DVB Logo
Home
Lead Story
တင်းမာနေဆဲ မြောက်ကိုရီးယား မလေးရှားဆက်ဆံရေးနဲ့ မိုးကြီးချုပ်မယ့်ကိစ္စ
DVB
·
March 13, 2017
တင်းမာနေဆဲ မြောက်ကိုရီးယား မလေးရှားဆက်ဆံရေးနဲ့ မိုးကြီးချုပ်မယ့်ကိစ္စ
Donate to DVB

 

အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ဂျီဒီပီအရ တတိယ အချမ်းသာဆုံး နိုင်ငံတခု ဖြစ်တဲ့ မလေးရှားနိုင်ငံနဲ့ ၂၀၁၆ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ထုတ်ပြန်လိုက်တဲ့ အာရှနိုင်ငံတွေရဲ့ စာရင်းမှာ (N/A) လို့ ဖော်ပြထားတဲ့အတွက် အချက်အလက် မရနိုင်လို့ပဲ ယူယူ အချက်အလက်မရှိလို့ပဲ ယူယူ စီးပွားရေးအရ၊ ချမ်းသာ ကြွယ်ဝမှုအရ အဆင့်ဖော်ပြလို့ မရနိုင်တဲ့ မြောက်ကိုရီးယားနိုင်ငံတို့အကြား ဆက်ဆံရေးက အရင်က (မြောက်ကိုရီးယားခေါင်းဆောင်ဟောင်း ကင်ဂျုံအီရဲ့သား၊ လက်ရှိခေါင်းဆောင် ကင်ဂျုံအန်ရဲ့ အဖေတူ အမေကွဲ အစ်ကိုတော်စပ်သူ ကင်ဂျုံနမ် မလေးရှားနိုင်ငံလေဆိပ်မှာ လုပ်ကြံသတ်ဖြတ်မခံရနိုင်ခင်အထိ) အတော်ကြီး အဆင်ပြေ ကောင်းမွန်ခဲ့တယ်လို့ ပြောလို့ ရပါတယ်။

အရင်တုန်းကဆိုရင် မြောက်ကိုရီးယားမြို့တော် ပြုံယမ်းက မွတ်သိပ် ဆာလောင်နေတဲ့ သူတယောက်ဟာ  တက္ကစီတစီးကို တားပြီး စူပါမတ်ကက်ကိုသွား၊ မလေးရှားနိုင်ငံက ထုတ်တဲ့ မက်ဂီခေါက်ဆွဲ၊ မိုင်လိုနဲ့ ဂျူလီ ဘီစကစ်တွေ တနင့်တပိုး ဝယ်ယူစားသောက်တတ်ပါတယ်။ မုန့်တွေနဲ့ အရှေ့တောင်အာရှက ပရိတွန်ကား ထုတ်လုပ်တဲ့ နိုင်ငံက ထုတ်လုပ်တဲ့ မြောက်ကိုရီးယား တက္ကစီကားတွေဟာ နှစ်ပေါင်း အတော်ကြာ တရားဝင်အရရော တရားမဝင်အရပါ နှစ်နိုင်ငံ ရင်းနှီးဆက်ဆံမှုရဲ့ ပြယုဂ် ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါပဲ။

အဲဒီလို နှစ်နိုင်ငံကြား ရင်းနှီးတဲ့ ဆက်ဆံရေးဟာ လက်ရှိ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ရဲ့ အဖေတူ အမေကွဲ အစ်ကို ကင်ဂျုံနမ်ကို ဗီအိပ်ခ်ဆ် အာရုံကြောအဆိပ်နဲ့ လုပ်ကြံသတ်ဖြတ်ခံရအပြီး သုံးပတ်လောက်အတွင်းမှာ အံ့သြစရာ ကောင်းလောက်အောင် လျော့ရဲဆုတ်ယုတ်လာခဲ့တာ တွေ့ရပါတယ်။ မလေးရှားရဲ့ ဒီလုပ်ကြံသတ်ဖြတ်မှုကို မြောက်ကိုရီးယား စပိုင်တွေ ကြိုးကိုင်စီစဉ်ခဲ့တာ ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ်မှာ နှစ်ဖက် ဒေါသတကြီး အပြန်အလှန် ခွန်းတုံ့ပြန်ကြရင်း မြောက်ကိုရီးယားက ထွက်ခွာမယ့် မလေးရှားနိုင်ငံသားတွေကို ယာယီ တားဆီးပိတ်ပင်မိန့် ထုတ်တဲ့အထိ ဖြစ်လာခဲ့ပါတယ်။။ ဒီပိတ်ပင်မှုကြောင့် မြောက်ကိုရီးယားနိုင်ငံထဲမှာ ပိတ်မိနေတဲ့ မလေးရှားနိုင်ငံသား ၁၁ ယောက်ထဲမှာ သံရုံးဝန်ထမ်း ၃ ဦးနဲ့ သူတို့ရဲ့ မိသားစု ၆ ယောက် ပါဝင်နေခဲ့ပါတယ်။ ဒီလို ပိတ်ပင်တားဆီးမှုဟာ သံတမန်ဆိုင်ရာ ဗီယန်နာ သဘောတူညီချက်ကို အတိအလင်း ချိုးဖောက်လိုက်တာဖြစ်တယ်လို့ သြစတြေးလျှ အမျိုးသားတက္ကသိုလ်က နိုင်ငံတကာဥပဒေရေးရာ ပါမောက္ခ ဒွန်ရို့သ်ဝဲလ်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

