DVB Logo
Home
Lead Story
Myanmar Crown မြန်မာ့သရဖူ
DVB
·
March 10, 2017
Myanmar Crown မြန်မာ့သရဖူ
Donate to DVB

 

တို့တာဝန်အရေးသုံးပါးအောက်မှာ လောက်ကိုင် တိုက်ပွဲဖြစ်လာတော့ အသုံးများလာတဲ့ ဝေါဟာရ အချုပ်အခြာအာဏာ Sovereignty ကို အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ထားပါတယ်။

(က) Supreme power or authority အမြင့်ဆုံးပါဝါ သို့မဟုတ် အာဏာရှိခြင်း။ ဆင်တူယိုးမှား ဝေါဟာရတွေကတော့ Jurisdiction,  စီရင်ပိုင်ခွင့်နယ်မြေ၊ Rule အုပ်စိုးမှု၊ Supremacy အထွတ်အထိပ်ဖြစ်မှု၊ Dominion ဒိုမီနီယန်၊ Power ပါဝါ၊ Ascendancy ဆက်ခံပိုင်ခွင့်၊ Hegemony တဖက်သားအပေါ် လွှမ်းမိုးမှု၊ Domination စိုးမိုးမှု၊ Authority သြဇာအာဏာ၊ Control ထိန်းချုပ်မှု၊ Influence လွှမ်းမိုးမှုတွေ ဖြစ်ပါတယ်။

(ခ) The authority of a state to govern itself or another state တိုင်းပြည်တခုကို အုပ်ချုပ်ပိုင်ခွင့် သို့မဟုတ် တခြားတိုင်းပြည်ကို အုပ်ချုပ်ပိုင်ခွင့်။ ဆင်တူယိုးမှား ဝေါဟာရတွေကတော့ Autonomy ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ Independence လွတ်လပ်ရေး၊ Self-government ကိုယ်ပိုင်အစိုးရ၊ Self-rule ကိုယ့်အုပ်ချုပ်ရေး၊ Home rule ဟုမ်းရူးလ်၊ Self-determination ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်၊ Freedom လွတ်လပ်မှုတွေ ဖြစ်တယ်။

(ဂ) A self-governing state ကိုယ်ပိုင်အုပ်ချုပ်အာဏာလို့လည်း ဆိုပါတယ်။

အလွယ်ပြောရရင် ပြင်ပကနေ ဝင်ရောက်စွက်ဖက်ခွင့်မရှိတဲ့ မိမိတိုင်းပြည်ကို မိမိဘာသာ စီမံအုပ်ချုပ်ခွင့် ဖြစ်တယ်။ နိုင်ငံရေးသီအိုရီအရ တစုံတခုကနေ တခြားအရာတွေအပေါ်မှာ စီမံပိုင်အုပ်ချုပ်ခွင့် အပြည့်အဝရှိတာ ဖြစ်တယ်။ ဝက်စ်ဖားလီယန် မော်ဒယ်လို့လည်း ခေါ်ပါတယ်။ Westphalian sovereignty ဆိုတာ နိုင်ငံတခုဟာ သေးသေး ကြီးကြီး ကိုယ့်တရားဝင်ပိုက်နက်ကို ကိုယ့်ဘာသာ၊ ပြည်တွင်းရေးမှာ ပြင်ပက စွက်ဖက်မှုမပါဘဲ အုပ်ချုပ်နိုင်ခြင်းမှာ နိုင်ငံတကာဥပဒေအရ အညီအမျှဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအယူအဆဟာ နှစ်သုံးဆယ် စစ်ပွဲကြီးအပြီး၊ ၁၆၄၈ မှာ သဘောတူခဲ့တဲ့ Peace of Westphalia အရ ဖြစ်တာပါ။ မြင့်မြတ်သော ရောမအင်ပါယာ၊ စပိန်၊ ပြင်သစ်၊ ဆွီဒင်နဲ့ ဒတ်ခ်ျသမ္မတနိုင်ငံတွေက လက်မှတ်ရေးထိုးခဲ့ကြတယ်။

ရောမခေတ်တုန်းက Imperium အာဏာကို လူတွေကနေ အင်ပါယာ(ဧကရာဇ်)ကို အပ်နှင်းထားတယ်။ အင်ပါယာကို ဘယ်ဥပဒေကမှ လွှမ်းမိုးလို့မရဘူး။ သူ့ပါးစပ်က ထွက်တာ ဥပဒေပဲ။ ဘာလုပ်လုပ် လုပ်နိုင်တယ်။ Absolute monarchy မြန်မာ သက်ဦးဆံပိုင်ဘုရင်တွေလိုမျိုး ဖြစ်တယ်။

