
ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ နီးစပ်တဲ့ သူဌေးကြီးတယောက်က မင်္ဂလာပွဲစရိတ်တချို့ကို ကျခံ ပေးခဲ့ကြောင်း ဒေါ်နယ်ထရမ့်ပ်ဂျူနီယာတို့ ဇနီးမောင်နှံက စက်တင်ဘာ ၁၄ ရက်မှာ အတည်ပြု ပါတယ်။
အမေရိကန်သမ္မတရဲ့ သားကြီး ထရမ့်ပ်ဂျူနီယာနဲ့ ဘက်တီနာထရမ့်ပ်တို့ဟာ မေ ၂၂ ရက်က ဘဟားမားကျွန်းစုမှာ လက်ထပ်ခဲ့ကြပါတယ်။
ရုရှားသူဌေးကြီး အူမာ ကရမ်လက်ဗ်က မင်္ဂလာပွဲအပြီး နှစ်ညကြာ အထိမ်းအမှတ်ပွဲတွေအတွက် အမေရိကန်ဒေါ်လာ သိန်းနဲ့ချီ ကျခံခဲ့တယ်လို့ ProPublica သတင်းဌာနက ဖော်ထုတ်ထားပါတယ်။
အဲဒီထဲမှာ ကျွန်းငှားရမ်းခနဲ့ အမေရိကန်ဒေါ်လာ ၇ သောင်းခန့်ရှိတဲ့ မီးရှူးမီးပန်းစရိတ်လည်း ပါဝင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ကရမ်လက်ဗ်ဟာ ပူတင်နဲ့ ကာလကြာရှည် ဆက်ဆံရေးရှိတဲ့ နိုင်ငံတကာလက်ဝှေ့အဖွဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။
ဇနီးမောင်နှံကတော့ ဒါဟာ “မိတ်ဆွေတဦးဆီက အင်မတန်ရက်ရောတဲ့ မင်္ဂလာလက်ဖွဲ့” လို့ ရှင်းပြထားပါတယ်။
ကရမ်လက်ဗ်နဲ့ စီးပွားရေးဆက်ဆံမှု မရှိဘူးလို့လည်း ထရမ့်ပ်ဂျူနီယာဘက်က ဆိုပါတယ်။
ထရမ့်ပ်ဂျူနီယာဟာ အမေရိကန်အစိုးရမှာ တာဝန်ထမ်းဆောင်နေသူတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျင့်ဝတ်စောင့်ကြည့်ရေးအဖွဲ့တွေကတော့ ဒီလက်ဆောင်လက်ခံမှုမှာ အကျိုးစီးပွားပဋိပက္ခ ရှိ၊ မရှိ မေးခွန်းထုတ်ထားကြပါတယ်။
ဒီမိုကရက်တစ်အမတ် ရောဘတ် ဂါစီယာကလည်း ကရမ်လက်ဗ်နဲ့ ပတ်သက်ပြီး “သူက ဘာပြန်ရခဲ့သလဲ” လို့ မေးခွန်းထုတ်ထားပါတယ်။
Source:Reuters










