DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲမဲစာရင်း သိကြားမင်းဆင်းကောက်တောင် အမှန်ရနိုင်မှာမဟုတ်ဟု ကော်မရှင်ဥက္ကဋ္ဌပြော
DVB
·
March 10, 2017
Donate to DVB

ရွေးကောက်ပွဲ မဲစာရင်းတွေကို သိကြားမင်း ဆင်းကောက်ရင်တောင် အမှန်ရနိုင်မှာ မဟုတ်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွေကို တအိမ်တက်ဆင်း ပုံစံနဲ့ လိုက်လံကောက်ယူထားပေမယ့် အချို့မဲဆန္ဒနယ်မြေတွေရဲ့ အခြေအနေတွေက သိကြားမင်း ဆင်းကောက်ရင်တောင် အမှန်ရနိုင်မှာ မဟုတ်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက မတ်လ ၇ ရက်နေ့က အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။

“ဥက္ကဋ္ဌက Door to Door လုပ်ဆောင်ရင် မဲစာရင်းမှန်မယ်ဆိုပြီး ပြောပေမယ့် မမှန်ဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့လုပ်နေတဲ့ အလုပ်က ဥပမာ ထားပါ၊ လှိုင်သာယာလိုမျိုး။ ကျနော်တို့ သွားတယ်။ သူတို့က လုပ်ငန်းခွင်ကို ၇ နာရီမတိုင်ခင် ကတည်းက အိမ်က ထွက်သွားတယ်။ ကျနော်တို့ သွားတာက ၉ နာရီ။ ဥပမာ ပြောတာပါ။ ၄ နာရီလောက်ဆို သိမ်းပြီ။ သူတို့က ၆ နာရီလောက်မှ အိမ်ပြန်တယ်။ ဘယ်လိုလုပ် ဒီလူတွေကို ကျနော်တို့က ရုံးချိန်ကြီးမှာ သူ့အိမ် ထိုင်စောင့်နေပါဆိုပြီးတော့လည်း ကျနော်တို့က ပိုက်ဆံပေးထားတဲ့လူလည်း မဟုတ်။ လခပေးထားတဲ့လူလည်း မဟုတ်။ အကူအညီပေးဖို့တောင်းထားတဲ့လူမှာ ထိုက်သင့်တဲ့ ထောက်ပံ့မှုပဲ ပေးထားတယ်။ လုပ်အားနဲ့ တန်တာ မတန်တာ အဓိကမထားဘူး။ အဲဒီတော့ ဒီလူတွေဟာ ဒီနေရာမျိုးတွေမှာ မဲစာရင်း မှန်ကန်ဖို့ဆိုတာ သိကြားမင်း ဆင်းကောက်တာတောင် မှန်မှာ မဟုတ်ဘူး။”

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအပေါ် ပြည်သူတွေ တုံ့ပြန်မှုက ထင်ထားသလောက် အားရစရာအခြေအနေမှာ မရှိသလို မြို့နယ် ကော်မရှင်တွေတိုင်းမှာ ဝန်ထမ်း ၅ ဦးသာ ရှိတဲ့အတွက် မဲဆန္ဒရှင် အသိပညာပေးရေး လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေကိုသာ အားကိုးနေရတယ်လို့ သူက ဆက်ပြောပါတယ်။

“ဦးစီးမှူး၊ ဒုဦးစီးမှူး၊ အကြီးတန်းစာရေး၊ အငယ်တန်းစာရေး၊ ရုံးအကူ၊ ၅ ယောက်ပဲ ရှိတယ်။ မြို့နယ်တခုမှာ သောင်းဂဏန်း၊ သိန်းဂဏန်းရှိတဲ့ မြို့နယ်မှာ ဒီ ၅ ယောက်က ဘယ်လိုလုပ် ပညာပေးရမလဲ။ ဘယ်လို ပညာပေးနိုင်မလဲ။ ပြီးတော့ ကော်မရှင်လုပ်ငန်းစဉ်က ရုံးလုပ်ငန်းစဉ်တွေနဲ့ တွဲလုပ်နေရတာ။ ဒီ ၅ ယောက်နဲ့ အသိပညာပေးလုပ်ငန်းဖြစ်ဖို့က စိတ်ကူးယဉ်တာပဲ ဖြစ်မယ်။ အကောင်အထည်မပေါ်ဘူး။”

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွေကို ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ကြေညာခဲ့ပေမယ့် လာရောက်ကြည့်ရှုသူ ၁၂ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။ ဒါကြောင့် မတ်လ ၁၇ ရက်နေ့မှာ ဒုတိယအကြိမ် မဲစာရင်းတွေ ကပ်တဲ့အခါ လာရောက်ကြည့်ရှုဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိုက်တွန်းလိုက်ပါတယ်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် ကိုယ်စားလှယ်လောင်း ၉၆ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013