DVB Logo
Home
မြန်မာသတင်း
မှုခင်းရှုထောင့်ဂျာနယ်သတင်းထောက် ဆဲဆိုထိုးကြိမ်မှုဖြင့် အမှုဖွင့်ခံရ
DVB
·
March 13, 2017
မှုခင်းရှုထောင့်ဂျာနယ်သတင်းထောက် ဆဲဆိုထိုးကြိမ်မှုဖြင့် အမှုဖွင့်ခံရ
Donate to DVB

 

ပဲခူးသတင်းစဉ် Bago Weekly ဂျာနယ်သတင်းထောက်အား ညစ်ညမ်းစွာဆဲဆို ဒဏ်ရာရရှိအောင် လက်သီးဖြင့်ထိုးခဲ့တဲ့အတွက်  ဇီးကုန်းမြို့နယ် မှုခင်းရှုထောင့် သတင်းထောက် ၁ဦးကို ဇီးကုန်းမြို့မရဲစခန်းမှာ  မတ်လ ၁၁ ရက်က အမှုဖွင့်တိုင်ကြားထားတယ်လို့ သိရပါတယ်။

မှုခင်းရှုထောင့် သတင်းထောက် ဦးမျိုးသက်က  Bago Weekly ဂျာနယ် သတင်းထောက် ကိုသက်ခိုင်ကို  ညစ်ညမ်းစွာဆဲဆိုပြီး ထိုးကြိတ်ခဲ့တာလို့ ပဲခူးသတင်းစဉ် သတင်းထောက် ဒေါ်ဝေဇင်ကြည်က ပြောပါတယ်။

"ကျမကို ဒေသခံသတင်းပေးတဦးက ဖုန်းဆက်ပြီးပြောတယ်။ တရားမဝင်ကျွန်းသစ်တွေကို ထွန်စက်နဲ့ ဆွဲလာတဲ့ ထော်လာဂျီကို ကံဇင်းကြီးလမ်းပေါ်မှာ မောင်းလာတယ်လို့ သတင်းပေးတယ်။ ကျမတို့ သွားကြည့်တယ်။ မှတ်တမ်းဓာတ်ပုံရိုက်တယ်။ မောင်းလာတဲ့သူက ကိုမျိုးသက်ကို အားလုံး ရှင်းပြီးသား၊ ပိုင်ရှင်က ကိုမြင့်ရွှေဟာလို့ ပြောတယ်။ ကျမတို့ လေးမျက်နှာ ရဲကင်းက တာဝန်ရှိသူတွေ ကို ဖုန်းဆက်အကြောင်းကြားတယ်။ ဘယ်သူမှ ဖုန်းမကိုင်ဘူး။ ထွန်စက်ကလည်း ထွက်သွားလို့ ကျမတို့ မှတ်တမ်းပဲယူပြီး ပြန်ခဲ့တာပါ။ ညကျမှ ကိုသက်ခိုင်က ကျမကို ဖုန်းဆက်ပြီး ကိုမျိုးသက်က ဆေးရုံရှေ့ လမ်းပေါ်မှာလည်း ထိုးတယ်။ ရဲစခန်းထဲက စခန်းမှူးရှေ့မှာလည်း မင်း ငါ့ကားကို ဘာလို့ ဓာတ်ပုံရိုက်တာလဲဆိုပြီး ထပ်ထိုးတယ်။ ဆဲတယ်လို့ ပြောလို့သိရတာပါ''လို့ ပြောပါတယ်။

ထိုးကြိမ်ခံခဲ့ရတဲ့ ပဲခူးသတင်းစဉ် သတင်းထောက် ကိုသက်ခိုင်က"ကျနော့်သဘောထားက မီဒီယာကို ခုတုံးလုပ်ပြီးတော့ ဒီလိုမျိုး တရားမဝင်သစ်တွေ လုပ်စားနေတာကို ကျနော်တို့ မီဒီယာကဏ္ဍကနေ ဖော်ထုတ်တဲ့အတွက် မှတ်တမ်းဓာတ်ပုံရိုက်တာကို သူတို့က နောက်နောင် အမှန်တရားမဖော်ထုတ်ရဲအောင် ဒီလို နိုင်ထက်စီးနင်းလုပ်တယ်လို့ ထင်ပါတယ်။ ဥပဒေပိုင်းအရ ပြောရမယ်ဆိုရင် ပြည်သူတွေကို အကာအကွယ် အပြည့်အဝ မပေးနိုင်ပါဘူး။ စခန်းမှူးတယောက်လုံး ရှေ့မှာ ထိုးတာတောင် အခုထိ ဖမ်းဆီးခြင်းမရှိသေးပါဘူး'' လို့  ပြောပါတယ်။

မှုခင်းရှုထောင့် သတင်းထောက် ဦးမျိုးသက်ကတော့  ဓာတ်ပုံရိုက်ပြီး ပိုက်ဆံတောင်းတဲ့အတွက် ခုလိုလုပ်ဆောင်ရတာဖြစ်တယ်လို့ ပြောပါတယ်။

 “အိမ်အဟောင်းတိုက်လာတဲ့ ကားကို ဓာတ်ပုံရိုက်ပြီး ပိုက်ဆံတောင်းတဲ့အတွက် သူ့အနေနဲ့ လက်သီးနဲ့ထိုးတာဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီး ကြိုက်တဲ့ပုဒ်မနဲ့အရေးယူပါ။ သတင်းထောက်ဖြစ်ပြီး ဓာတ်ပုံရိုက်ပြီး ပိုက်ဆံတောင်းလို့ သူ့အနေနဲ့ထိုးတာပါ”

လတ်တလော ဇီးကုန်းမြို့မရဲစခန်းက မှုခင်းရှုထောင့် သတင်းထောက် ဦးမျိုးသက်ကို အမှုဖွင့်ပြီး ရာဇသတ်ကြီးပုဒ်မ ၂၉၄/၃၂၃ နဲ့ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်းဓာတ်ပုံ - ဝဏ္ဏထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013