တကယ်တော့ မလေးရှားနိုင်ငံဟာ အာဏာရှင်မြောက်ကိုရီးယားနိုင်ငံရဲ့ အာဏာရှင် အစိုးရနဲ့ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့တာ ၁၉၇၃ ခုနှစ်ကတည်းကဖြစ်ပြီး အရင် မလေးရှားနိုင်ငံ ခေါင်းဆောင်ဟောင်း မဟာသီယာမိုဟာမက် လက်ထက်မှာတော့ နှစ်နိုင်ငံ ဆက်ဆံရေးကို အကြီးအကျယ် တိုးချဲ့ခဲ့တာ ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံ နန်ယန်း နည်းပညာတက္ကသိုလ်က အကြီးတန်းအဖွဲ့ဝင် အိုအိဆွန်းကတော့ “အဲဒီအချိန်က အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး သူ့ကို အတော်ကြီး ဝေဖန်နေကြတဲ့ အချိန်ပေါ့။ သူက အဲဒါကို လမ်းလွှဲပေးတဲ့ အနေနဲ့ သူ့ကိုယ်သူ တတိယကမ္ဘာကို ပံ့ပိုးကာကွယ်သူတယောက်အဖြစ် ပုံဖမ်းပြီး သူက မြောက်ကိုရီးယား၊ ကျူးဘား၊ လစ်ဗျား စတဲ့ နိုင်ငံတွေက အတွေးအခေါ် အယူအဆတွေနဲ့ ပတ်သက်လို့ ဂရုမစိုက်တဲ့အကြောင်း၊ အဲဒါဟာ ကိစ္စမရှိတဲ့အကြောင်း ပြသနေတဲ့ အချိန်ပါ”လို့ ပြောပြခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီယာလက်နက်တွေနဲ့ တာဝေးပစ် တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ်မှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာက အရေးယူပိတ်ဆို့မှုတွေ တင်းကျပ်လာတဲ့အချိန်မှာတောင် မလေးရှားဟာ သူများတွေနဲ့ယှဉ်ရင် မြောက်ကိုရီးယား အပေါ် မျှော်လင့်ချက်ထားနေခဲ့တယ်လို့ ဆိုပါတယ်။ နောက်ဆုံး ကုလသမဂ္ဂက မြောက်ကိုရီးယားနိုင်ငံအပေါ် အပြင်းထန်ဆုံး အရေးယူမှုတွေ ချမှတ်လို့ စင်ကာပူနိုင်ငံက သူနဲ့ မြောက်ကိုရီးယားနိုင်ငံအကြား ဗီဇာမဲ့ သွားလာရေး အစီအစဉ်ကို နိဂုံးချုပ်ပစ်လိုက်ပေမယ့် မလေးရှားကတော့ ဆက်လက်ထားရှိမြဲ ထားရှိပေးခဲ့ပါတယ်။ ဒါပေမယ့် အခု ကင်ဂျုံနမ် လုပ်ကြံခံရတဲ့ ကိစ္စမှာ မလေးရှားနိုင်ငံထဲမှာ ဖြစ်ခဲ့ပြီး သူ့နိုင်ငံ ပုလိပ်တပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ စုံစမ်းစစ်ဆေးမှုတွေဟာ စိတ်မချရနိုင်ဘူးလို့ ပြောဆိုခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံ အစိုးရရဲ့ အပြောနဲ့ မြောက်ကိုရီးယားမှာ ရှိနေတဲ့ မလေးရှားနိုင်ငံသားတွေကို တိုင်းပြည်က ထွက်ခွာခွင့်ကို ပိတ်ပင်တားဆီးခဲ့တဲ့အတွက် မလေးရှားနိုင်ငံဘက်ကလည်း အလားတူ တုံ့ပြန်ကန့်သတ်ပိတ်ပင်မှုတွေ လုပ်ဆောင်ခဲ့လို့ နှစ်နိုင်ငံကြား သံတမန် ဆက်ဆံရေးဟာ အရင်ကထက် အများကြီး အစည်းပြေ ယုတ်လျော့လာခဲ့တာကို တွေ့မြင်နေရတာကတော့ တကယ့် ပကတိ အခြေအနေပဲ ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ တရားဝင်အစိုးရသတင်းစာ  KCNA ကတော့ ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံထဲမှာ ရှိတဲ့  မလေးရှားနိုင်ငံသားတွေကို မလေးရှားနိုင်ငံထဲမှာ ဖြစ်ခဲ့တဲ့ လူသတ်မှု မှန်မှန်ကန်ကန် ဖြေရှင်းလို့ရတဲ့အထိ နိုင်ငံက ထွက်ခွာခွင့်ကို ယာယီ ပိတ်သိမ်းလိုက်ရတာဖြစ်ကြောင်းကို ကိုရီးယား ဗဟိုသတင်းဌာန တာဝန်ရှိပုဂ္ဂိုလ် တယောက်က နိုင်ငံခြားရေးဌာနရဲ့ ပြောဆိုမှုကို ကိုးကားပြောဆိုခဲ့ပါတယ်။

