DVB Logo
Home
မြန်မာသတင်း
နမ္မတူမြို့နယ်တွင် ရွာသား ၉၀ ကျော်ကို ပလောင်လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးခေါ်ဆောင်
DVB
·
March 13, 2017
နမ္မတူမြို့နယ်တွင် ရွာသား ၉၀ ကျော်ကို ပလောင်လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးခေါ်ဆောင်
Donate to DVB

 

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် မိုင်းတတ်ကျေးရွာအုပ်စုထဲမှာ တီအန်အယ်လ်အေ တအာင်းပလောင်လက်နက်ကိုင်အဖွဲ့က ရွာသားတဦးကို ပစ်သတ်ခဲ့ပြီး လူ ၉၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျေးရွာ ရပ်မိရပ်ဖတဦးက ပြောပါတယ်။

မတ်လ ၁၀ ရက်နေ့ ည ၉ နာရီလောက်က တီအန်အယ်လ်အေ စစ်သားတွေက မိုင်းတတ် ကျေးရွာထဲကို ဝင်ရောက်လာပြီး အသက် ၅၄ နှစ်ရွယ် လုံးဆန်စိုင်းတို့အိမ်ပေါ် ဝင်ရောက်ရှာဖွေ မွှေနှောက်ခဲ့ကြောင်း၊၊ အဲဒီအိမ်မှာ သေနတ်တလက် တွေ့ရှိတဲ့အတွက် သူ့ကို RCSS ရှမ်းပြည် တပ်မတော်အကြောင်း ရိုက်နှက်မေးမြန်းခဲ့ပြီးနောက် သူ့ကို သေနတ်နဲ့ပစ်လို့  ၁၁ ရက်နေ့ မနက်မှာ သေဆုံးသွားတယ်လို့  မိုင်းတတ် ရပ်မိရပ်ဖ တဦးက ဒီဗွီဘီကို ပြောပါတယ်။

“လုံးဆန်စိုင်းကို သူတို့က ရိုက်နှက်စစ်ဆေးတော့ သူလည်း မခံနိုင်လို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းကို ကူနေတာပါလို့ ပြောလိုက်တယ်တဲ့၊ ပလောင်စစ်သားတွေက နားမထောင်ဘဲ သူတို့အဲဒီနေ့က မြို့ပေါ်တက်ပြီး ပြောင်းဖူးရောင်းထားတဲ့ ပိုက်ဆံ ၁၀ သိန်းကျော်ရော၊ တယ်လီဖုန်း၊ ဆွဲကြိုးနဲ့ လက်စွပ်တွေပါ ယူသွားတယ်၊ ပြီးတော့  သူ့ကို သူတို့နောက် လိုက်ခဲ့လို့ပြောတယ်၊ သူက ထဖို့ပြင်နေတုန်း သေနတ်နဲ့ ပစ်လိုက်တာ ညာဘက်ခြေထောက်မှာ ၂ ချက်၊ ညာဘက်လက်မှာ တချက်ထိတယ်၊  သေနတ်သံကြားတော့ ဘယ်သူမှ လာမကူရဲဘူး။ ဆေးခန်း ဆေးရုံလည်း မသွားရဘူး၊ ၁၁ ရက်နေ့မနက်မှာ သွားကြည့်တော့ သူက တညလုံး သွေးထွက်လွန်ပြီး မနက် ၆ နာရီမှာ ဆုံးသွားတယ်၊ သူ့မိသားစုတွေက  သဂြုင်္ိဟ်မလို့ အခေါင်းထဲထည့်ပြီးပြီ၊ ဒါပေမယ့် ကျနော်တို့က ဒီကိစ္စ သက်ဆိုင်ရာကို တိုင်တန်းသင့်တယ်ဆိုပြီး အလောင်းကို နမ္မတူဆေးရုံကို ခေါ်ခဲ့တယ်၊ ဆရာဝန်တွေက ဆေးစစ်ချက်ယူထားပြီးမှ နမ္မတူမှာပဲ သင်္ဂြိုဟ်လိုက်ကြတယ်။”

မတ်လ ၁၂ ရက်နေ့က  အင်အား ၆၀ လောက်ရှိတဲ့ တီအန်အယ်လ်အေ တပ်ဖွဲ့ဝင်တွေ မိုင်းတတ်ဘုန်းကြီးကျောင်းကို ရောက်လာပြီး ကျောင်းပေါ်က လူတွေ ဖမ်းခေါ်သွားတယ်လို့လည်း ရပ်မိရပ်ဖက ဆက်ပြောပါတယ်။