အလယ်ခေတ်မှာ အုပ်စိုးရသူတွေမှာ အင်ပါယာလောက် အာဏာမရှိကြဘူး။ သူတို့ရဲ့ အာဏာတချို့ကို မြေပိုင်ရှင် မှူးကြီးမတ်ကြီးတွေနဲ့ ခွဲယူထားတယ်။ ဓလေ့ထုံးတမ်းတွေကနေလည်း ချုပ်ထားခံရတယ်။ သာမန်လူတွေမှာ တဦးချင်းမှာ ရွေးချယ်ခွင့် အထိုက်အလျောက် ရလာကြတယ်။

ပြုပြင်ပြောင်းလဲရေးခေတ်ဆိုတာ ၁၆ ရာစုနောက်ပိုင်းမှာ ဖြစ်ထွန်းလာတယ်။ ပြည်တွင်းစစ်တွေကြောင့် ဗဟိုအာဏာ လိုအပ်ချက်ကြောင့် ဧကရာဇ် အုပ်စိုးရသူတွေမှာ အာဏာပိုရလာတယ်။ ခေတ်မီပုံစံဘက်ကို ယိမ်းလာနေပြီ။

ပွင့်လင်းလာတဲ့ခေတ်မှာ ဥပဒေအရအုပ်ချုပ်ခွင့် ဖြစ်လာပြီ။ ဆိုရှယ်ကွန်ထရက် ဆိုတာ ပေါ်လာပြီ။ ဟုဘ်စ်တို့၊ ရူးဆိုးတို့က နာမည်ကြီးကြတယ်။ ဒီဖက်တို (De facto) ဥပဒေနဲ့အညီ အုပ်ချုပ်ခြင်းနဲ့  ဒီဂျူရီ (De Jure) ဥပဒေအရ မဟုတ်ဘဲ အုပ်ချုပ်ခြင်းရယ်လို့ ခွဲခြားလာပြီ။ တိုင်းပြည်တခုရဲ အချုပ်အခြာအာဏာ ရှိတာကို လွတ်လပ်မှုရှိတယ်လို့ ဆိုလိုနိုင်ပေမယ့် အဲဒီအာဏာကို တရားဥပဒေအရသာ ခံပိုင်ခွင့် ရှိတယ်။

ပြည်တွင်းအချုပ်အခြာအာဏာ ဆိုတာ အုပ်ချုပ်သူနဲ့ အုပ်စံခံရသူတွေကြား ဆက်ဆံရေးကို ပြောတာ။ နောက်ပိုင်းမှာ အာဏာခွဲဝေမှု ဖြစ်လာတာမျိုး။ ဘုရင်၊ လူထု၊ လွှတ်တော်။ ပြင်ပအချုပ်အခြာအာဏာဆိုတာ တခြားနိုင်ငံတွေအပေါ်မှာ အုပ်စိုးခွင့် ဖြစ်တယ်။ နိုင်ငံတကာဥပဒေအရ အချုပ်အခြာအာဏာဟာ တိုင်းပြည်ပိုင်နက် ပထဝီ ရေ မြေထဲမှာ တိုင်းပြည်ရေးရာတွေကို အပြည့်အဝ ထိန်းချုပ်ခွင့်ရှိတယ်။ ပြည်ပနေ အစိုးရတွေ ဖြစ်ကြတဲ့ ဒုတိယကမ္ဘာစစ်အတွင်းက နော်ဝေ၊ နယ်သာလင်၊ ချက်ကိုဆလိုဗက်ကီးယား အဝေးရောက်အစိုးရတွေဟာ အဲဒီအယူအဆကို ငြင်းဆန်ခဲ့ကြတယ်။

Federation (ဖက်ဒရေးရှင်း) ဆိုတာက တိုင်းပြည်ကြီးတခုထဲမှာ အငယ်စား တိုင်းပြည်တွေမှာ သီးခြားလွတ်လပ်မှုကိုယ်စီ ရှိကြတယ်။ နိုင်ငံမဟုတ်တဲ့ စတိတ်တွေလည်း ရှိတယ်။ လူမျိုးစု၊ ယဉ်ကျေးမှု၊ သမိုင်းတွေအရ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် တောင်းကြတယ်။ ရတာတွေလည်း ရကြတယ်။

