DVB Logo
Home
မြန်မာသတင်း
သင်္ကြန် ၁၀ ရက်ပိတ်ပေးရန် အလုပ်ရှင်များကို အလုပ်သမားဝန်ကြီးဌာန တိုက်တွန်း
DVB
·
March 13, 2017
သင်္ကြန် ၁၀ ရက်ပိတ်ပေးရန် အလုပ်ရှင်များကို အလုပ်သမားဝန်ကြီးဌာန တိုက်တွန်း
Donate to DVB

 

ပြင်ဆင်လိုက်တဲ့ သင်္ကြန်ပိတ်ရက် ၅ ရက်ကြောင့် အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုတွေ မဖြစ်ပွားအောင် အလုပ်ရှင်တွေအနေနဲ့ ၁၀ ရက်ပိတ်ပေးဖို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက တိုက်တွန်းလိုက်ပါတယ်။

ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ် UMFCCI မှာ သင်္ကြန်ပိတ်ရက်နဲ့ပတ်သက်ပြီး စက်မှုဇုန်တွေက လုပ်ငန်းရှင်တွေ အပါအဝင် လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က မေတ္တာရပ်ခံ တိုက်တွန်းပြောဆိုသွားတာပါ။

အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က “မန္တလေးမှာရော ရန်ကုန်မှာရော အလုပ်သမားတွေနဲ့ တွေ့တဲ့အခါ အလုပ်သမားတွေကတော့ ၁၀ ရက်ပိတ်ပေးဖို့ပဲ တင်ပြကြတယ်။ မပိတ်ပေးရင် အလုပ်သမားပဋိပက္ခတွေထိ ဖြစ်လာမှာ စိုးရိမ်မိပါတယ်။ အဲဒါကြောင့် တတ်နိုင်သမျှ ညှိနှိုင်းပြီး ပိတ်ပေးစေချင်ပါတယ်။ ပိတ်ရက်ကြေညာချက်က အရမ်းကပ်သွားတော့ ခုချိန်မှာ နယ်ပြန်မယ့်သူတွေ တခြား အကြောင်းအမျိုးမျိုးတွေ ရှိနေကြတဲ့အတွက် ခုလိုမေတ္တာရပ်ခံတာပါ” လို့ ပြောပါတယ်။

ဝန်ကြီးဌာနရဲ့ တိုက်တွန်းမှုကို တက်ရောက်လာတဲ့ လုပ်ငန်းအားလုံးက ကန့်ကွက်သူမရှိ လက်ခံခဲ့ကြပြီး ထပ်မံပိတ်ပေးလိုက်တဲ့ ၅ ရက်အပေါ် ကိုယ့်လုပ်ငန်းတွင်းမှာ ပြန်လည်ညှိနှိုင်းကြမယ်လို့ ပြောကြပါတယ်။

လှိုင်သာယာစက်မှုဇုန်ကော်မတီ အတွင်းရေးမှူး ဦးခင်မောင်ဝင်းက “ဒီပိတ်ရက် ၅ ရက်အတွက် တပတ်အလုပ်ချိန်ကို ၄၄ နာရီကနေ ၄၈ တိုးပြီးတော့ဖြစ်စေ တခြားတနည်းနည်းနဲ့ နည်းနည်းချင်းစီ ပြန်ညှိနှိုင်းသွားလို့ ရနိုင်ပါတယ်” လို့ ပြောပါတယ်။

အခုလို အလုပ်ရှင် အလုပ်သမား ညှိနှိုင်းချက်တွေအပေါ် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေနဲ့ သင်္ကြန်မတိုင်မီ အမိန့်/ညွှန်ကြားချက် တခုခုကို ထုတ်ပြန်ပေးသွားမယ်လို့ အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။

ရန်ကုန်၊ မန္တလေးက လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးမှုတွေအရတော့ ၁၀ ရက်ပိတ်ပေးဖို့ကို အလုပ်ရှင်တွေက ကန့်ကွက်သူမရှိ လက်ခံကြတယ်လို့ သိရပါတယ်။

အာကာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013