DVB Logo
Home
မေးမြန်းခန်း
တရား​သူကြီး​တွေကို အ​ရေး​ယူ​ဆောင်ရွက်တယ်ဆိုတာ အင်မတန် ရှား​ရှား​ပါး​ပါး​ပဲ
DVB
·
January 2, 2012
တရား​သူကြီး​တွေကို အ​ရေး​ယူ​ဆောင်ရွက်တယ်ဆိုတာ အင်မတန် ရှား​ရှား​ပါး​ပါး​ပဲ
Donate to DVB

ဥပ​ဒေနဲ့​မညီညွတ်ဘဲ အဂတိလိုက်စား​စီရင်ချက်ချတဲ့​ တရား​သူကြီး​တွေကို အ​ရေး​ယူမယ့်​ ဥပ​ဒေတရပ်ကို ပြည်သူ့​လွှတ်​တော်မှာ ပြဋ္ဌာန်း​နိုင်ဖို့​ ကြိုး​ပမ်း​နေတယ်လို့​ တရား​စီရင်​ရေး​နဲ့​ ဥပ​ဒေ​ရေး​ရာ ​ကော်မတီဥက္ကဋ္ဌ သူရဦး​အောင်ကိုက သတင်း​မီဒီယာ​တွေကို ​ပြောပါတယ်။

အစိုး​ရသစ် လက်ထက်မှာ တရား​ဥပ​ဒေဆိုင်ရာ ကြိုး​ပမ်း​ချက်တရပ်ဖြစ်ပြီး​ လက်ရှိကာလ တည်ဆဲဥပ​ဒေ​တွေမှာ သတ်သတ်မှတ်မှတ် ပြဌာန်း​ထား​တာမရှိ​သေး​လို့​ ဖြစ်တယ်လို့​ မနှစ်ဒီဇင်ဘာ ၂၉ ရက်​နေ့​က ​ကော်မတီဥက္ကဋ္ဌ သူရဦး​အောင်ကိုရဲ့​ ​ပြောစကား​ကို အလဲဗင်း​ဂျာနယ်က ​ရေး​ပါတယ်။

ဒီ​ပြောကြား​ချက်အ​ပေါ် နိုင်ငံ​ရေး​သမား​တွေဘက်က ​ရှေ့​နေလိုက်ရင်း​ ​ရှေ့​နေလိုင်စင် ရုပ်သိမ်း​ခံထား​ရတဲ့​ ရန်ကုန်မြို့​က ဥပ​ဒေအကျိုး​ဆောင် ဦး​အောင်သိန်း​ကို ​မေး​မြန်း​ထား​ပါတယ်။

ဒီမိုက​ရေစီ စနစ်မှာလည်း​ တရား​ဥပ​ဒေ စိုး​မိုး​ရေး​က အခရာကျတယ်ဆို​တော့​ ​ကော်မတီ ဥက္ကဋ္ဌရဲ့​ ​ပြောဆိုချက်နဲ့​ လုပ်​ဆောင်ချက်ကို ဘယ်လိုမြင်ပါသလဲ။

[caption id="attachment_19450" align="alignleft" width="300" caption="ဦးအောင်သိန်း"][/caption]

“အဂတိ လိုက်စား​မှု တား​မြစ်​ရေး​ ဥပ​ဒေပုဒ်မ ၄၊​ ၁၉၄၈ ခုနှစ်က ​ပေါ်​ပေါက်ခဲ့​တဲ့​ ဥပ​ဒေ​တွေ​ပေါ့​။ ဒါ​တွေနဲ့​ တရား​သူကြီး​ပဲဖြစ်ဖြစ် ပြည်သူ့​ဝန်ထမ်း​ပဲ ဖြစ်ဖြစ်၊​ မည်သူမဆို အ​ရေး​ယူတဲ့​ပုဒ်မ​တွေ ရှိဖူး​ပါတယ်။ အဲဒါ​တွေက​တော့​ ၄၁ စီ ၄၂ လို့​ ​ခေါ်တယ်။

