DVB Logo
Home
မြန်မာသတင်း
သင်္ကြန်ကာလတွင် အဝေးပြေးကားလက်မှတ်နှုန်းထားတခု တိုးမြှင့်သတ်မှတ်ပေးရန် တောင်းဆို
DVB
·
March 10, 2017
Donate to DVB

သင်္ကြန်ကာလမှာ အဝေးပြေးကားလက်မှတ်ခတွေ နှုန်းထားတခု တိုးမြှင့်သတ်မှတ်ပေးဖို့ အဝေးပြေးယာဉ်လိုင်းပိုင်ရှင်တွေက တိုင်းအစိုးရကို တောင်းဆိုထားပါတယ်။

နှစ်စဉ် သင်္ကြန်ကာလအတွင်း အဝေးပြေးကားလက်မှတ်ခတွေ ဈေးနှုန်း အဆမတန် မြင့်တက်နေမှုကို ထိန်းချုပ်ဖို့အတွက် သင်္ကြန်တွင်းကာလ အဝေးပြေး ကားလက်မှတ်ခတွေ နှုန်းထားတခု တိုးမြှင့်သတ်မှတ်ပေးဖို့ အဝေးပြေး ယာဉ်လိုင်းပိုင်ရှင်တွေက တိုင်းအစိုးရကို တောင်းဆိုထားပါတယ်။

မတ်လ ၇ ရက်နေ့က သင်္ကြန်ကာလ လက်မှတ်ဈေးနှုန်း တိုးမြှင့်ကောက်ခံမှု မရှိစေဖို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်မှု အာဏာပို်င်အဖွဲ့နဲ့ အဝေးပြေးယာဉ်လိုင်းပိုင်ရှင်တွေ  ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှာ ဆွေးနွေးခဲ့ကြပြီး ဒီဆွေးနွေးပွဲမှာ ယာဉ်လိုင်းပိုင်ရှင်တွေဘက်က တောင်းဆိုလိုက်တာပါ။

“မနေ့က တိုင်းအစိုးရ အစည်းအဝေးမှာ နှစ်ချက် တင်ပြတယ်။ ကျနော်တို့ကို ဈေးနှုန်း ဘယ်လို သတ်မှတ်ချက် ပေးမလဲ။ ဘယ်လို ပံ့ပိုးမှုပေးမလဲ။ ဒီနှစ်ချက်ပေါ့။ ဘယ်လိုမျိုး သတ်မှတ်ချက်ပေးမလဲဆိုတာ သဘောက မနေ့က ညှိနှိုင်းတယ်။ ဥပမာ ရန်ကုန်-ပြည် လက်ရှိကားခက ၅၀၀၀။ အဲဒါဆိုရင် သင်္ကြန်ရက်မှာ ကားတွေ တိုးပြေးရတယ်။ တိုင်းအစိုးရအဖွဲ့က ပုဂ္ဂိုလ်တွေလည်း သိတာပဲ။ ဒီလိုမျိုး ကျနော်တို့ လုပ်ငန်းရှင်တွေဘက်ကလည်း တခြမ်းကောင်းနဲ့ အလွတ်နဲ့ ပြန်လာရတယ်။ ဒီ့အတွက် ဈေးမကိုက်ဘူး ဆိုတာလည်း သိတယ်။ အဲဒီအတွက် ကျနော်တို့က မနေ့က ညှိနှိုင်းတာ။ ရန်ကုန်-ပြည် လက်ရှိ ၅၀၀၀ ဆိုရင် ၅၀ ရာခိုင်နှုန်းတိုးပြီး ၇၅၀၀ နဲ့ ရောင်းပေးမယ်ဆိုရင် ခရီးသည်တွေအတွက်လည်း လက်ခံနိုင်တဲ့နှုန်း၊ လုပ်ငန်းရှင်တွေလည်း ကိုက်တဲ့နှုန်း ဖြစ်မယ်” လို့ ကုန်းလမ်းပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးမြင့်နိုင်က ပြောပါတယ်။

ဒီလိုဈေးနှုန်းတခု သတ်မှတ်ပေးဖို့ တောင်းဆိုရတာဟာ သင်္ကြန်ကာလအတွင်းမှာ ကားလုံလောက်အောင် ပြေးဆွဲပေးနိုင်ဖို့နဲ့ အောက်ဆိုက် ကြားကားတွေ ပြေးဆွဲခွင့်မရအောင် တောင်းဆိုရတာ ဖြစ်တယ်လို့ ယာဉ်လိုင်းပိုင်ရှင်တွေက ဆိုပါတယ်။ ယာဉ်လိုင်းပိုင်ရှင်တွေရဲ့ တောင်းဆိုချက်ကို တိုင်းအစိုးရအဖွဲ့က ဒီလအတွင်းမှာ ပြန်လည်အကြောင်းပြန်ပေးမယ်လို့ ဆိုပါတယ်။

“မများသော ဈေးနှုန်းပေါ့။ ဥပမာ ၅၀၀၀ ရောင်းတဲ့လက်မှတ်ကို ၁ သောင်းဖြစ်မသွားဖို့တော လိုအပ်တယ်။ နှစ်ဆ ပေးရတယ်ဆိုတဲ့ အစဉ်အလာတော့ မဖြစ်စေချင်ပါဘူး။ အဲဒီအတွက် ၅၀၀၀ ပေးရတဲ့ လက်မှတ်ကို ၇၀၀၀ ဖြစ်စေ၊ ၇၅၀၀ ဖြစ်စေဆိုရင် သင့်တော်မယ်လို့ ထင်ပါတယ်။ အန်တီတို့ကလည်း အဲဒီလောက်ပဲ စိတ်ကူးထားပါတယ်။ ၁၀၅၀၀ ရောင်းတဲ့ လက်မှတ်ကို ၁၂၅၀၀ ရောင်းရင် သင့်တင့်မယ်လို့ အန်တီ ထင်ပါတယ်။ အန်တီတို့ ထင်တာကတော့ ဒီတပတ်၊ နှစ်ပတ်အတွင်းမှာတော့ သူတို့ ဖြစ်နိုင်အောင် အကြောင်းပြန်မှာပါ။ ဘာလို့လဲဆိုတော့ အားလုံးက စိုးရိမ်နေပြီးတော့ အဆင်ပြေပြေနဲ့ ခရီးသည်တွေ သွားလာနိုင်ရေးအတွက်ပဲ ကြိုတင်စိတ်ပူပြီးတော့ ပြင်ဆင်နေကြပါပြီ” လို့ ကုန်းလမ်းပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်တိုးမြင့်က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အဝေးပြေးကားယာဉ်လိုင်းပေါင်း ၄၂၃ လိုင်း ရှိပါတယ်။ ယာဉ်လိုင်းပိုင်ရှင်တွေဘက်က တောင်းဆိုထားတဲ့ သတ်မှတ်နှုန်းထားဟာ သင်္ကြန်ကာလအတွင်းသာ ဖြစ်ပြီး သင်္ကြန်ကာလ ပြီးဆုံးပါက မူလဈေးနှုန်းအတိုင်းသာ ပြန်လည်ရောင်းချသွားမှာပါ။

သတင်း - ပြည့်ဘုန်းအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013