DVB Logo
Home
Lead Story
လျှပ်စစ်နှင့် စွမ်းအင် ဖျက်ဆီးမည်ဟု ထရမ့်ပ်နှင့် အီရန် အပြန်အလှန် ခြိမ်းခြောက်
DVB
·
March 23, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဟောမုဇ်ရေလက်ကြားကို ၄၈ နာရီ အချိန်သတ်မှတ်ပြီး ပြန်ဖွင့်မပေးရင် အီရန် မဟာဓာတ်အားလိုင်းကို တိုက်ခိုက်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ခြိမ်းခြောက်ခဲ့ပါတယ်။

ဒီအပေါ် အီရန်ကလည်း ပင်လယ်ကွေ့နိုင်ငံတွေက စွမ်းအင်နဲ့ ရေပေးဝေရေးစနစ်တွေကို တိုက်ခိုက်မယ်လို့ ပြန်ခြိမ်းခြောက်လိုက်ပါတယ်။

မတ် ၂၁ ရက် ညပိုင်းမှာ ထရမ့်ပ်က “အီရန်အနေနဲ့ ဟောမုဇ်ရေလက်ကြားကို အပြည့်အဝ ပြန်မဖွင့်ရင် သူတို့ရဲ့ အကြီးဆုံး ဓာတ်အားပေးစက်ရုံကစပြီး ဖျက်ဆီးပစ်မယ်” လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

အဲဒီနောက်မှာ အီရန်စစ်ဘက်ပြောခွင့်ရ အီဘရာဟင် ဇိုလ်ဖာကာရီက “အီရန်ရဲ့ စွမ်းအင်အဆောက်အအုံတွေကို ရန်သူက တိုက်ခိုက်လာရင် ဒေသတွင်းက အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ စွမ်းအင်၊ နည်းပညာနဲ့ ရေချိုထုတ်စက်ရုံ အားလုံးကို ပြန်တိုက်ခိုက်မယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။

ဒီလို အပြန်အလှန် ခြိမ်းခြောက်မှုတွေဟာ ရေချိုနဲ့ လျှပ်စစ်အတွက် အဓိကမှီခိုနေရတဲ့ ပင်လယ်ကွေ့နိုင်ငံတွေအတွက် ဆိုးရွားတဲ့ကပ်ဘေး ဖြစ်လာနိုင်ပါတယ်။

ဖျက်ဆီးခံရတဲ့ ဓာတ်အားပေးစက်ရုံတွေ ပြန်မတည်ဆောက်နိုင်မချင်း ဟောမုဇ်ရေလက်ကြားကို လုံးဝပိတ်ထားမယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်က ထုတ်ပြန်ထားပါတယ်။

အမေရိကန်ရဲ့ အလယ်ပိုင်းဒေသ စစ်ရေးကွပ်ကဲရေးက အီရန်နိုင်ငံရှိ ရပ်ထားတဲ့ ကားတွေကို လေကြောင်းကနေ တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ ရုပ်သံမှတ်တမ်းတွေကို မတ် ၂၁ ရက်က CENTCOM ရဲ့ X လူမှုကွန်ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အီရန်နိုင်ငံရဲ့ စွမ်းရည်တွေကို ရပ်တန့်ဖို့ တိုက်ခိုက်ခဲ့ပုံတွေကို အမေရိကန်စစ်တပ် ဗီဒီယိုရုပ်သံ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဘယ်နေရာတွေကို တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အချက်တော့ ထည့်သွင်း ဖော်ပြတာ မရှိပါဘူး။

အမေရိကန်တပ်ဖွဲ့တွေက အီရန်နိုင်ငံက အမေရိကန်နဲ့ မဟာမိတ်တွေကို တိုက်ခိုက်နိုင်တဲ့ စွမ်းအင်တွေကို စစ်ရေးအရ ရှင်းလင်းခဲ့တာဆိုတဲ့ စာနဲ့အတူ ပူးတွဲ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ဟာ ပြည်သူ ၈၀,၀၀၀ ကျော်နေထိုင်တဲ့ နေရာတွေကို တိုက်ခိုက်ခဲ့တယ်လို့ အီရန် ကြက်ခြေနီဥက္ကဋ္ဌက စနေနေ့မှာ ပြောထားပါတယ်။

ဒါဟာ ဖေဖော်ဝါရီ ၂၈ ရက် အီရန်ကို စစ်ပွဲစတင်ချိန်ကတည်းက အခုအချိန်အထိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေသာမက လူနေအိမ်တွေကိုပါ တိုက်ခိုက်ခဲ့တာလို့ ဆိုတာပါ။

တီဟီရန်မြို့ပေါ်မှာ လူပေါင်း ၂၀,၀၀၀ လောက်ရဲ့ အိမ်တွေတိုက်ခိုက်ခံပြီး တခြားမြို့တွေမှာ ဒေသခံ ၆၀,၀၀၀ ကျော်ရဲ့ အိမ်တွေ တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

အဲဒီအထဲမှာ ကျောင်းပေါင်း ၄၉၈ ကျောင်း ပါဝင်သလို ကျန်းမာရေးစင်တာ ၂၆၆ ခုနဲ့ ကုန်သွယ်ရေးပြုလုပ်တဲ့နေရာ ၁၈,၇၉၀ လည်း ပါဝင်တယ်လို့ ပြောထားပါတယ်။