“ဒီဘက် ​နောက်ပိုင်း​မှာလည်း​ အဲဒီ ဥပ​ဒေအပြင်ကို အဂတိ လိုက်စား​မှု တား​မြစ်​ရေး​ဥပ​ဒေ ပုဒ်မနဲ့​ပတ်သက်ပြီး​တော့​ ပြည်သူ့​ဝန်ထမ်း​နဲ့​ သက်ဆိုင်​သော ပြစ်မှုများ​ဆိုတာလည်း​ ရာဇသတ်ကြီး​တွေမှာ ပြဋ္ဌာန်း​ထား​တာရှိတယ်။ အဲဒါက ရာဇသတ်ကြီး​ပုဒ်မ ၁၆၁၊​ ၁၆၂၊​ ၁၆၃၊​ ၁၆၅ ​ပေါ့​ဗျာ။ အဲဒီ​တွေမှာလည်း​ သူတို့​က ဥပ​ဒေနဲ့​ မညီတဲ့​ အခ​ကြေး​ငွေယူတဲ့​ ကိစ္စရပ်​တွေ၊​ ​ဖောက်လွဲ ​ဖောက်ပြန်လုပ်တာ​တွေ နည်း​လမ်း​တကျ မ​ဆောင်ရွက်ဘဲနဲ့​ လာဘ်လာဘကို ​မျှော်မှန်း​ပြီး​တော့​ သ​ဘောတူညီချက်လုပ်ပြီး​ ယူတဲ့​ကိစ္စရပ်​တွေ၊​ ရာဇသတ်ကြီး​လို စာအုပ်​တွေမှာလည်း​ ဒီရာဇသတ်ကြီး​ ပြစ်မှုအရ စွဲမယ်ဆိုရင်လည်း​ ၃ နှစ်​လောက်ထိ ပြစ်ဒဏ် တမျိုး​မျိုး​ ​ပေး​လို့​ရတဲ့​အပြင် အထူး​ဥပ​ဒေအရ ပြဋ္ဌာန်း​ထား​တဲ့​ ဥပ​ဒေများ​အရဆိုရင် ၇ နှစ်​လောက်ထိ ပြစ်ဒဏ်​တွေ​ပေး​နိုင်တယ်ဆိုတာ ​တွေ့​ရတယ်။

“ဒါ​ပေမယ့်​ ကျ​နော်တို့​ လွန်ခဲ့​တဲ့​ အနှစ် ၂၀ ​လောက်က ဒီဘက်​ခေတ်မှာ ဒီလို ပြည်သူ့​ဝန်ထမ်း​တွေကို အထူး​ ဥပ​ဒေအရဖြစ်​စေ၊​ ရာဇသတ်ကြီး​ ဥပ​ဒေအရဖြစ်​စေ အ​ရေး​ယူ​ဆောင်ရွက်တာ အင်မတန်မှရှား​ပါး​တယ်။ ရှင်း​ရှင်း​ပြောရရင် မရှိသ​လောက်ပဲလို့​ ​ပြောလို့​ရနိုင်တဲ့​ အ​နေအထား​တွေ ရှိပါတယ်။ အခုလို အချိန်အခါမျိုး​မှာ တရား​သူကြီး​တွေကို သီး​သန့်​အ​ရေး​ယူနိုင်​လောက်တဲ့​ အ​ထောက်အထား​၊​ အကျင့်​ ​ဖောက်လွဲ​ဖောက်ပြန်မှုနဲ့​ လုပ်နိုင်​လောက်တဲ့​ အ​ထောက်အထား​ ကိစ္စ​တွေကို ဥပ​ဒေတခု ပြဋ္ဌာန်း​ပြီး​တော့​ ပြည်သူ့​လွှတ်​တော်မှာ ဥပ​ဒေကြမ်း​အဖြစ် တင်သွင်း​ပြီး​တော့​ ​ဆောင်ရွက်မယ်ဆိုတဲ့​ကိစ္စက အင်မတန်သင့်​လျော်ပြီး​ အချိန်အခါနဲ့​ ကိုက်ညီပါတယ်လို့​ ကျ​နော်​ပြောချင်ပါတယ်။”`

