
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကျားဖြန့်လုပ်ကိုင်နေတဲ့ တရုတ်လူမျိုးတွေကို ပြင်ဦးလွင်စစ်တက္ကသိုလ်မှ ဗိုလ်မှူးသောင်းထိုက်က ငွေကျပ် သိန်းရာနဲ့ချီယူကာ မန္တလေးကို ပို့ဆောင်ပေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက ကျားဖြန့်ကိစ္စနဲ့ ရောက်လာတဲ့ တရုတ်လူမျိုးတွေအား တဦးလျှင် ကျပ်သိန်း ၁၅၀ ယူကာ မန္တလေးမြို့ကို ပို့ဆောင်ပေးနေတာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“ရှမ်းမြောက်က ပြေးလာတဲ့ ကျားဖြန့်တရုတ်မှန်သမျှ မန္တလေးရောက်နေပြီ။ ဘယ်လိုရောက်လာတာလဲဆိုတော့ ပြင်ဦးလွင်စစ်တက္ကသိုလ်က ဗိုလ်မှူးသောင်းထိုက် အဆက်အသွယ်နဲ့ ရောက်လာတာ။ တရုတ်တယောက်ကို မန္တလေးအရောက် သိန်း ၁၅၀ ပေးရတယ်။”
ဗိုလ်မှူးသောင်းထိုက်ဟာ ပြင်ဦးလွင်စစ်တက္ကသိုလ် သရုပ်ပြဌာနမှ တပ်ခွဲမှူးဖြစ်ပြီး တရုတ်လူမျိုးတွေအား မန္တလေးမြို့ပို့ဆောင်ရာမှာ သူရဲ့လက်အောက်ငယ်သားကို စေခိုင်းတာလို့ ဆိုပါတယ်။
သြဂုတ် ၁၆ ရက် ည ၈ နာရီက မန္တလေး-လားရှိုးလမ်းမပေါ်ရှိ ဝက်ဝံစစ်ဆေးရေးဂိတ်မှာ လိုင်စင်မဲ့ကားတစီးပေါ်က တရုတ်လူမျိုး ၅ ယောက်နဲ့ ပြင်ဦးလွင်စစ်တက္ကသိုလ်မှ တပ်ကြပ် ချစ်ဖြိုးအောင်နဲ့ တပ်သားတယောက်ကို ဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
"ဝက်ဝံစစ်ဆေးရေးဂိတ်မှာ လိုင်စင်မဲ့ဟွန်ဒါဖစ်ကားတစီးမိတယ်။ အဲ့ဒီကားပေါ်မှာ တရုတ်တွေရယ်၊ ပြင်ဦးလွင်စစ်တက္ကသိုလ်က အခြားအဆင့် ၂ ယောက်ပါတယ်။ ရဲတွေတောင် မစစ်ဆေးရသေးဘူး၊ စစ်တပ်က လက်လွှဲယူပြီး လွှတ်ပေးလိုက်တယ်။”
ဖမ်းဆီးထားတဲ့ တရုတ်လူမျိုး ၅ ယောက်ကို သြဂုတ် ၁၇ ရက် မနက်မှာ ဗိုလ်မှူးသောင်းထိုက်က လာရောက်ခေါ်ဆောင်သွားပြီး မန္တလေးကို ပို့ဆောင်ကာ ပြစ်မှုကျူးလွန်သူ တပ်ကြပ်ချစ်ဖြိုးအောင်နဲ့ တပ်သားတယောက်တို့ ခေတ္တချုပ်နှောင်ပြီးနောက် အခုပြန်လည်တာဝန်ထမ်းဆောင်နေတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ ကျောက်မဲ၊ သီပေါနဲ့ နောင်ချိူမြို့က ထွက်ပြေးလာတဲ့ တရုတ်လူမျိုးတွေဟာ ပြင်ဦးလွင်စစ်တက္ကသိုလ်မှ ဗိုလ်မှူးသောင်းထိုက်အပါအဝင် အရာရှိတွေကို ငွေပေးကာ မန္တလေးမြို့ကို ဝင်ရောက်နေတာဖြစ်ပါတယ်။
Photo: MOI











