DVB Logo
Home
မြန်မာသတင်း
အောင်ဇံရဲကင်းမှ လုယူခံခဲ့ရသည့် လက်နက်အချို့ပြန်လည်တွေ့ရှိ
DVB
·
March 13, 2017
အောင်ဇံရဲကင်းမှ လုယူခံခဲ့ရသည့် လက်နက်အချို့ပြန်လည်တွေ့ရှိ
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်ဇံကျေးရွာရဲကင်းကနေ လုယူခံခဲ့ရတဲ့ လက်နက်တွေထဲက ဘီအေ ၉၄ အမျိုးအစား သေနတ် ၂လက်ကို ဘင်္ဂလားဒေ့ရှ် နယ်​စပ်အနီး ​ဝေလာ​တောင်​​ချောင်း​ဘေးမှာ ပြန်လည်​​တွေ့ရှိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

မတ်လ ၁၁ ရက်နေ့ ညနေက အောင်ဇံကျေးရွာရဲစခန်းမှာ မသင်္ကာဖွယ်တွေ့တဲ့ လူ ၅ ဦးကို ခေါ်ယူစစ်ဆေးနေတုန်း ရဲတပ်ဖွဲ့ဝင်တွေကို လုံးထွေးသတ်ပုတ်ပြီး သေနတ် ၃ လက် လုယူသွားခဲ့တာ ဖြစ်ပါတယ်။

မတ်​လ ၁၁ ရက်​​နေ့ ည​နေ ၅ နာရီမှာ ​ ​အောင်​ဇူနယ်​​မြေ ​ခေတ္တနယ်​​မြေမှူးနဲ့အဖွဲ့၊ ​အောင်​ဇံ​ကျေးရွာ ပြည်​သူ့စစ်​အဖွဲ့​ခေါင်း​ဆောင်​နဲ့အဖွဲ့တို့က ​သေနတ် ​လုယူထွက်​​ပြေးသွားတဲ့ လမ်း​ကြောင်းအတိုင်း လိုက်​လံရှင်းလင်းခဲ့ရာ နယ်​စပ်မိုင်​တိုင်​ ၄၂ အနီး ​ဝေလာ​တောင်​​ချောင်း ​ဘေးမှာ ဘီ​အေ- ၉၄(ကျည်​အိမ်​မပါ) ၂ လက်​ကို ပြန်​လည်​​တွေ့ရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မသင်္ကာသူ ၅ ဦးကို အောင်​ဇံရဲကင်းကို ​ခေါ်ပြီး ၎င်းတို့နဲ့အတူပါလာတဲ့ ဆာလာအိတ်၊ ကျောပိုးအိတ်​တွေကို စစ်​​ဆေးရာ ABCD ခလုတ်​ပါ Remote ၂၁ ခု ၊ ဆားကစ်​ပြား ၂၁၀ ပြား၊ ဝါယာကြိုး ၂ ပင်​ပါ ခလုတ်အမည်း ၃၂၅ ခု၊ တပ်​မ​တော်​အရာရှိသုံး​ ကော်​လံချပ်​အဝိုင်း ၆ စုံ၊ တပ်​မ​တော်​အခြားအဆင့်သုံး ​ကော်​လံချပ်​ ၁၂၀ စုံ၊ ​ကော်ဖြင့် ပြုလုပ်​ထားတဲ့ တပ်​မ​တော်​သုံး ဦးထုပ်​တံဆိပ်​ ၃၇ ခု၊ ​ဆေးဝါးနဲ့ ဘီယာဘူးတွေအပါအဝင်​ ပစ္စည်း ၂၇ မျိုးကို ရှာ​ဖွေ​တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ဖြစ်​စဉ်​နဲ့ပတ်​သက်​ပြီး ​စုံစမ်း​ဖော်​ထုတ်​ချက်အရ ပြစ်​မှုကျူးလွန်​သူ ၅ ဦးအနက်​ ၂ ဦးမှာ မြန်​မာ-ဘင်္ဂလား​ဒေ့ရှ် နယ်​စပ်​မှတ်​တိုင်​ ၄၃ အနီး တဖက်​​နိုင်​ငံဘက်​ခြမ်းရှိ ​ကျေးရွာမှာ ​​နေထိုင်သူ ဒိုင်းနက်​လူမျိုးတွေဖြစ်ပြီး ကျန်​ ၃ ဦးမှာ​ ​မောင်​​တောမြို့ မြို့မဘုန်းကြီး​ကျောင်းမှာ ​နေထိုင်​တွေဖြစ်တယ်လို့ သိရပါတယ်။

အလားတူ မတ်​ ၁၁ ရက်​ နံနက်​ ၉ နာရီခွဲလောက်ကလည်း ​ ​မောင်​​တောမြို့နယ်​ နယ်​​မြေ ၃ ​တောင်​ပြိုလက်​ဝဲ ၂ ရပ်​ကွက်​မှာ နယ်​​မြေလုံခြုံ​ရေးတပ်​ဖွဲ့ဝင်​တွေ လှည့်ကင်း​ဆောင်​ရွက်​စဉ် ​ဓားကြီးစား​ကျေးရွာ​နေ မသင်္ကာသူ မာမတ်​ဇူဘိုင်​ ၂၀ နှစ်ကို ​တွေ့ရှိ ဖမ်းဆီးထားတယ်လို့ အတိုင်ပင်ခံရုံးက သီးခြားသတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013