တရား​စီရင်​ရေး​မဏ္ဍိုင်ကို တည့်​မတ်​အောင်ထိန်း​ကျောင်း​ဖို့​ တာဝန်ကြီး​တဲ့​ တရား​သူကြီး​ ကိုယ်တိုင်က​နေ အဂတိလိုက်စား​ပြီး​တော့​ စီရင်ချက်ချတဲ့​ ပြစ်မှုမျိုး​တွေက မြန်မာနိုင်ငံ လွတ်လပ်​ရေး​ရပြီး​ခေတ်နဲ့​ မြန်မာ့​ဆိုရှယ်လစ် လမ်း​စဉ်ပါတီ​ခေတ်၊​ စစ်​ကောင်စီ အုပ်ချုပ်တဲ့​ စစ်အစိုး​ရ​ခေတ်၊​ အဲဒီ​ခေတ်​တွေထဲမှာ အဘအ​နေနဲ့​ လက်လှမ်း​မီသ​လောက် ကြုံသ​လောက်ကို အကြမ်း​ဖျဉ်း​လေး​ ရှင်း​ပြ​ပေး​ပါလား​။ ဘယ်လိုမျိုး​ရှိခဲ့​လဲ။

“၁၉၄၈ ခုနှစ် အဂတိလိုက်စား​ရေး​ တား​မြစ်​ရေး​ဥပ​ဒေ ပုဒ်မ ၄ အရဆိုရင် သက်ဆိုင်ရာက​နေ ခန့်​အပ်နိုင်တဲ့​ ပြည်သူ့​ဝန်ထမ်း​ပေါ့​။ ထုတ်ပစ်နိုင်တဲ့​ ခန့်​အပ်နိုင်တဲ့​ အဆင့်​ရှိတဲ့​သူရဲ့​ ကြိုတင်ခွင့်​ပြုမိန့်​တွေ ယူပြီး​မှသာလျှင် သူ့​ကို တရား​စွဲဆို အ​ရေး​ယူနိုင်တယ်လို့​ ပြဋ္ဌာန်း​ထား​တယ်။ ဆိုကြပါစို့​၊​ အမှုတခုကို အ​ရေး​ယူ ​ဆောင်ရွက်​တော့​မယ်ဆိုရင် ကျ​နော်တို့​ တရား​ခံ တဦး​မှာ ထင်ရှား​သိရှိရတဲ့​ ဝင်​ငွေရလမ်း​တွေ၊​ အဆမတန် ​ငွေ​ကြေး​အင်အား​တွေ ဒါမှမဟုတ် ပစ္စည်း​ပိုင်ဆိုင်​ကြောင်း​ အ​ခြေအ​နေ​တွေ၊​ ပိုင်ဆိုင်ခဲ့​ဖူး​ကြောင်း​ဆိုတဲ့​ ကိစ္စရပ်​တွေ၊​ ​ငွေ​ကြေး​အင်အား​တွေ၊​ ပစ္စည်း​အင်အား​တွေ ​ဖောက်လွဲ​ဖောက်ပြန် လုပ်လို့​ရရှိထား​တဲ့​ ​ငွေ​ကြေး​တွေဖြစ်နိုင်တယ်။ အဲဒါကို တရား​သဖြင့်​ ရရှိထား​တဲ့​ ​ငွေ​ကြေး​လို့​ မ​ဖော်ပြနိုင်ဘူး​ဆိုရင် ရာဇသတ်ကြီး​ပုဒ်မ ပြည်သူ့​ဝန်ထမ်း​ရဲ့​ ​ဖောက်လွဲ​ဖောက်ပြန်မှု ဥပ​ဒေပုဒ်မအရ ၁၆၁၊​ ၁၆၂၊​ ၁၆၃၊​ ၁၆၅ တို့​အရ။ အ​ရေး​ယူ ​ဆောင်ရွက်နိုင်တာ​ပေါ့​။ အဲဒီလို အမှုအခင်း​တွေက တရား​သူကြီး​တွေကို အ​ရေး​ယူ​ဆောင်ရွက်တယ်ဆိုတာ အင်မတန် ရှား​ရှား​ပါး​ပါး​ပဲ မရှိသ​လောက်။ ​စော​စောက ကျ​နော်​ပြောသလို​ပေါ့​။”

