထိန်း သိမ်းကာကွယ်ရေးကွန်ရက်က စောသာဘိုးက “ဒီနေ့မနက်ခင်းကတော့ ကျနော်တို့ ဒေသခံ အသီးသီးကနေပြီးတော့ သူတို့ ဘယ်လိုခံစားချက်ရှိတယ်ဆိုတာ လာပြောပြကြတယ်။ ကချင်ပါတယ်၊ ရှမ်းပြည်နယ် ကွန်လုံဒေသခံ၊ ကယားပြည်နယ် ရွာသစ်ဒေသခံယင်တလည်း လူမျိုးတွေလာတယ်။ မွန်က ဒေသခံတွေပြောတယ်။ ကရင်ကတော့ ဟတ်ကြီးဒေသခံတွေလာပြောတယ်။ ရခိုင်ပြည်နယ် က ပါတယ်။ ကူးကီးက ပါတယ်။ သူလာပြီး လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာတွေပြောတယ်။ ပြောပြီးတဲ့အခါမှာ ကျနော်တို့ သဘောထား ထုတ်ပြန်ချက်တွေ ထုတ်ပြီးတဲ့အခါမှာ ဖောင်မျှောတဲ့ အစီအစဉ်နဲ့ ရေကာတာ အလိုမရှိဆိုတဲ့ ကြွေးကြော်သံနဲ့ အဆုံးသတ်တယ်ခင်ဗျာ။”

ဒီကနေ့ နိုင်ငံတ၀န်း ကျင်းပတဲ့လှုပ်ရှားမှုမှာ မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာ ကွန်ယက်၊ သံလွင်မြစ်ထိန်းသိမ်း ကာကွယ်ရေးကွန်ရက်နှင့် မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာအလုပ်အဖွဲ့က ပူးပေါင်းလုပ်ဆောင် တောင်းဆိုတာဖြစ်ပါတယ်။

ပူးတွဲကြေညာချက်မှာလည်း မြန်မာ့စွမ်းအင်မာစတာအစီအစဉ်အရ မြန်မာနိုင်ငံတွင်း ရေကာတာပေါင်း ၅၀ တည်ဆောက်ဖို့ ချမှတ်ထားပြီး အဓိကအနေနဲ့ သံလွင်မြစ်၊ ဧရာဝတီမြစ်နဲ့ ၄င်းတို့ရဲ့ မြစ်လက်တက်တွေအပေါ်မှာ  လျှပ်စစ်ဓာတ်အား (၃၀၀၀) မီကာဝပ် မှ (၄၆၀၀၀) မီကာဝပ်အထိ ထုတ်လုပ်မယ့် ရေကာတာများကို ၂၀၃၀ ခုနှစ်အထိ တည်ဆောက်ဖို့ ရှိနေတာဖြစ်ပါတယ်။ ထွက်ရှိမယ့် လျှပ်စစ်ဓာတ်အား လေးပုံသုံးပုံမှာ အိမ်နီးချင်းနိုင်ငံတွေကို တင်ပို့မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အဓိကမြစ်ချောင်းတွေဟာ သန်းပေါင်းများစွာသော ဒေသခံပြည်သူလူထုများမှီခိုကာ အသက်မွေးဝမ်းကြောင်းပြုနေတဲ့အပြင် သက်ရှိဇီဝကွဲပြားမှုအမျိုးမျိုးနဲ့  သဘာဝပတ်ဝန်းကျင်ရဲ့ အလွန်အရေးကြီးတဲ့ ဂေဟစနစ်ကို ထိန်းသိမ်းပေးတဲ့  မြစ်တွေဖြစ်ပါတယ်။

အဆိုပါမြစ်များအပေါ် ရေကာတာတည်ဆောက်ပါက  မြစ်ကြီးတွေနဲ့အတူ မှီခိုသူတွေပါ ပျက်စီးဆုံးရှုံးမယ့်အပြင် သစ်တောပြုန်းတီးပြီး ရာသီဥတုပြောင်းလဲဖောက်ပြန်မှုကို ဖြစ်ပေါ်စေသလို အစိုးရစစ်တပ်မှစစ်အင် အားတိုးချဲ့မှုပိုဖြစ်စေပြီး နှစ်ရှည်လများကဖြစ်ပွားနေတဲ့ တိုင်းရင်းသားများ နေထိုင်ရာဧရိယာအတွင်း ပဋိပက္ခပိုမိုဖြစ်ပေါ်လာနိုင်တယ်လို့ ဖော်ပြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သံလွင်မြစ်၊ ရွှေလီမြစ်၊ နမ္မတူမြစ်အပေါ်နှင့် ဧရာဝတီမြစ်ရဲ့ မြစ်လက်တက်များဖြစ်သော ကချင်ပြည်နယ် မြစ်ဆုံရေကာတာ အစရှိတဲ့ ရေကာတာတွေ ဆောက်လုပ်ဖို့ စီစဉ်ထားတဲ့ ဧရိယာအတွင်းမှာ အစိုးရ စစ်တပ်မှ ထိုးစစ်ဆင်တာတွေကြောင့် စစ်ပွဲတွေ ပိုမိုဖြစ်ပွားနေကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013