“အဲဒီနေ့က လပြည့်နေ့ဆိုတော့ အကုန်ဘုန်းကြီးကျောင်းတက်နေကြတယ်လေ။ အဲဒါ ကျေင်းပေါ် တက်လာပြီး ယောက်ျားတွေကို ဖမ်းခေါ်သွားတယ်။ ဆရာတော်က တောင်းပန်တာလည်း မရဘူး။ အသက် ၂၀ ၀န်းကျင် လူငယ်ကနေ အသက် ၇၀ ကျော် အဖိုးကြီးတွေလည်းပါတယ်။ နာမည် အတိအကျနဲ့ဆို ၉၁ ယောက်၊ ဒီထဲမှာ မိုင်းမော်နဲ့ ဟိုနားကျေး ရွာအုပ်စုဘက်က လူတွေလည်းပါတယ်။ အဲဒီလူတွေကျတော့ ရွာထဲမှာရော တောင်ယာထဲ အလုပ်လုပ်နေတဲ့လူတွေပါ ဆွဲခေါ်လာတာတဲ့၊ မနက် ၁၀ နာရီလောက်ကျတော့ ၂ ယောက်တတွဲစီ တန်းစီပြီး အကုန်ခေါ်သွားတယ်၊ ဒီနေ့တော့ မိုင်းရင်ဘက်ကို ရောက်သွားပြီလို့ တွေ့တဲ့လူကပြောတယ်။ အဲဒါ တီအန်အယ်လ်အေ ဌာနချုပ်ဘက်သွားတဲ့နေရာ။”

ဖမ်းဆီးခေါ်ဆောင်ခံရသူတွေကတော့ နမ္မတူမြို့နယ်၊ မိုင်းတက်ကျေးရွာ၊ နားဟိုင်ရွာ၊  မန်တုံမြို့နယ်၊ တာလင်ရွာ ၊ မော်တိုက်ရွာနဲ့ မော်နွေးရွာ စတဲ့ကျေးရွာတွေက ဖြစ်ပါတယ်။

အဖမ်းခံရသူတွေထဲက အသက် ၇၀ ရွယ် မိုင်းတတ်ရွာက အဖိုးအိုတယောက်ပြန်လွတ်လာပြီး သူအရမ်းကြောက်နေလို့ ဘာမှမေးလို့မရဘူးလို့ ဆိုပါတယ်။

ဖမ်းဆီးသူတွေ ပြန်လွတ်လာဖို့  ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရှမ်းပြည်မြောက်ပိုင်း လူမှုအခြေပြုအဖွဲ့ ၊ ရှမ်းနဲ့ပလောင်ပဋိပက္ခဖြေလျှော့ရေးပူးတွဲအဖွဲ့၊ နမ္မတူက လွှတ်တော်အမတ်နဲ့ SSPP ရှမ်းပြည် တပ်မတော် တာဝန်ရှိသူတွေဆီ အကူအညီတောင်းထားတယ်လို့ ရပ်မိရပ်ဖက ပြောပါတယ်။  

ဒီကိစ္စနဲ့ ပတ်သက်ပြီး TNLA ရဲ့ပြန်ကြားရေးအဖွဲ့ကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာတော့ ဖုန်းတလုံးက စက်ပိတ်ထားတယ်။ နောက်တလုံးထပ်ဆက်တော့ ဖုန်းကိုင်ပြီး ပြန်ချသွား ပါတယ်။ နောက်ထပ်တလုံးထပ်ဆက်ပြန်တော့လည်း ပြန်ကြားရေး တာဝန်ခံဗိုလ်မှူး မိုင်းအိုက်ကျော် ခရီးထွက်သွားတယ်လို့ ဖြေကြားပါတယ်။

SSPP ရှမ်းပြည်တပ်မတော်နဲ့ တအာင်းပလောင်တပ်ဖွဲ့ဟာ ယူအန်အက်ဖ်စီမဟာမိတ် အဖွဲ့ဝင် တွေဖြစ်သလို ပြီးခဲ့တဲ့လကလည်း လူမျိုးရေးပဋိပက္ခတွေ မဖြစ်အောင်ရှောင်ရှားဖို့ ၂ ဖွဲ့ ပူးတွဲကြေညာချက်ထုတ်ပြန်ထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013