DVB Logo
Home
မြန်မာသတင်း
မြန်မာလင်မယားထံမှ မွေးကင်းစကလေးငယ် ခိုးယူခဲ့သည့် ထိုင်းအမျိုးသမီးကို ဖမ်းဆီး (ရုပ်သံ)
DVB
·
March 14, 2017
မြန်မာလင်မယားထံမှ မွေးကင်းစကလေးငယ် ခိုးယူခဲ့သည့် ထိုင်းအမျိုးသမီးကို ဖမ်းဆီး (ရုပ်သံ)
Donate to DVB



ထိုင်းနိုင်ငံ ဆေးရုံတရုံပေါ်မှာ မြန်မာလင်မယားစုံတွဲထံမှ ရက်သားအရွယ်သာရှိသေးတဲ့ မွေးကင်းစ ကလေးငယ်ကို ခိုးယူခဲ့တဲ့ ထိုင်းအမျိုးသမီးတဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ် ဆူနီပွန် ဆက်ခ်ဒီးဟာ နခွန်ပထုန်ခရိုင်၊ နခွန်ပထုန်ဆေးရုံမှာ မွေးဖွားတဲ့ မြန်မာလင်မယားရဲ့ ၅ ရက်သားကလေးကို မတ်လ ၁၂ ရက်နေ့က ခိုးယူခဲ့တာဖြစ်တယ်လို့ ရဲတွေကို ဝန်ခံထွက်ဆိုခဲ့တာပါ။

ကလေးရဲ့ ဖခင်ဖြစ်သူက တိုင်ချက်ဖွင့်ခဲ့တဲ့အတွက် ရဲတွေဟာ ဆေးရုံ စီစီတီဗွီ ရုပ်သံမှတ်တမ်းတွေကတဆင့် သူ့ကို ဖမ်းဆီးနိုင်ဖို့ ရှာဖွေခဲ့ကြချိန်မှာ နခွန်ပထုန်ဒေသမှ သူ့နေအိမ်မှာ ဖမ်းမိခဲ့တာပါ။

ခိုးယူခံရတဲ့ကလေးကို မတ်လ ၉ ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပြီး ဆူနီပွန်ဟာ ကလေးမွေးဖွားပြီး နောက်တနေ့ကတည်းက ကလေးငယ်ရဲ့ မိဘတွေအနီး ရှိနေခဲ့ပြီး လိုအပ်တာတွေကို ကူညီနေခဲ့ကာ ဆေးရုံဝန်ထမ်းတွေကိုတော့ သူဟာ ဆွေမျိုးတော်စပ်တဲ့သူတဦးလို့ ပြောထားခဲ့တာပါ။

ဆူနီပွန်ဟာ ဆေးဖိုးဝါးခ ကုန်ကျငွေတွေကိုတောင် ပေးခဲ့ပြီးနောက်မှာတော့ မြန်မာစုံတွဲကတော့ သူ့ကို စိတ်သဘောကောင်းသူတဦးအဖြစ် ယုံကြည်ယူဆခဲ့ကြတာပါ။

မတ်လ ၁၂ ရက်နေ့ မနက်ပိုင်းမှာတော့ သူတို့ဟာ ဆေးရုံက ဆင်းခဲ့ကြပြီး နေ့လယ်ပိုင်းမှာတော့ သူတို့နေအိမ်ကို ဆူနီပွန်က ရောက်လာခဲ့ကာ ကလေးကို ကာကွယ်ဆေးထိုးဖို့ လိုအပ်တယ်လို့ ပြောခဲ့တာပါ။

ကလေးငယ်ရဲ့မိခင်ဟာ ကလေးငယ်ကို ဆူနီပွန်နဲ့အတူ ထည့်ပေးလိုက်ကာ ခင်ပွန်းဖြစ်သူကိုပါ အငှားကားနဲ့ အတူလိုက်စေခဲ့ပါတယ်။

ဆေးရုံကိုရောက်ပြီး ဖခင်ဖြစ်သူက တက္ကစီခ ပေးချေနေချိန်မှာတော့ ဆူနီပွန်ဟာ တခြားထွက်ပေါက်တခုကနေ ကလေးငယ်ကို ခိုးယူထွက်ပြေးသွားခဲ့တာပါ။

လက်ရှိမှာတော့ ကလေးငယ်ကို နခွန်ပထုန်ဆေးရုံ ပို့ဆောင်ထားပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတာပါ။

ဆူနီပွန်ကတော့ အရွယ်မရောက်သေးတဲ့ ကလေးငယ်ကို ခိုးယူမှုနဲ့ ပြစ်ဒဏ်ကျခံရမှာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013