DVB Logo
Home
မြန်မာသတင်း
မိခင်ပါတီမှ နုတ်ထွက်မည်ဟု မွန်လွှတ်တော် ဒုဥက္ကဋ္ဌပြော
DVB
·
March 12, 2017
မိခင်ပါတီမှ နုတ်ထွက်မည်ဟု မွန်လွှတ်တော် ဒုဥက္ကဋ္ဌပြော
Donate to DVB

မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌဖြစ်သူ ဒေါက်တာအောင်နိုင်ဦးဟာ မိခင်ပါတီဖြစ်တဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကနေ နုတ်ထွက်ဖို့ စီစဉ်နေပါတယ်။

မွန်တိုင်းရင်းသားနှစ်ပါတီပေါင်းစည်းရေးအတွက် ပေါင်းစည်းညှိနှိုင်းရေးကော်မတီကို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ အသိမှတ်မပြုကြောင်း ကြေညာချက်ထုတ်ပြန်ပြီးနောက်ပိုင်း ပေါင်းစည်းရေးကို ဆက်လက်လုပ်ဆောင်နိုင်ဖို့အတွက် မိခင်ပါတီကနေ အခုလို နုတ်ထွက်ဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။

“မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက နှစ်ခုလုံးပေါင်းပြီး ပါတီတခုဖြစ်ရေးက မလွယ်တော့ဘူးလေ။ ပူးပေါင်းချင်တဲ့လူတွေကတော့ နှစ်ပါတီလုံးမှာ ရှိနေတယ်။ နှစ်ပါတီရဲ့ အကြီးအကဲတွေရဲ့ သူတို့လက်ကိုင်ထားတဲ့ ခံယူချက်အရ မပေါင်းကြတာ။ အဲဒီတော့ ပြုလွယ်ပြောင်းလွယ်တဲ့ လူတွေစုစည်းပြီးတော့ ပေါင်းစည်းမယ်” လို့ ဒေါက်တာအောင်နိုင်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။

၂၀၁၀ ခုနှစ် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ စတင်တည်ထောင်ကတည်းက ပါဝင်လာခဲ့ပြီး ၇ နှစ်အကြာမှတော့ အခုလို မိခင်ပါတီကနေ နုတ်ထွက်တော့မှာပါ။ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင် နေဆဲဖြစ်တဲ့အတွက် ဘယ်နေ့၊ ဘယ်ရက်နုတ်ထွက်မှာကိုတော့ သူ့အနေနဲ့ အတည်ပြုပေးခြင်း မရှိသေးပါဘူး။

မွန်တိုင်းရင်းသား လူမျိုးစုကို အခြေခံပြီး ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီအနေနဲ့ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသမီးပါတီတို့ ရှိကြပေမယ့် ပါတီအချင်းချင်းတော့ ပူးပေါင်းမှုမရှိကြပါဘူး။

မွန်နိုင်ငံရေးပါတီတွေ အချင်းချင်းပူးပေါင်းနိုင်ဖို့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းကာလမှာ ကျင်းပခဲ့တဲ့ မွန်အမျိုးသားကွန်ဖရင့်က မွန်နိုင်ငံရေးပါတီတွေ ညီညွတ်မှုတည်ဆောက်ရေးညှိနှိုင်းရေး အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။

မွန်သံဃာတော်တွေ၊ မွန်တိုင်းရင်းသား တတ်သိပညာရှင်တွေ၊ မွန်တိုင်းရင်းသား နိုင်ငံရေးလှုပ်ရှားသူတွေအပါဝင် အဖွဲ့ဝင် ၁၈ ယောက်ပါတဲ့ ညှိနှိုင်းရေးကော်မတီက မွန်နိုင်ငံရေးပါတီ ပူးပေါင်းရေးအတွက် အကောင်ထည်ဖော်ရမှာပါ။

ဒါပေမယ့်လည်း အဆိုပါ ကော်မတီကို မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP က အသိမှတ်မပြုကြောင် ကြေညာချက် ထုတ်ပြီးနောက် နှစ်ပါတီ ပေါင်းစည်းရေးအတွက် အကောင်ထည်ဖော်ဖို့ လမ်းဆုံးသွားခဲ့ပါပြီ။

“မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ကျနော်တို့ ညှိနှိုင်းပေါင်းစည်းရေးအဖွဲ့ကို အသိမှတ် မပြုတဲ့အပေါ်မှာတော့ ညှိနှိုင်းပေါင်းစည်းရေး လုပ်ငန်းစဉ်ထဲမှာပါဖို့ ဖိတ်ခေါ်သွားဖို့က မဖြစ်နိုင်တော့ဘူးလေ။ နောင်တချိန် ကျနော်တို့ ပေါင်းစည်းညှိနှိုင်းရေးအဖွဲ့ကို အသိမှတ်ပြုလာတဲ့ တနေ့ကျမှပဲ ဆက်ပြီးတော့ ဖိတ်ခေါ်သွားမှာပေါ့။ သူတို့အတွက် အမြဲတမ်း တံခါးဖွင့်ထားတဲ့ သဘောပေါ့” လို့ မွန်နိုင်ငံရေးပါတီတွေ ညီညွတ်မှုတည်ဆောက်ရေး ညှိနှိုင်းရေးအဖွဲ့ အတွင်းရေးမှူးဖြစ်တဲ့ နိုင်ဝင်းလှ ကပြောပါတယ်။

လက်ရှိမှာတော့ မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီတို့ ပူးပေါင်းရေးအတွက် မိခင်ပါတီက အသီးသီးနုတ်ထွက်ပြီး ဘုံပါတီသစ်တခုအနေနဲ့ တည်ထောင်ဖို့ နှစ်ဘက်ပါတီဝင်တချို့က ဆက်လက်ကြိုးပမ်းမှုတွေရှိနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013