လွန်ခဲ့​တဲ့​ နှစ်​ပေါင်း​ ၂၀ စစ်အစိုး​ရအုပ်ချုပ်တဲ့​ကာလ အတွင်း​မှာ နိုင်ငံ​ရေး​ အရတက်ကြွလှုပ်ရှား​သူ​တွေကို ​ထောင်ဒဏ် ၆၅ နှစ်၊​ ၁၀၃ နှစ်တို့​ ချထား​တာ​တွေက တရား​သူကြီး​တွေကိုယ်တိုင် ဥပ​ဒေ​ကြောင်း​အရ ချမှတ်တယ်လို့​မြင်လား​၊​ ဒါမှမဟုတ် ​နောက်ကွယ်က​နေ မမှန်မကန် အဂတိလိုက်စား​ပြီး​တော့​ ဖိအား​တခုခု​ကြောင့်​ ချတယ်လို့​ မြင်လား​။

“အဲဒါက​တော့​ ရှင်း​ပါတယ်။ ဒီလိုနိုင်ငံ​ရေး​နဲ့​ ပတ်သက်တဲ့​ အမှုအခင်း​ အား​လုံး​က​တော့​ တရား​သူကြီး​တွေကို ညွှန်ကြား​ချက်တမျိုး​နဲ့​ အဲဒီညွှန်ကြား​ချက်အတိုင်း​ပဲ သူတို့​က အမိန့်​ချတာပါပဲ။ အဲဒီမှာက တရား​သူကြီး​တ​ယောက်က သူက လွတ်လပ်တဲ့​ တရား​စီရင်​ရေး​ ဖြစ်တယ်၊​ မဖြစ်ဘူး​ဆိုတာကို သူချတဲ့​စီရင်ချက်ကို ကြည့်​ခြင်း​အား​ဖြင့်​ သိနိုင်တယ်။ ဘာလို့​လဲဆို​တော့​ သူတို့​ပေး​ထား​တဲ့​ အပြစ်ဒဏ်​တွေက သတ်မှတ်ထား​တဲ့​ အပြစ်ဒဏ်​တွေရဲ့​ အမြင့်​ဆုံး​ အပြစ်ဒဏ်​တွေကိုပဲ သူတို့​ပေး​လေ့​ပေး​ထ ရှိတယ်ဆိုတာ ဒါက ​ခေါက်ရိုး​ကျိုး​နေတဲ့​ အယူအဆတခုလို ပုံစံမျိုး​နဲ့​ လုပ်​နေကြတာပါ။ အုပ်စုလိုက်ဖြစ်​ပေမယ့်​ ဘယ်သူက အဓိကကျတယ်။ ဘယ်သူက သာမန်ဖြစ်တယ်ဆိုတဲ့​ အ​နေအထား​မဟုတ်ဘဲနဲ့​ အုပ်စုလိုက်ဆို အုပ်စုလိုက်ပဲ ဒီပုဒ်မနဲ့​ ​ထောင်ဒဏ် ၁၅ နှစ်ဆို ၁၅ နှစ်။ ၇ နှစ်ဆို ရနှစ်။ ​ထောင်ဒဏ် ၆၅ နှစ်ဆို ၆၅ နှစ်။ ဒါ​တွေကို ကြည့်​ခြင်း​အား​ဖြင့်​ တရား​စီရင်​ရေး​ ကိုယ်တိုင်က တရား​မျှတမှု မရှိဘူး​။ အဲဒါ တရား​သူကြီး​ကလုပ်နိုင်တာလား​ဆို​တော့​ သူက လိုလိုလား​လား​ လုပ်​ပေး​ချင်လည်း​ လုပ်​ပေး​မယ်။ သူ့​ရဲ့​ လုပ်ပိုင်ခွင့်​မရှိဘဲနဲ့​ အထက်က ညွှန်ကြား​ချက်အရ သူလုပ်ရတာ​တွေလည်း​ ရှိမယ်။ အဲဒီသ​ဘောက တရား​သူကြီး​တ​ယောက်မှာက ပြစ်ဒဏ်က လွှတ်လိုက်တယ်ဆိုရင် သူက အစီရင်ခံစာ​ရေး​ရတယ်။ ပြစ်ဒဏ်ချလိုက်ရင် အစီရင်ခံစာ ​ရေး​တင်စရာ မလိုဘူး​လို့​ သတ်မှတ်ချက်​တွေ ရှိ​နေတယ်။ ကျ​နော်တို့​နိုင်ငံရဲ့​ တရား​စီရင်​ရေး​က ဥပ​ဒေအရ တရား​စီရင်တာနဲ့​ ညွှန်ကြား​ချက်​တွေနဲ့​ အထက်အမိန့်​နဲ့​ အုပ်ချုပ်​ရေး​အာဏာပိုင်​တွေရဲ့​ လှည့်​ပတ်တဲ့​ ညွှန်ကြား​မှု​ပေါ်မှာ အ​ခြေပြုပြီး​တော့​ နိုင်ငံ​ရေး​မှု​တွေမှာ များ​သောအား​ဖြင့်​ အဆုံး​အဖြတ်ပြုတယ်ဆိုတာ ဘယ်သူမှမငြင်း​နိုင်ဘူး​။”