ဆေးဝန်ထမ်း ၁၂ ယောက်သေဆုံးပြီး ၉၀ ကျော် ဒဏ်ရာရခဲ့ကာ ကလေးနဲ့ အမျိုးသမီး ၂၃၁ ယောက် အပါအဝင် လူရာပေါင်းများစွာ သေဆုံးခဲ့တယ်လို့ အီရန်ကြက်ခြေနီအသင်းက ပြောပါတယ်။

အမေရိကန်-အစ္စရေး-အီရန် ပဋိပက္ခ ၂၃ ရက်မြောက်နေ့ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပေါက်ကွဲမှုတွေ ဆက်ဖြစ်နေပြီး တနင်္ဂနွေနေ့ညမှာ တီဟီရန်မြို့တော် အရှေ့ပိုင်းနဲ့ အနောက်ပိုင်းတို့မှာ ပေါက်ကွဲသံတွေ ကြားခဲ့ရတယ်လို့ တရုတ်မီဒီယာက ပြောပါတယ်။

အီရန်သမ္မတ မာဆွတ်ပီဇက်ရှ်ကီယန်ကတော့ ဟော်မုဇ်ရေလက်ကြားဟာ အီရန်ရဲ့နယ်မြေကို ချိုးဖောက်သူတွေကလွဲလို့ အားလုံးအတွက် ဖွင့်ထားတယ်လို့ တနင်္ဂနွေနေ့မှာ ပြောပါတယ်။

နှစ်ဆင့်ကွဲဗုံးသီး ကလပ်စတာထိပ်ဖူးတွေကို တပ်ထားတဲ့ အီရန်ဒုံးကျည်တွေကို သန်းခေါင်ယံကျော် မတ် ၂၃ ရက် မနက်အစောပိုင်းမှာ အစ္စရေး၊ ဂျေရုဆလင်နဲ့ အနောက်ဘက်ကမ်းတို့ရဲ့ အပေါ်က ညကောင်းကင်မှာ မြင်တွေ့ရပါတယ်။

အရပ်ဘက်အခြေခံအဆောက်အအုံတွေအပေါ် အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တာကြောင့်  တနင်္လာနေ့မနက်မှာ ပြန်ဖွင့်မဲ့ ကမ္ဘာ့ဈေးကွက်တွေကို ပိုလှုပ်ခါစေနိုင်သလို ဒေသတွင်းက အရပ်သားသန်းပေါင်းများစွာရဲ့ အသက်မွေးဝမ်းကျောင်းမှုကို ခြိမ်းခြောက်နိုင်ပါတယ်။

မတ် ၂၁ ရက်က တောင်ပိုင်းအစ္စရေးမြို့တွေဖြစ်တဲ့ အာရဒ်နဲ့ ဒီမိုနာတို့မှာ ညလုံးပေါက် တိုက်ခိုက်မှု ၂ ခုအတွင်း လူအများအပြား ဒဏ်ရာရခဲ့ပါတယ်။

တနင်္ဂနွေနေ့အစောပိုင်းကစပြီး အစ္စရေးတဝန်း လေကြောင်းတိုက်ခိုက်မှု ဥဩသံတွေ ထွက်ပေါ်လာခဲ့ပြီး အီရန်ကနေ ဒုံးကျည်တွေ ဝင်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့တဲ့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ဆင်ရေးတွေကြောင့် လူ ၂,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

လက်ရှိမှာလည်း အစ္စရေးစစ်တပ်က အီရန်နဲ့ လက်ဘနွန်နိုင်ငံက ဟစ်ဇ်ဘိုလာအဖွဲ့ကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ကြေညာထားပါတယ်။

ဒီအတောအတွင်း အမေရိကန်ရဲ့ အကြီးဆုံးလေယာဉ်တင်သင်္ဘော USS Gerald R. Ford ဟာ စူးအက်ပင်လယ်ကွေ့ဆီ ချဉ်းကပ်လာနေတာကို မတ် ၂၀ ရက်က ရိုက်ကူးထားတဲ့ ဂြိုဟ်တုပုံရိပ်တွေထဲမှာ မြင်တွေ့ရပါတယ်။

ရေတပ်သား ၅,၀၀၀ ကျော်ပါတဲ့ ဒီသင်္ဘောမှာ F-18 Super Hornets လို တိုက်လေယာဉ်တွေ အပါအဝင် စစ်လေယာဉ် ၇၅ စင်းကျော် ပါရှိပါတယ်။

ဒီလေယာဉ်တင်သင်္ဘောမှာ လေကြောင်းအသွားအလာနဲ့ လမ်းကြောင်းပြစနစ်ကို ထိန်းချုပ်ဖို့ ကူညီပေးနိုင်တဲ့ ခေတ်မီရေဒါ ပါရှိပါတယ်။

ဒီလေယာဉ်တင်သင်္ဘောကြီးဟာ အရှေ့အလယ်ပိုင်းဆီ မရောက်မီ ကာရစ်ဘီယံဒေသက ဗင်နီဇွဲလားကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013