DVB Logo
Home
မြန်မာသတင်း
ဆန့်ကျင်မှုများ ဆက်လုပ်နေရင် အရေးယူမည်ဟု ဦးဝီရသူအား သာသနာရေး သတိပေး
DVB
·
March 11, 2017
ဆန့်ကျင်မှုများ ဆက်လုပ်နေရင် အရေးယူမည်ဟု ဦးဝီရသူအား သာသနာရေး သတိပေး
Donate to DVB

နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ရဲ့ ၁ နှစ် တရားဟောခွင့်ပိတ်တဲ့ ဆုံးဖြတ်ချက်အပေါ် ဦးဝီရသူ အနေနဲ့ ဖေ့စ်ဘွတ်ခ်ပေါ်ကပဲဖြစ်ဖြစ်၊ သတင်းမီဒီယာတွေက ဖြစ်ဖြစ် ဆန့်ကျင်ဝေဖန်ပြောဆိုလာရင် ဥပဒေနဲ့အညီ အရေးယူမယ်လို့ သာသနာရေးဝန်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဘာသာတခုနဲ့တခုအကြား အမုန်းတရားပွားများစေပြီး ဘာသာရေးအဓိကရုဏ်းဖြစ်အောင် ဟောပြောနေလို့ဆိုပြီး မန္တလေး၊ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က တရားဟောခွင့် ၁ နှစ် ပိတ်ပင်လိုက်ပါတယ်။

မတ်လ ၉ ရက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ စတုတ္ထစည်းဝေးပွဲက ဆုံးဖြတ်ခဲ့တာဖြစ်ပြီး လိုက်နာခြင်းမရှိရင် တည်ဆဲဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ သံဃာ့နာယကအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သာသနာရေးဝန်ကြီးဌာနရဲ့ မတ်လ ၁၁ရက် သတင်းထုတ်ပြန်ချက်ထဲမှာတော့ ဦးဝီရသူ ခေါ် ဦးဝိစိတ္တာဘိဝံသဟာ ဖေဖော်ဝါရီ ၂၆ ရက်က သူ့ ဖေ့စ်ဘွတ်မှာ ချောင်ကြိုချောင်ကြားက ကြည်လင်း များ ခေါင်းစဉ်နဲ့ “ဒါပေမယ့် ဒီပွဲမှာတော့ အနာဂတ်မြန်မာ့သာသနာအတွက် စိုးရိမ်မှုတွေ ကင်းပျောက် သွားလို့ စိတ်သက်သာရာတော့ ရလိုက်တယ်။ ကြည်လင်းကို ကျေးဇူးတင်တယ်။ အောင်ဝင်းဇော်ကို ကျေးဇူးတင်တယ်။ ဇေယျာဖြိုးကို ကျေးဇူးတင်တယ်။ သူတို့မိသားစုတွေကို စာနာမိတယ်။ သို့မဟုတ်ရင် ငါးနှစ်အတွင်းမှာ ထိုင်းလို အဖျက်အုတ်မြစ် ခိုင်သွားနိုင်တယ်။ တပ်ကိုယ်စားလှယ်တွေကို မောင်းထုတ် ချင်သူတွေ သတိထားကြ။ ခြေဥ ဖျက်ချင်သူတွေ သတိထားကြ။ ကြည်လင်းတွေ ချောင်ကြိုချောင်ကြားက ထွက်လာမှ မဘသကို လွှဲမချနဲ့။ တပ်ကိုယ်စားလှယ်တွေဟာ အခြားနိုင်ငံမှာ မလိုအပ်ပေမယ့် ငါတို့နိုင်ငံမှာတော့ လိုအပ်နေသေးတယ်” လို့ ရေးသားခဲ့တယ်။

ဒါ့အပြင် မတ်လ ၁ ရက်မှာလည်း သူ့ဖေ့စ်ဘွတ်ခ်ကနေ  “အခြေခံဥပဒေကို ပြင်ဆင်ချင်သူတွေအတွက် သတင်းစကား” ခေါင်းစဉ်နဲ့လည်းကောင်း၊မတ်လ၂ရက်မှာ “ဒကာတော် ဦးကြည်လင်း ဘေးရန်ကင်းပါစေ၊ ကိုယ်ဆင်းရဲကင်းပါစေ၊ စိတ်ဆင်းရဲကင်းပါစေ”စတဲ့  ရေးသား မှုများကိုလည်းကောင်း၊ မတ်လ ၅ ရက်မှာ  “ပျော်စရာကောင်းတဲ့ မသာအလောင်း” ခေါင်းစဉ်နဲ့လည်းကောင်း၊ ရဟန်းတပါးရဲ့ ဝိနည်းသိက္ခာနဲ့ မညီတာတွေ ရေးတင်ခဲ့တယ်။

တခါ ဦးဝီရသူဟာ ဖေဖော်ဝါရီ ၉ ရက်ညက ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်း၊ ကျုံကူကျေးရွာမှာ  “ဒို့တာဝန်အရေး (၃) ပါးနှင့် ၉၆၉”   ခေါင်းစဉ်နဲ့ ခွင့်ပြုချက်မယူဘဲ တရားဟောခဲ့တယ်။

ဟောပြောရာမှာလည်း သမ္မတကြီးဦးသိန်းစိန် အစိုးရနဲ့ သမ္မတကြီး ဦးထင်ကျော် အစိုးရ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား နှိုင်းယှဉ်ဝေဖန်ပြီး နိုင်ငံရေးပါတီများအကြား ဘက်လိုက်ဟောပြောခဲ့တယ်။

မတူညီသော ဘာသာဝင်များအကြား အမုန်းတရားများ ကြီးထွားစေရန် လှုံ့ဆော်ဟောပြောခြင်းများ ပြုလုပ်ခဲ့တယ်။

ဒါ့ကြောင့် ဧရာဝတီတိုင်းအစိုးရက ဖေဖော်ဝါရီ ၂၈ ရက်မှာ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ထံ ဦးဝီရသူကို လိုအပ်သလို အရေးယူပေးဖို့ လျှောက်ထားခဲ့ပါတယ်။

အလားတူ သာသနာရေးဦးစီးဌာနကလည်း ဦးဝီရသူရဲ့ ဖေ့စ်ဘွတ်ခ်မှာရေးခဲ့တဲ့ ရဟန်းတပါးရဲ့ ၀ိနည်းနဲ့နဲ့မညီတဲ့ အမုန်းစကား ရေးသားမှုများ၊ ဝိနည်းသိက္ခာနှင့်မညီတဲ့  ရေးသားလှုံ့ဆော်မှုများကို ပြုမူဆောင်ရွက်ခဲ့တဲ့  ဦးဝီရသူ ခေါ် ဦးဝိစိတ္တာဘိဝံသအား ဝိနည်းတရားတော်နှင့်အညီ အရေးယူဆောင်ရွက်ပေးနိုင်ရေး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ လျှောက်ထားခဲ့ပါတယ်။

အဲဒီလို လျှောက်ထားချက်တွေအရ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က ဦးဝီရသူကို တရားဟောခွင့် ၁ နှစ် ပိတ်ပင်ခဲ့တာဖြစ်ပြီး ဆက်ပြီး ပြောဆိုဝေဖန် ဆန့်ကျင်နေဦးမယ်ဆိုရင် အရေးယူတော့မှာ ဖြစ်ပါတယ်။

ဒီသတင်းတွေနဲ့ပတ်သက်ပြီး ကာယကံရှင်ဖြစ်တဲ့ ဦးဝီရသူကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်း ပိတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013