DVB Logo
Home
မြန်မာသတင်း
ငပလီကမ်းခြေတွင် အများပိုင်မြေနေရာ ငှားရမ်းရောင်းစားမှုအပေါ် အရေးယူပေးရန် တိုင်ကြား
DVB
·
March 10, 2017
ငပလီကမ်းခြေတွင် အများပိုင်မြေနေရာ ငှားရမ်းရောင်းစားမှုအပေါ် အရေးယူပေးရန် တိုင်ကြား
Donate to DVB

 

ရခိုင်ပြည်နယ်၊ငပလီမြို့၊ ငပလီကမ်းခြေမှာရှိတဲ့အများပိုင် မြေဧရိယာကို ငှားရမ်းရောင်း စားထားတဲ့အပေါ် အရေးယူပေးဖို့ ခရိုင်နဲ့ ပြည်နယ်အစိုးရကို လက်မှတ်ထိုးကောက်ခံပြီး ဒီကနေ့ တိုင်းကြားလိုက်ပါတယ်။

ဆိုင်ခန်းပြုလုပ်ပြီး ကိုယ်အကျိုးအတွက် လူတစုကလုပ်ဆောင်နေသူတွေကို အရေးယူပေးဖို့ ပြည်နယ်အစိုးရ၊ ခရိုင်နဲ့ မြို့နယ် ထွေအုပ်တို့ကို လက်မှတ်ကောက်ခံပြီး တိုင်ကြားလိုက်ပြီလို့ သံတွဲတောင်သူ လယ်သမားသမဂ္ဂ ဒုဥက္ကဋ္ဌ ကိုညီလေးက ဒီဗွီဘီကိုပြောပါတယ်။

“အများပြည်သူပိုင်တဲ့ နေရာကိုဆိုင်ခန်းတွေလုပ်တယ်။ ကိုယ်ကျိုးအတွက် ငှားရမ်းရောင်းစား တယ်။ ဒီအပေါ်မှာ ကျနော်တို့ ဒေသခံတွေမကျေနပ်လို့ လက်မှာကောက်ခံတာပါ။ ကျနော်တို့ ဒီကနေ့ပဲ လက်မှတ် ကောက်ခံ ရရှိတာတွေ ပြည်နယ်အစိုးရ ဦးညီပုကိုပို့ လိုက်ပါပြီ၊ ပြီးတော့ ခရိုင်ထွေအုပ်ကို တိုင်ကြားထားပါတယ်။ လက်မှတ်ပေါင်းတော့ ၉၀ ကျော်ရရှိပါတယ်။ အခုငှားရမ်းရောင်းထားတဲ့ အပေါ်မှာဌာန ဆိုင်ရင်တွေအတော်များများ လက်မှတ်ထိုးကောက်ခံလို့ ရရှိထားတွေကို ပို့လိုက်ပြီ။ ဒီလိုကိုယ် အကျိုးအတွက်အများပြည် သူပိုင်နေရာကို လူတစုက ငှားရမ်းရောင်းစားထားတဲ့အပေါ် အရေးယူပေးဖို့ပါပဲ။”

အများပိုင်မြေနေရာကို ကျူးကျော်စော်ကားပြီး ဈေးဆိုင်ဆောက်လုပ်နေတာတွေကို ရပ်ကွက်နေသူတွေက မကျေမနပ်ဖြစ်နေကြတယ်လို့ ငပလီမြို့ ဇီးဖြူကုန်းကျေးရွာနေသူ ဦးစောနိုင်က ဒီဗွီဘီကိုပြောပါတယ်။

“အများက ပိုင်တဲ့မြေကြီးကို ကျူးကျော်စော်ကားပြီးတော့ ဈေးဆိုင်တွေ ဆောက်တာတွေကို ကျနော်တို့ရပ်သူရွာသားတွေ လုံးဝမကျေနပ်ပါဘူး။ ကျနော်လက်ထဲမှာလည်း ရှိနေပါတယ်။ အများနဲ့ပတ်သက်တဲ့ တိုင်ကြားဖို့အတွက် အကုန်လုပ်ထားပြီးသားပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ ရပ်ကွက်က မကျေနပ်တာတွေ သူတို့ လုပ်ထားတဲ့အတွက်ကြောင့် အများမြေဖြစ်တဲ့အတွက်ကြောင့်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းကျော်ကိုယ်တိုင် သူတို့ကို လုပ်ပိုင်ခွင့်တွေပေးထားလို့ လုပ်တယ်လို့ မြင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ရပ်သူရွာသားတွေကို အသိမပေးခဲ့ပါဘူး။ အခုလိုပိတ်ဆို့ပြီး ဆိုင်ခန်းတွေဆောက်ပြီး ငှားရမ်းရောင်းစားထားတဲ့အပေါ်မှာ မရှိဆင်းရဲသားတွေအနေနဲ့ လုပ်စားဖို့ အခွင့်အလမ်းမရှိတော့တဲ့ အခြေအနေဖြစ်လာတယ်။” လို့ သံတွဲတောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဒီဗွီဘီကိုပြောပါတယ်။