တရား​ဥပ​ဒေ မဏ္ဍိုင်တခုလုံး​ လူထုက​နေပြီး​တော့​ ယုံကြည်စိတ်ချရတဲ့​ မဏ္ဍိုင်တခုအဖြစ် ​ရောက်ဖို့​၊ ရပ်တည်နိုင်ဖို့​အတွက်ဆိုရင် ဘာ​တွေထပ်ပြင်ဖို့​ လိုပါ​သေး​လဲ။

“အဓိက​တော့​ ပြည်သူ့​ဝန်ထမ်း​တွေက ပြည်သူ့​အကျိုး​စီး​ပွား​တခုအတွက် ​ဆောင်ရွက်ရတယ်ဆိုတဲ့​ အသိရှိဖို့​လိုတယ်။ သို့​သော်လည်း​ အဲဒီလို ပြည်သူ့​အကျိုး​အတွက်လို့​ ဆိုတာထက် အဂတိ မကင်း​တဲ့​ လုပ်​ဆောင်ချက်​တွေဟာ နှစ်​ပေါင်း​များ​စွာ အရိုး​စွဲလာတဲ့​ အ​လေ့​အကျင့်​တွေ ဖြစ်​နေတယ်။ ဒါက တရား​စီရင်​ရေး​ စနစ် တခုတည်း​တင် မဟုတ်ပါဘူး​။ ဘယ်ဝန်ကြီး​ဌာန ဘယ်အုပ်ချုပ်​ရေး​ စနစ်တခုမှမလွဲ ဒါ​တွေက ရှိ​နေဆဲပါ။ လူထုအင်အား​နဲ့​ ​ဆောင်ရွက်ရမယ်။ မရနိုင်ဘူး​ဆိုရင် ကျ​နော်တို့​ စတုထ္တမဏ္ဍိုင်ဖြစ်တဲ့​ မီဒီယာ လွတ်လပ်ခွင့်​ပေါ် အ​ခြေပြုပြီး​တော့​ ဒါ​တွေကို ​ဖော်ထုတ်လာမယ်ဆိုရင် တဖြည်း​ဖြည်း​နဲ့​တော့​ ​လျော့​နည်း​သွား​နိုင်မယ်လို့​ ကျ​နော်ယုံကြည်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013