
အခုနှစ် တက္ကသိုလ် ၀င်တန်းကို ဖြေဆိုနေတဲ့ ကလေးမြို့ မသန်စွမ်းကျောင်းသားအချို့ ဖြေဆိုရာမှာ အခက်အခဲတွေ ရှိနေပါတယ်။
အဲ့ဒီအခက်အခဲတွေနဲ့ ပတ်သက်ပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုနေတဲ့ မသန်းစွမ်းကျောင်းသူ မထူးထူးမွန်က “ဒီနှစ် ဖြေဆိုရတာ ကျမအတွက် အစားထိုး ရေးပေးမယ့်သူ စီစဉ်ပေးတယ်။ ဒါပေမယ့် အဲ့ဒီစီစဉ်ပေးတဲ့သူနဲ့က တခါမှ မတွေ့ စကားမပြောဖူးဘူး။ ပြီးတော့ ယောကျာ်လေး ဖြစ်နေတယ်။ ဘာခက်ခဲတာလဲဆိုတော့ ပထမ ကျမစကား လေသံကို သူက နားမလည်တော့ ပြန်ပြန်ပြောရတယ်။ အင်္ဂလိပ်မှာ အသံထွက် မမှန်တော့ ပိုခက်တယ်။ ကျမပြောတာက တမျိုး သူရေးတာကတမျိုး၊ ဖြစ်နေတော့ မကြာသင့်ပဲ ကြာတယ်” လို့ ပြောပါတယ်။
မသန်စွမ်းသူလေး တက္ကသိုလ်ဝင်တန်းကျောင်းသူ မထူးထူးမွန်ဟာ အခုနှစ်ဆိုလျှင် တက္ကသိုလ်ဝင်တန်းကို ဒုတိယအကြိမ်ဖြေဆိုတာဖြစ်ပြီး စကားပြောရာမှာလည်း စကားပီသကြည်လင်မှု အားနည်းနေပါတယ်။
မထူးထူးမွန်မှာ ခြေလက်အင်္ဂါမပြည့်စုံသူဖြစ်ပြီး စာကို ကိုယ်တိုင်ရေးသားနိုင်ပေမယ့် အချိန်ကြာကြာရေးသားနိုင်ခြင်း မရှိဘဲ နာရီဝက်လောက်သာရေးသားနိုင်ပြီး နာရီဝက်ကျော်လာလျှင် လက်တွေ နာလာတဲ့ အခက်အခဲရှိနေပါတယ်။
မသန်စွမ်းကျောင်းသားကျောင်းသူတွေ စာမေးပွဲနဲ့ ပတ်သက်ပြီး ဘောဒါကျောင်းဆရာတဦးက “ဇာတ်ပွဲတွေ ပြဇာတ်တွေမှာတောင် ပညာရှင်တွေဖြစ်ပြီး တန်းကလို့မရဘူး။ ဇာတ်တိုက်လေ့ကျင့်ရသေးတယ်။ ခုဟာက တခါမှ မတွေ့ မရင်းနှီးသူကို စာရေးအကူလုပ်ခိုင်းတော့ စကားမပီသူအတွက် အခက်အခဲ လုံးဝဖြစ်စေတယ်။ နောက်ထပ်ဖြေမယ့် သိပ္ပံဆိုင်ရာ ဘာသာရပ်တွေမှာ ပိုခက်ခဲလာမယ်လို့ ယူဆတယ်” လို့လည်း ပြောပါတယ်။
မသန်စွမ်းကျောင်းသားတွေ စာမေးပွဲဖြေဆိုဖို့ စီစဉ်ပေးမှုအခြေနေနဲ့ပတ်သက်ပြီး ကလေးမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြင့်သိန်းက “ပညာရေးဌာန မူအတိုင်း သူတို့ ဖြေရမယ့် စာဖြေဌာနကို စာမေးပွဲ မဖြေခင် ကူဖြေပေးဖို့ ၁၀ ယောက်စားရင်းတောင်းတယ်။ အဲဒီထဲကမှ တကယ် လာနိုင်မယ့်သူကို ခေါ်ပေးမယ်။ ၉ တန်းကျောင်းသားတွေကို ကူခိုင်းတယ်။ အချိန်အတွက် သာမန်ကျောင်းသားတွေထက် နာရီဝက်လည်း ပိုပေးထားတယ်” လို့ဆိုပါတယ်။
ကလေးမြို့ ၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲမှာ စာဖြေဌာန (၁၅) ခုဖွင့်လှစ်ပြီး ကျောင်းသား/သူပေါင်း ၈၉၆၈ ဖြေဆိုနေတဲ့အထဲမှာ မသန်စွမ်းကျောင်းသား (၂) ဦးသာ ပါဝင်ပြီး တစ်ဦးက ဆွံ့အနားမကြားသူဖြစ်ပြီး တဦးကတော့ ခြေလက်အင်္ဂါ ချို့တဲ့ မသန်စွမ်းကျောင်းသူ ဖြစ်တယ်လို့ သိရပါတယ်။
မင်းရဲစစ်နိုင်