“ကျနော်တို့ ကျေးရွာထဲမှာ တကယ့်မရှိဆင်းရဲ သားတွေရှိပါတယ်။ ငါးလေးကင်ပြီးရောင်း၊ ပုဇွန်လေး ကင်းပြီးတော့ရောင်း၊ ပြီးတော့ ဧည့်သည်တွေလာတဲ့အချိန်မှာ အုန်းသီးတွေခွဲ ရောင်းချပြီးတော့ မိုးစာအတွက် နွေစာရှာတဲ့ မိသားစုတွေ၊ ဒီမိသားစုတွေ လုပ်ကိုင်းစားသောက်တဲ့နေရာကို ဒီလိုပိတ်ဆို့ပြီး လုပ်လိုက်တဲ့အတွက် ကျနော်တို့ ကျေးရွာသူ/သား မရှိဆင်းရဲသားတွေ အင်မတန်မှ အဆင်မပြေမှုတွေဖြစ်လာမယ်။ နောက်ဆုံး ငတ်မွတ်ခေါင်းပါးအထိ ဖြစ်ဖို့ မြင်ယောင်နေပါတယ်။”

အများပိုင် မြေဧရိယာကို အခုလိုလုပ်လိုက်တာဟာ စည်းကမ်းထိန်းသိမ်းမှုတခုအနေနဲ့ လုပ်ဆောင်တာလို့ ငပလီမြို့ ဇီးဖြူကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းကျော်က ဒီဗွီဘီကိုပြောပါတယ်။

“ဒီနေရာမှာ ဒီအတိုင်းထားရင် အများသူငါလည်း အပေါ့အလေးတွေ အလွယ်တကူ သွားတယ်၊ ပြီးတော့လည်း စည်းကမ်း ထိန်းသိမ်းမှုလည်းမရှိ။ နောက်ပြီး ပတ်ဝန်ကျင်လူတွေကလည်း ထိုင်ကြတယ်။ လာပြီးတော့ အရက်တွေ သောက်တယ်။ ဘီယာတွေသောက်တယ်။ အဲဒါပြီးရင် ပုလင်းတွေ ဒီအတိုင်စွန့် ပစ်ခဲ့တယ်။ Public ဧရိယာမှာ အမှိုက်သရိုက်တွေ ပစ်တာကြောင့် စည်းကမ်းထိမ်းသိမ်းမှု တခုဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ ကျနော်တို့ အစည်းအဝေမှာ ဆုံးဖြတ်တဲ့အတွက်ကြောင့်ပါ”

အခုလို အများပြည်သူပိုင်တဲ့နေရာကို ငှားရမ်းရောင်းစားထားတဲ့အပေါ် သံတွဲစည်ပင်သာယာရေးနဲ့ ဘာမှမသက်ဆိုင်သလို အခုလို ဆိုင်ခန်းတွေဆောက်ဖို့ ဘာမှ အသိပေးတာမျိုး မရှိဘူးလို့ သံတွဲမြို့စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးလှဖိုစံက ဒီဗွီဘီကိုပြောပါတယ်။

“Public မြေဧရိယာနဲ့ပတ်သက်လို့ ပြောရရင်တော့ အစိုးရအဖွဲ့ကနေပြီးတော့ မြို့နယ်ထွေအုပ်တို့ ခရိုင်ထွေအုပ်တို့ တာဝန်ပေးလိုက်တယ်လို့ ကျနော်တို့ သိရတယ်။ ကျနော်တို့ကို အဲဒီကိစ္စနဲ့ပတ်သက်လို့ ဘာမှ မပြောဘူး။ ကျနော်တို့နဲ့ ဘာမှမပတ်သက်ဘူး။ ဘာမှ အသိပေးတာမရှိဘူး။ ဝင်လဲမစွက်ဖက်ဘူး။”

အဲဒီကွင်းဟာ အရှည် ၁၉၀ အနံ ၁၂၅ ပေ ရှိပြီးတော့ အဲဒီမှာ ကလေးအားကစားကွင်း၊ ဘောလီဘော စတဲ့ ကစားကွင်းတခုဖြစ်ခဲ့ပြီး မကြာသေးခင်က သက်ဆိုင်ရာ တာဝန်ရှိသူ တွေက အများပြည်သူ အပန်းဖြေနေရာ အဖြစ်ကို ပြောင်းလဲလွှဲအပ်ပေးတာပါ။

အခုလို အများပိုင်နေရာကို ကိုယ်ကျိုးအတွက် ငှားရမ်းရောင်းထားတဲ့အပေါ် မြို့နယ်ထွေအုပ်ကို ဒီဗွီဘီက ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် မရရှိခဲ့ပါဘူး။

သတင်း၊ ဓာတ်ပုံ-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013