တကယ်တော့ လက်ရှိ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ အဖေတူ အမေကွဲ အစ်ကိုတော်သူ မစ္စတာကင်ဂျုံနမ် မလေးရှားလေဆိပ်မှာ အမျိုးသမီး နှစ်ယောက်ရဲ့ လုပ်ကြံသတ်ဖြတ်တာခံရပြီးကတည်းက ရှိနှင့်ပြီးသား မလေးရှား၊ မြောက်ကိုရီးယား ဆက်ဆံရေး ပျက်ပြားရတဲ့အထိ နှစ်နိုင်ငံစလုံးက မိုက်မိုက်မဲမဲ တုံ့ပြန် တိုက်ခိုက်ခဲ့ကြရာကနေ ဒီလို အများပြည်သူဆက်ဆံရေးအထိပါ ထိခိုက်လောက်အောင် ဆက်ဆံရေး ဆိုးဝါးလာခဲ့ရတာ ဖြစ်ပါတယ်။

နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်ကောင်းမွန်ဖို့ နိုင်ငံတကာက အလိုရှိနေတာ မှန်ပေမယ့် ဒီကိစ္စမှာ ဘယ်သူမှန်လို့ ဘယ်သူက စမှားခဲ့တာပါလဲ။ ဒါကိုတော့ အသေအချာ လေ့လာသုံးသပ်ဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။ မလေးရှားနိုင်ငံမှာ အဲဒီလို သူ မလိုလားတဲ့ သူ၊ ခေါင်းဆောင်တွေကို နိုင်ငံပြင်ပမှာ လုပ်ကြံလက်စဖျောက်ပစ်တာမျိုး အရင်က ရှိဖူးခဲ့သလား။ မြောက်ကိုရီးယားနိုင်ငံဘက်မှာကရော အဲဒီလို သမိုင်း အထောက်အထားမျိုး ရှိခဲ့ဖူးပါသလား။ ဒါကတော့ မလွဲမသွေ ကြည့်ကို ကြည့်ရမယ့်၊ နားထောင်ရမယ့် ရှာဖွေရမယ့် အချက်အလက်ဖြစ်တယ်လို့ ဆိုရမှာပါပဲ။

တောင်ကိုရီးယားနိုင်ငံကတော့ လုပ်ကြံသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားကို ခပ်ပြတ်ပြတ်ပဲ အပြစ်တင်ခဲ့ပြီး မလေးရှားနိုင်ငံရဲ့ မြောက်ကိုရီးယား အတော်များများကို စုံစမ်းမေးမြန်းခဲ့ပေမယ့် သူတို့ ဖမ်းဆီးခဲ့တဲ့ တဦးတည်းသော မြောက်ကိုရီးယား သံတမန်ကိုတောင် သက်သေမခိုင်လုံလို့ ပြန်လွှတ်ပေးလိုက်ရတဲ့ ကိစ္စ အပေါ်မှာလည်း ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံကတော့ မလေးရှားလေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခံရသူဟာ ဘယ်သူဆိုတာကို အတည်ပြုပေးခဲ့ပေမယ့် မလေးရှားနိုင်ငံရဲ့ ဒီကိစ္စအပေါ် ကိုင်တွယ် စုံစမ်းစစ်ဆေးမှုကိုတော့ ဒီကိစ္စကို မကောင်းသတင်းဖြန့် အပုပ်ချဖို့ အသုံးချခဲ့တယ်လို့ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

ဒီဖြစ်ရပ်က ကျနော်တို့မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဒီပဲရင်းလို၊ ကျောင်းသားသပိတ် ဖြိုခွဲတဲ့ကိစ္စလို၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေးအဖွဲ့ဝင် ဦးကိုနီ လုပ်ကြံသတ်ဖြတ်မှုတွေမှာလို နိုင်ငံတော် ဒါမှမဟုတ် အစိုးရက လုပ်ကြံသတ်ဖြတ်မှုမျိုးများ ဖြစ်နေလေမလား။ ဒါဆို တကယ် လုပ်ကြံသတ်ဖြတ်ဖို့ စေခိုင်းခံရသူတွေကလွဲလို့ အသွားစေခိုင်းသူကိုတော့ ရှာဖွေ ဖော်ထုတ်ဖို့ အလွန့်အလွန် ခက်ခဲ၊ ဒီလိုပုံနဲ့ပဲ မိုးကြီး ချုပ်သွားမှာကိုသာ တွေ့နိုင်မှာဖြစ်တဲ့အကြောင်း။  

စိုးနေလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013