DVB Logo
Home
မြန်မာသတင်း
ပန်းရောင်းသည့်ကလေးငယ် ၂ ဦး ပလက်ဖောင်းပေါ်အိပ်နေစဉ် စစ်တပ်ဆီသယ်ကားတိုက်မိ သေဆုံး
DVB
·
March 10, 2017
Donate to DVB

တောင်ငူခရိုင် ရေတာရှည်မြို့နယ်မှာ ဒီနေ့ မနက်ပိုင်းက ပန်းရောင်းတဲ့ ကလေးငယ် ၂ ဦး ပလက်ဖောင်းပေါ်အိပ်နေစဉ်  တပ်မတော်ဆီသယ်ယာဉ်တိုက်မိတဲ့အတွက် သေဆုံးသွားခဲ့ပါတယ်။

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် ဆွာမင်းလမ်းကျေးရွာအုပ်စု မှန်စီကျေးရွာအနီးရှိ ဆွာတိုးဂိတ်မှာ ဒီနေ့ ၆ နာရီကျော်က လမ်းဟောင်းအတိုင်း နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မိထ္ထီလာမြို့ စက်သုံးဆီထိန်းသိမ်းရေးတပ်ခွဲက ယာဉ်မောင်းဒုတပ်ကြပ်မျိုးမြင့်အေး မောင်းနှင်လာတဲ့  နီဆန်း ၁၀ ဘီးဆီသယ်ဘောက်ဆာယာဉ်ဟာ တိုးဂိတ်အရောက်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းရဲ့ ယာဘက်ဘေးပလက်ဖောင်းကို ကျော်တတ်ကာ ရပ်ထားတဲ့ ဆိုင်ကယ်ကိုတိုက်မိပြီး လမ်း အနောက်ဘက်ခြမ်းရှိ ဝန်ထမ်းအိမ်ယာခြံစည်းရိုးကို ထပ်မံတိုက်မိ ရပ်တန့်သွားခဲ့တာပါ။

“မနက် ၆ နာရီကျော်လောက်ကဖြစ်တာပါ။ ပလက်ဖောင်းပေါ်မှာက ဒီဂိတ်မှာ ပန်းရောင်းတဲ့ ခလေး ၃ ယောက်အိပ်နေတာ၊ တယောက်ကတော့ လန့်နိုးပြီး ထပြေးတော့လွတ်သွားတယ်။ နှစ်ယောက်ကတော့ အခင်းဖြစ်နေရာမှာဘဲ သေဆုံးသွားတယ်။ ကားကဘရိတ်ပေါက်တာလို့လဲ ပြောတယ်”လို့ မှန်စီကျေးရွာ နာရေးကူညီမှုအသင်းမှ ကိုဝင်းနိုင်က ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် အသက် ၁၃ နှစ်အရွယ် ပန်းရောင်းတဲ့ မောင်မောင်ဝေ ရဲ့ နားသွေးထွက် ဒဏ်ရာနဲ့ လက်မောင်းစုတ်ပြဲဒဏ်ရာ၊ အသက် ၁၁ အရွယ် မောင်ဆန်းရဲ့ လက်ကောက်ဝတ် ကျိုးကြေဒဏ်ရာနဲ့ ဝဲဘက်ခြေဖမိုးစုတ်ပြဲဒဏ်ရာတို့ ရရှိခဲ့ပြီး သေဆုံးသွားခဲ့ပါတယ်။

ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး အခုလို လူသေဆုံးအောင် ယာဉ်ကို မဆင်မခြင်မောင်းနှင်တဲ့ ယာဉ်မောင်း ဒုတပ်ကြပ်မျိုးမြင့်အေးကို ဆွာနယ်မြေရဲစခန်းမှ ယာဉ်(ပ)၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-ကနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း - သားကြီး(တောင်ငူ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013