ဥရောပမှာ ဘုရင်တွေနဲ့ ခရစ်ယာန်အာဏာပိုင်တွေဟာ The divine right of kings ဘုရားသခင်က ပေးတော်မူထားတဲ့ အုပ်ချုပ်ခွင့်အာဏာကို အကြီးအကျယ် ပုံဖော်ထားခဲ့တယ်။ အင်္ဂလန်ဘုရင် ပထမဂျိမ်းစ် (၁၆ဝ၃-၁၆၂၅) လက်ထက်ကနေ စခဲ့တယ်။ ၁၆၈၈-၈၉ Glorious Revolution တော်လှန်ရေးကြောင့် မှေးမှိန်သွားတော့တယ်။ ပြင်သစ် လူဝီ-၁၄ ဘုရင်ဟာလည်း အဲဒီ ဘုရားသခင် ပေးတော်မူတယ် ဆိုတာနဲ့ အတော်ကြီး အမြတ်အစွန်း ရခဲ့တယ်။ အမေရိကန် တော်လှန်ရေး (၁၇၇၅-၈၃)၊ ပြင်သစ်တော်လှန်ရေး (၁၇၈၉) နဲ့ နပိုလီယန် စစ်ပွဲတွေကြောင့် အဲဒီအာဏာ အတုအယောင်တွေ လုံးပါးပါးသွားတော့တယ်။

ခေတ်ပြောင်းလာနဲ့အမျှ အာဏာကို တဦးတည်း လက်ထဲမှာ ထားတာ၊ ဆွေစဉ်မျိုးဆက် ဆက်ခံတာ၊ ထိပ်ဆုံးက ဒိတ်ဒိတ်ကြဲတွေချည်းသာ ခွဲယူထားကြတာတွေကနေ တဖြည်းဖြည်းနဲ့ တရားဥပဒေနဲ့ ကန့်သတ်တာ၊ အဲဒါကိုလည်း လိုအပ်ချက်တွေအရ ထပ်ပြီး ခွဲဝေပေးရတာတွေ ဖြစ်ဖြစ်လာနေတယ်။ တရားဥပဒေ ဆိုတာမှာလည်း အာဏာကို ငမ်းငမ်းတက်သူတွေက ဖွဲ့စည်းပုံကအစ အလိုကျ မရ ရအောင် ရေးတာမျိုးက ၂၁ ရာစုထဲမှာပါ ရှိနေသေးတယ်။

မြန်မာနိုင်ငံက ၂ဝဝ၈ အခြေခံဥပဒေမှာ ၁၉၆၂ ကနေ စလာခဲ့တဲ့ စစ်တပ်က ပေးတဲ့ အုပ်ချုပ်ခွင့်အာဏာပုံစံသာ အခုထိ ဆက်ရှိနေသေးတယ်။ ဆက်ခံပိုင်ခွင့်ကိုလည်း ပုဒ်မ ၅၉(စ)နဲ့ ပိတ်ပင်ထားတယ်။ ထာဝရဘုရား ပေးထားတယ် ဆိုတာတောင် ပျက်သုဉ်းသွားခဲ့ပါပြီ။ ဘာသာရေး အဆုံးအ မတည်တယ်ဆိုရင် (အရာဟူသမျှသည် အတ္တ မဟုတ်၊ ငါမဟုတ်၊ အနှစ်အသားမရှိ၊ မိမိအလိုအတိုင်း မဖြစ်) ဆိုတဲ့ အနတ္တတရား (အစိုးမရတရား) အထက်မှာ အဲဒီလိုအစိုးရမျိုး မရှိသင့်ပါ။

Dominions (ဒိုမီနီယန်) ဆိုတာကို မြန်မာနိုင်ငံက မစိမ်းပါ။ ဗြိတိသျှ ကိုလိုနီလက်ထက်မှာ လွတ်လပ်ရေးမပေးခင်က ဒိုမီနီယန်အဆင့် ပေးဖို့ ကြိုးပမ်းခဲ့သေးတယ်။ တစိတ်တပိုင်း လွတ်လပ်ရေးသဘော ဖြစ်တယ်။ လက်ခံခဲ့တဲ့ နိုင်ငံတွေက ကနေဒါ၊ သြစတေးလျ၊ ပါကစ္စတန်၊ အိန္ဒိယ၊ စီးလုံ(သီရိလင်္ကာ)၊ နယူးဇီလန်၊ တောင်အာဖရိကနဲ့ အိုင်းရစ် ဖရီးစတိတ်တွေ ဖြစ်ကြတယ်။ အဲဒီနိုင်ငံတွေအားလုံးဟာ British Crown ဗြိတိသျှသရဖူအောက်မှာသာ ရှိကြတယ်။ ကနေ့ မြန်မာပြည်ဟာ ၂ဝဝ၈ သရဖူအောက်မှာသာ ရှိတယ်။

ဒေါက်တာတင့်ဆွေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013